tax-stamp-restaurant-myanmar-yangon

လေးကြိမ်တိုင် အခွန် ပြေစာ တံဆိပ် မကပ်တဲ့ စားသောက် ဆိုင်တွေကို တရားစွဲဆိုဖို့ ဥပဒေအရာရှိတွေနဲ့ တိုင်ပင်နေတယ်လို့ ပြည်တွင်း အခွန် များဦးစီးဌာနက သိရပါတယ်။
လက်ရှိမှာ တရားစွဲဖို့ ဥပဒေအရာရှိတွေနဲ့ တိုင်ပင်နေတာဖြစ်ပြီး လာမယ့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစပြီး အခွန်ပြေစာ အမှတ် တံဆိပ် တစ်ကြိမ်မကပ်တဲ့ ဆိုင်တွေကိုလည်း ဒဏ်ကြေးမဟုတ်တော့ဘဲ တရားစွဲဆိုတာပါလုပ်သွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှုးတစ်ဦးက ပြောပါတယ်။
စားသောက်ဆိုင်တွေရဲ့ ငွေရှင်းပြေစာတွေမှာ ကျသင့်ငွေရဲ့ ၅ ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ်နဲ့ ထည့်သွင်းကောက်ခံ ထားပြီးဖြစ်တာကြောင့် အခွန်ပြေစာ အမှတ် တံဆိပ် မဖြစ်မနေ ကပ်ရမယ်လို့ ပြည်တွင်း အခွန် များဦးစီးဌာနက ညွှန်ကြားရေးမှုးတစ်ဦးက ပြောပါတယ်။
“စားသောက် ဆိုင်တွေက အခွန်ကောက်ခံပြီးသားတွေကို နည်းမျိုးစုံနဲ့ ရှောင်နေကြတယ်။ စားသုံးသူကကပ်ခိုင်းမှ အခွန် တံဆိပ် ကပ်ကြတာတွေလည်းရှိတယ်”လို့ ပြည်တွင်းအခွန်က လက်ထောက်ညွှန်ကြားရေးမှုးက ပြောပါတယ်။

စားသောက် ဆိုင်၊ဟိုတယ်နဲ့ တည်းခိုခန်းတွေရဲ့ ငွေရှင်းပြေစာတွေမှာ ကုန်သွယ်လုပ်ငန်းခွန် တံဆိပ် ကပ်နှိပ်ဖို့ ပညာပေး လုပ်ငန်းတွေကို ၂၀၁၄ နှစ်ကုန်ကစတင်ခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန်အမှတ် တံဆိပ် မကပ်တဲ့ စားသောက် ဆိုင်တွေကို ၂၀၁၅ မေလ ကစလို့ ဒဏ်ကြေးပေးဆောင်စေခဲ့ပါတယ်။
အခွန် တံဆိပ် ကပ်ဖို့ တစ်ကြိမ်ပျက်ကွက်ပါက ကျပ်နှစ်သိန်း၊ နှစ်ကြိမ်ပျက်ရင် ငါးသိန်း၊သုံးကြိမ်ပျက်ရင် ကျပ် ခုနစ်သိန်းနဲ့ သုံးကြိမ်အထက်ပျက်ကွက်ရင် ကျပ်၁၀ သိန်းအထိ ဒဏ်ရိုက်ရမယ်လို့ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေမှာ ပြဌာန်းထားပါတယ်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တစ်နှစ်လုံးမှာ အခွန် တံဆိပ် မကပ်တဲ့ ရန်ကုန်တိုင်းက စားသောက် ဆိုင် ၂၆၄ ဆိုင်ကို ဒဏ်ရိုက်ခဲ့ရာမှာ ဒဏ်ကြေးငွေကျပ်သိန်း ၇၂၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။
Source : 7DayDaily
Photos : Wai Linn
Credit: Duwun