အမေရိကန်သမ္မတ ထရန့်ငယ်စဉ်က နေထိုင်ခဲ့သော နေအိမ်အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
အမေရိကန်သမ္မတ ထရန့်ငယ်စဉ်က နေထိုင်ခဲ့သော နေအိမ်အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ငယ်စဉ်က နေထိုင်ခဲ့သော နယူးယောက်မြို့ရှိ ကွင်းစ်ခရိုင်ထဲမှ နေအိမ်ကို အမည်မသိသော ၀ယ်သူတစ်ဦးထံ ဒေါ်လာ ၂ ဒသမ ၁၄ သန်းဖြင့် ရောင်းချလိုက်သည်ဟု သိရသည်။ ယင်းဈေးသည် အဆိုပါနေရာမှ အိမ်တစ်လုံးအတွက် အလွန်များပြားသော ဈေးနှုန်းဖြစ်သည်။

အထက်တန်းလွှာများ နေထိုင်သည့် ဂျမေကာရပ်ကွက်ထဲတွင် အဆိုပါနေအိမ်ကို ၁၉၄၀ ပြည့်နှစ်တွင် ထရန့်၏ဖခင် ဖရတ်ထရန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်တွင် ထရန့်သည် အသက်လေးနှစ်အထိ နေထိုင်ခဲ့ပြီး ၎င်း၏မွေးစာရင်းတွင် ပါဝင်သော အိမ်လိပ်စာလည်း ဖြစ်သည်။

အနီရောင်အုတ်များဖြင့် ဆောက်ထားသော တျူဒေါခေတ်ပုံစံ အဆိုပါနှစ်ထပ်အိမ်ကို ယမန်နှစ်က လေလံတင် ရောင်းချခဲ့ရာ အိမ်ခြံမြေလုပ်ငန်းရှင် မိုက်ကယ်ဒေးဗစ်က ဒေါ်လာ ၁၃၉၀၅၀၀ ဖြင့် ၀ယ်ယူသွားခဲ့သည်။ ထို့နောက် ဒေးဗစ်သည် အဆိုပါ နေအိမ်ကို မတ် ၂၃ ရက်က အမည်မဖော်လိုသော ၀ယ်သူတစ်ဦးထံသို့ ဒေါ်လာ ၂ ဒသမ ၁၄ သန်းဖြင့် ပြန်ရောင်းနိုင်ခဲ့ရာ အမြတ်အစွန်း ၅၄ ရာခိုင်နှုန်းနီးပါး ရရှိခဲ့သည်။

ထရန့်၏ ဖခင် ဖရတ်ထရန့်မှာလည်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ကာ ကြွယ်ဝလာသူဖြစ်သည်။ ဖရတ်ထရန့်သည် ၎င်းဆာက်လုပ်ထားသော အိမ်ကြီးခရိုင် တစ်လုံးသို့ ၁၉၅၁ ခုနှစ်တွင် မိသားစုလိုက် ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

ဒေါ်နယ်ထရန့်အား ယခုနေအိမ်အကြောင်းကို စက်တင်ဘာလက NBC ၏ The Tonight Show ၌ မေးမြန်းခဲ့ရာတွင် “ကျွန်တော်အဲဒီမှာ မွေးခဲ့တာပါ။ တကယ့်ကို ကောင်းမွန်တဲ့ ကလေးဘ၀ ရရှိခဲ့ပါတယ်။ အခုလို ရောင်းတော့မယ်လို့ သိရတဲ့အတွက်လည်း ၀မ်းနည်းပါတယ်။ အဲဒီအိမ်ကို ပြန်ဝယ်ချင်ပါတယ်” ဟုဖြေကြားခဲ့သည်။

ကုဗပေ ၂၀၀၀ (စတုရန်းမီတာ ၁၈၆) ကျယ်ဝန်းသော ထိုနေအိမ်ထဲတွင် အိပ်ခန်း ငါးခန်း၊ ရေချိုးခန်း လေးခန်း ပါဝင်သည်။ ထိုအိမ်နှင့် အခြေအနေချင်းတူသော တစ်ရပ်ကွက်တည်းမှ အခြားအိမ်တစ်လုံး၏ တန်ဖိုးသည် ဒေါ်လာ ၁ ဒသမ ၆ သန်းဝန်းကျင်သာ ဈေးရရှိသည်။ ထရန့်၏ ငယ်ဘ၀ နေအိမ်အား လေလံတင် ရောင်းချသည့်ပွဲကို စီစဉ်သော အေဂျင်စီမှ အကြီးအကဲ မီရှာဟတ်ဂါနီက ထရန့်၏ အရှိန်အ၀ါကြောင့် ထိုအိမ်သည် ဒေါ်လာ သုံးသန်းကျော်အထိ ရရှိနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

မရောင်းချမီက ထိုနေအိမ်တွင် မန်ဟက်တန်မှ စားသောက်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ဦးက နေထိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုအိမ်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလလယ်က လေလံတင်ရန် စီစဉ်ထားခဲ့ သော်လည်း ဈေးပိုရရန် မျှော်လင့်ချက်ဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲပြီးသည့်အချိန်အထိ စောင့်ခဲ့ကြခြင်း ဖြစ်သည်။
Writer:
Ref: AFP
Credit: Eleven