အစ္စလာမ်ယဉ်ကျေးမှုနှင့်မကိုက်ညီသည့် အ၀တ်အစားများ ၀တ်ဆင်သည်ဟုဆိုကာ အသက် ၂၁ နှစ်အရွယ် မွတ်စလင်မော်ဒယ်တဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသတ်ခံခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မီဘဏ်ဆေးကောလိပ်၌ တက်ရောက်ပညာသင်ကြားနေသူ ရောက်ဒါအာသိဖ်သည် မော်လဒိုက်နိုင်ငံသူဖြစ်ပြီး သူမသည် အိန္ဒိယနိုင်ငံတွင် ထုတ်ဝေသော Vogue ဖက်ရှင်မဂ္ဂဇင်း၏ မျက်နှာဖုံးတွင်ပင် ဖော်ပြခံရသူဖြစ်သည်။ သူမနေထိုင်ရာ ကျောင်းဆောင်အခန်းတွင်း၌ ရောက်ဒါ ကြိုးဆွဲချသေဆုံးနေသည်ကို မတ် ၂၉ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သူမသေဆုံးမှုကို မိမိကိုယ်ကို သတ်သေမှုအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း မိသားစုဝင်များက ယင်းယူဆချက်ကို လက်မခံကြချေ။ အစွန်းရောက်မွတ်စလင်များက သူမကို သတ်ဖြတ်၍ ကြိုးဆွဲချသေဆုံးသယောင်လုပ်ကြံထားခြင်းဖြစ်သည်ဟု ရောက်ဒါ၏မောင် တော်စပ်သူ ရေယန်အာသိဖ်က ပြောသည်။
“ရောက်ဒါဟာ ကောလိပ်ပုရ၀ဏ်အတွင်းမှာ သတ်မှတ်ထားတဲ့ ၀တ်စားဆင်ယင်မှုစံနဲ့အညီ မျက်နှာကို ဖုံးကွယ်ထားပေမယ့် Jean ဘောင်းဘီဝတ်တာတို့ဘာတို့စတဲ့ သူမရဲ့ ၀တ်စားဆင်ယင်ပုံက အစ္စလာမ်ထုံးတမ်းနဲ့မညီဘူး၊ အိနြေ္ဒမရဘူးလို့ ဝေဖန်ပြောဆိုတာတွေရှိတယ်”ဟု ရေယန်အာသိဖ်က ပြောသည်။
ထို့ပြင် ရောက်ဒါသည် နာမည်ရမော်ဒယ်တဦးအနေဖြင့် ဘာသာထုံးတမ်းများဖြင့် ဖိနှိပ်ခံရသူများဖက်မှ ရပ်တည်ပေးမှုများလည်းရှိသဖြင့် အစွန်းရောက်သမားများအတွက် ပို၍မလိုမုန်းတီးစရာဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ မော်လဒိုက်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ စုံထောက်ဌာနမှ လက်ထောက်ကော်မရှင်နာဖြစ်သူ အာမင်ဟူစိန်ကလည်း ရောက်ဒါသေဆုံးမှုသည် အသတ်ခံရမှု ဖြစ်နိုင်ခြေ ၅၀% ရှိကြောင်း ပြောသည်။
သူမနေထိုင်ရာ အမျိုးသမီးသီးသန့်ဆောင်မှ အဆောင်မှူးဖြစ်သူကလည်း ရောက်ဒါသည် အမြဲတစေ ပျော်ရွှင်တက်ကြွနေသူဖြစ်ကြောင်း၊ သူမကိုယ်ကိုယ် သတ်သေသည်ဆိုခြင်းမှာ မယုံနိုင်ဖွယ်ရာဖြစ်ကြောင်း ပြောသည်။
Ref;IndiaToday
Credit: New Watch