လူပျိုကြီးဦးဆန်းလွင် တစ်ယောက် လက်ကိုင်ဖုန်းနဲ့ စကားတွေပြောနေရင်း တစ်ယောက်တည်း ကြည်နူးစွာပြုံးနေတယ်။

‘‘ဟုတ်ကဲ့… ကားက ဘယ်နှစင်းလာမှာတုံး။ ကျုပ်နွားတင်ယူမှာဟုတ်လား။ နွားက ၁၆ ကောင်ဖြစ်သွားပြီ။ အခုတိုးလို့’’

သူပြုံးရတဲ့ ရည်ရွယ်ချက်ကတော့ သူ့စကားထဲမှာပါတဲ့ နွားတွေ ငွေကြေးသိန်းချီကာ ရောင်းရလို့တော့မဟုတ်ပါဘူး။ ခေတ်ကာလပေါက်ဈေးအရ ရောင်းချမယ်ဆိုရင်တောင် သိန်းဆယ်နဲ့ချီရနိုင်တဲ့ နွားလှ ၁၆ ကောင်ကို မုံရွာက ချမ်းသာကြီးဘုရား နွားဘေးမဲ့ အလှူပွဲမှာ ထည့်သွင်းလှူဒါန်း လိုက်နိုင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း မြို့နယ်ထဲမှာရှိတဲ့ မင်းကဲကုန်းရွာက အသက်(၆၄)နှစ်အရွယ် ဦးဆန်းလွင်တို့ တောင်သူမိသားစုဝင် တွေ မိဘဘိုးဘွားများလက်ထက်ကတည်းက အိမ်မှာရှိတဲ့ နွားတွေကို ဘယ်တော့မှ သေရာ (သတ် သည့်နေရာ)ကို ရောင်းစားလေ့ မရှိပါဘူး။ ကိုယ်နဲ့ ဒိုးတူပေါင်ဖက် နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ကိုင်ရုန်းကန်ခဲ့တဲ့ နွားတွေကို ခိုင်းလို့မကောင်းတဲ့အရွယ် ရောက်လာရင်တောင် ရောင်းမစားဘဲ အိုသေတဲ့အထိ ကျွေးမွေးစောင့် ရှောက်ထားလေ့ရှိပါတယ်။

ဦးဆန်းလွင်တို့ လက်ထက်မှာ ဘိုးဘွားမိဘတွေအတိုင်း အိုတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့လက်ထက်မှာတော့ စားကျက်မြေတွေ ရှားပါးလာတာကတစ်ကြောင်း၊ သူတို့ကိုယ်တိုင် အသက်အရွယ် တွေ ကြီးမြင့်လာတာမို့ နွားတွေကို ဆက်လက်စောင့်ရှောက်ဖို့အရေး အခက်ကြုံရတယ်။ သာမန်ဆိုရင်တော့ ဈေးကောင်းပေးဝယ်တဲ့ဆီ ကို ရောင်းချလိုက်မယ်ဆိုရင် ထိန်းသိမ်းစောင့်ရှောက်စရာ မလို တော့သလို လက်ဖျားမှာ ငွေတွေ သီးလာမှာပါ။ သို့ပေမဲ့ တောင်သူ မျိုးရိုးက ဆင်းသက်လာတဲ့ ဦးဆန်းလွင်တို့ မောင်နှမတွေအဖို့ သွေးသားရင်းချာလို ဖြစ်နေတဲ့ မိသားစုထမင်းအိုး ဝိုင်းတည်ပေးခဲ့တဲ့ ကျေးဇူးရှင် နွားတွေကို သားသတ်ရုံကို မပို့ရက်ပါဘူး။ ဒါကြောင့် နွားဘေးမဲ့အလှူမှာ ထည့်သွင်းလှူဖို့ သူတို့မောင်နှမတွေ ဆုံးဖြတ်ခဲ့ကြတာပါ။

