နိုင်ငံတကာ ရဲတပ်ဖွဲ့ က အောင်ဝင်းခိုင် ကို အနီရောင်သတ်မှတ်ချက်ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)က အောင်ဝင်းခိုင် ကို အနီရောင် သတ်မှတ်ချက် ထုတ်ပြန်အပြီးမှာ အာဆီယံနိုင်ငံတွေကို တရားဝင် ၀င်ပေါက်ကနေ မ၀င်လာဘူးလို့ စစ်ဆေးအကြောင်းပြန် ထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောလိုက်ပါတယ်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပထမတစ်နှစ်တာ ကာလမှာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ရဲချုပ် ဇော်ဝင်း က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့က ပြည်တွင်း မှာပဲ ဖြစ်ဖြစ်၊ ပြည်ပ မှာပဲဖြစ်ဖြစ် ဘယ်လိုမှ တိမ်းရှောင်လို့မရအောင် ဖမ်းဆီးနိုင်ဖို့အတွက် အာဆီယံ အတွင်းမှာ လည်း အာဆီယံ ၁၀ နိုင်ငံအားလုံးကို ကျွန်တော်တို့က အကြောင်း ကြားထားတယ်။ ဒါမှမဟုတ် အာဆီယံ ပြင်ပ ရောက်သွားတယ် ဆိုရင်လည်း ဘယ်နိုင်ငံကိုပဲ ရောက်ရောက် အမြန်ဆုံးဖမ်းမိနိုင်အောင် ဖြန့်ပြီး ကြောင်းကြားထားပါတယ်”လို့ ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။
လောလောဆယ်မှာ အာဆီယံ နိုင်ငံတစ်ဝက်လောက်ရဲ့ တရားဝင် ၀င်ပေါက်တွေကို စစ်ဆေးမှုအရ အောင်ဝင်းခိုင်က တရားဝင် ၀င်ပေါက်တွေကနေ ၀င်ရောက်လာတာမရှိဘူးလို့ အကြောင်းပြန်ကြားထားတယ်လို့ ဆိုပါတယ်။
နေပြည်တော်ကောင်စီ ရှစ်မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်စုနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ကို အောင်ဝင်းခိုင်ရဲ့ ဓာတ်ပုံပေးပို့ထားပြီး ဖမ်းဆီးရမိရေးအတွက် ရေဆုံးရေဖျားလုပ်ဆောင် နေကြောင်း ရဲချုပ်ဇော်ဝင်းက မီဒီယာတွေကို ပြောခဲ့ပါတယ်။
Source & Photos : STDTDaily
Credit : Duwun