တစ်ခါတုန်းက ဦးဆန်းလွင်တစ်ယောက် နွားတွေနဲ့ပတ်သက်လို့ မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ရဖူးတယ်။ သူတို့အိမ်က ခိုင်းနွား ကြီးတစ်ကောင် နွားအချင်းချင်း ဝှေ့ပြီး ညာဘက်ပေါင်ရင်းကျိုး တုန်းကပါ။ ဆေးစည်းဖို့မလွယ်တဲ့ ပေါင်ရင်းမှာ ကျိုးတာမို့ သူ့ဒဏ်ရာသက်သာဖို့အရေး အခက်ကြုံရတယ်။

တချို့က အကြံပေးလာတယ်။ ‘‘ဆန်းလွင် မင်းတို့နွား ဝဋ်ခံနေရသလိုဖြစ်နေတယ်။ ဝဋ်ကျွတ်သွားအောင် ရောင်းလိုက်ပါလား’’လို့ ပြောလာတယ်။ ရောင်းလိုက်တယ်ဆိုရင် ဦးဆန်းလွင်တို့ နွားကြီးဟာ သေချာပေါက် သေရွာရောက်မယ့် နွားသတ်ရုံကို ပို့ခံရတော့မှာပါ။ ဦးဆန်းလွင်အနေနဲ့ နွားတွေအပေါ်မှာ ငယ်စဉ်ကတည်းက သံယောဇဉ်ရှိခဲ့ပါတယ်။ ဘယ်တော့မှ နွားတွေကို နှင်တံကျိုးအောင် မရိုက်ဖူးဘူး။ နွားလှည်းမောင်းရင်း နွားက အလေးအပင်စွန့်ရင်တောင် ဖြောင့် ဖြောင့်တန်းတန်း စွန့်နိုင်အောင် အတင်းမမောင်းဘဲ ရပ်စောင့်ခဲ့တယ်။

အဲဒီလောက်အထိ နွားတွေအပေါ် သံယောဇဉ်ကြီးခဲ့သူ ဦး ဆန်းလွင်ဟာ သူ့အိမ်က ငယ်မွေးခြံပေါက် နွားသိုးကြီးကို ဒဏ်ရာရခိုင်းစားလို့မရတော့မှ ရောင်းလိုက်ရကောင်းမလားလို့ တွေးမိတိုင်း သူ မျက်ရည်ပိုးပိုးပေါက် ပေါက်ကျတယ်။

နောက်ဆုံးတော့ သူ ရအောင်ကုမယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။

ဝင်အူမြစ်ကို ထုချေပြီး ကျပ်စည်းပေးရင် သက်သာတယ်ဆိုလို့ ဦးဆန်းလွင်တစ်ယောက် ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့နေရာမှာ ဝင်အူ မြစ်သွားရှာတူးရတယ်။ တူးလို့ရလာတဲ့ ဝင်အူမြစ်တွေကို အိတ်ကြီးနဲ့ထမ်းပြီး ရွာကိုသယ်လာခဲ့ တယ်။ အိမ်ရောက်တော့ ဝင်အူ မြစ်တွေကို ထောင်းထုပြီး အရည်ညှစ်တယ်။ ရလာတဲ့အရည်တွေကို နွားပေါင်ရင်းက ဒဏ်ရာပေါ်လောင်းချပေးတယ်။ အောက်ကခွက်တစ်ခုခံထားတယ်။ ပြန်ကျ လာတဲ့အရည်ကို နောက်တစ်ခါ ပြန်လောင်းတယ်။ အဲဒီလို စိတ်ရှည်ရှည်နဲ့ ဦးဆန်းလွင် ကုပေးတယ်။ သို့ပေမဲ့ ဒဏ်ရာက သက်သာမလာဘူး။ နောက်ဆုံးတော့ ဒဏ်ရာက ပြင်းထန်ခဲ့တာကြောင့် လေးလခန့်အကြာမှာတော့ နွားသိုးကြီးလို့ ချစ်စနိုးခေါ်တဲ့ သူ့ရဲ့ နွားကြီးဟာ အသက်ပျောက်သွားပါတော့တယ်။ ဦးဆန်းလွင်တို့ တစ်မိသားစုလုံး မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားရသလို မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရတယ်။ အခုတော့ သူတို့ မောင်နှမတစ်တွေ သံယောဇဉ်ကြီးခဲ့တဲ့ နွားတွေကို ဦးဆန်းလွင်တို့ထက် စနစ်တကျ စောင့်ရှောက်ပေးမယ့် နွားဘေးမဲ့ ဂေဟာတစ်ခုကို ပို့နိုင်တော့မှာပါ။

ဦးဆန်းလွင်တို့ နွားလာလှူ တဲ့ မုံရွာက ချမ်းသာကြီးဘုရား ဇီဝိတဒါန နွားဘေးမဲ့ပွဲတော်က နှစ်တိုင်းသင်္ကြန်အပြီး မြန်မာနှစ် ဆန်းဆိုရင် ပြုလုပ်နေကျပါ။ အခု ဒီနှစ်မှာဆိုရင် (၃၅)ကြိမ်တိုင်ခဲ့ပါ ပြီ။ ချမ်းသာကြီးဘုရား နွားဘေးမဲ့ ပွဲတော်က စလုပ်ခါစတုန်းကတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စည်ပင်သားသတ်က သတ်မယ့် နွားတွေကို ဝယ်ယူပြီး နွား ဘေးမဲ့ရုံတွေကိုပို့တာပါ။ ပထမ ဆုံးနှစ်က အလှူခံရလာတဲ့ ငွေနဲ့ မုံရွာစည်ပင်သားသတ်က သတ် လုဆဲဆဲ နွားတွေကို သွားဝယ်လွှတ်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ သူတို့သွားဝယ်တဲ့အခါ သတ်မယ့် နွားက ကိုးကောင်တောင်ရှိပြီး သူတို့ အလှူခံရတဲ့ငွေက တစ်ကောင်ဖိုးသာ ရှိနေခဲ့ပါတယ်။

ချမ်းသာကြီးဘုရားက နွား ဘေးမဲ့ပွဲတော် ဖြစ်မြောက်ရေး အဖွဲ့အနေနဲ့ တစ်ကောင်တည်းကို ဝယ်လွှတ်ပြီး ကျန်တဲ့ရှစ်ကောင် အသတ်ခံရမှာကို မမြင်လိုလှပါဘူး။ ကိုးကောင်စလုံးစာလည်း မတတ်နိုင်တော့ အခက်ကြုံရပါတယ်။ အဲဒီအခါမှာ မုံရွာက ဟိန္ဒူ အမျိုးသမီးကြီး ဒေါ်နာဂမဆိုသူက ကျန်တဲ့ရှစ်ကောင်ဖိုးလုံးကို သူလှူပါရစေဆိုပြီး ဝင်ရောက်ပါရမီ ဖြည့်ခဲ့ပါတယ်။ အဲဒီလိုနဲ့ အဖွင့်ကောင်းခဲ့တဲ့ ချမ်းသာကြီးဘုရား နွားဘေးမဲ့ပွဲတော်ဟာ (၃၅)ကြိမ် တိုင်လာခဲ့ပါပြီ။

စလုပ်ခါစ နှစ်တွေမှာတော့ နွားဘေးမဲ့ပွဲအတွက် ဘုရားမှာ အလှူခံတယ်။ ဒေါ်နာဂမတို့လို တတ်နိုင်သူတွေက နွားတွေဝယ်ယူပြီး လှူပေးတယ်။ (၁၀)ကြိမ် မြောက်လောက်မှာတော့ တခြားအလှူရှင်တွေပါ နွားဘေးမဲ့ပွဲတော် ကို ဝန်းရံလာတယ်။ ထိုသူတွေကတော့ ဦးဆန်းလွင်တို့လို နွားတွေနဲ့ ဖက်ရုန်းနေရတဲ့ တောင်သူများပါပဲ။

နွားဘေးမဲ့ပွဲ လုပ်မယ်ဆိုတဲ့အတွက် တောင်သူတွေကိုယ်တိုင် လှူဒါန်းဖို့ လာစုံစမ်းတယ်။ မလှူဘဲ ရောင်းချလိုက်ရင်တောင် ငွေကြေးအများကြီး ရနိုင်တယ်ဆို တာ သိကြပေမယ့် သဒ္ဓါထက် ထက်နဲ့ကို လာလှူတယ်။ တချို့ ဆို နွားအိုနွားမင်းတွေတင် မက ဘူး မင်္ဂလာဦးနွား နွားပျိုနွားချော တွေကအစ လာလှူကြတယ်။သေရွာကိုရက်ရက်စက်စက်မပို့ဘဲကျေးဇူးရှင်နွားတွေ သက်သောင့်သက်သာရှိမယ့် နွားဘေးမဲ့ဂေဟာဆီ ပို့ပေးမယ့်လမ်းကို တောင်သူတွေကိုယ်တိုင်လိုလိုလားလား ရွေးချယ်ခဲ့တယ်။ သို့ပေမဲ့ အလွယ်တကူတော့ မဟုတ်ပါဘူး။

ကိုယ်လှူမယ့် နွားဘေးမဲ့ပွဲ တော်ရဲ့ လုပ်ငန်းလုပ်ကိုင်ပုံတွေကို လေ့လာတယ်။ သွားပို့မယ့်နွား ဘေးမဲ့ဂေဟာတွေဆီ ကြိုတင်သွားရောက်ကာ စူးစမ်းတယ်။ အစာရေစာ ပေါ၊ မပေါ၊ နေဖို့ထိုင် ဖို့ အဆင်ပြေ၊ မပြေ။ မှန်ကန်စွာ စောင့်ရှောက်နိုင်ခြင်းရှိ၊ မရှိ။ အပင်ပန်းခံ ကြိုသွားတယ်။ ချမ်းသာကြီးဘုရား နွားဘေးမဲ့ ဖြစ် မြောက်ရေးအဖွဲ့က နွားတွေကို လှူဖို့ စည်းမျဉ်းတွေ ကြိုဆွဲထားတယ်။ သူတို့ပို့ပေးမယ့် နွားဘေး မဲ့ဂေဟာမှာ နွားတွေကိုလုံးဝမခိုင်း ရဘူး အစာရေစာဝအောင် ကျွေးရမယ်။ ဖျားရင် နာရင်ကုရအောင် တိရစ္ဆာန်ဆေးကုဆရာဝန် ရှိရမယ်။ သေရင် မြေမြှုပ်ပေးရမယ်။ အဲဒီအချက်တွေနဲ့ ပြည့်စုံမှသာ နွားတွေကို သွားလှူပေးတာပါ။

နွားဘေးမဲ့ပွဲဖြစ်မြောက်ရေး အဖွဲ့က ဂေဟာနဲ့ ချိတ်ဆက်ပြီး နွားတွေကျန်းမာရေးအခြေအနေ လှမ်းမေးတာမျိုး၊ မျိုးပါသွားတဲ့နွား တွေမွေးရင်၊ နွား တွေသေဆုံးခဲ့ရင် ဓာတ်ပုံရိုက်ပို့ ခိုင်းတာမျိုးတွေ လုပ်ပေးဖို့ပြောရတယ်။ ဖြစ် မြောက်ရေးအဖွဲ့အနေနဲ့ အလှူ ရှင်တောင်သူတွေ စိတ်တိုင်းကျ ဖြစ်မှသာ နွားအလှူကို လက်ခံ ပေးပါတယ်။ သွားလှူတဲ့နေ့မှာ အလှူရှင်တောင်သူတွေ ကိုယ် တိုင် နွားဘေးမဲ့ဂေဟာအထိ လိုက်ပို့ကြတာတွေရှိတယ်။ သူတို့ သားသမီးရင်းချာလိုဖြစ်နေတဲ့ နွား တွေနေဖို့ထိုင်ဖို့အရေး နောက်ဆုံး အချိန်အထိ စိတ်မချစွာ လိုက်လာ လေ့ရှိတယ်။ ဂေဟာပို့ပြီးသွားရင် နွားဘေးမဲ့ပွဲ ဖြစ်မြောက်ရေးအဖွဲ့ ဆီ တောင်သူတွေ ဖုန်းတဂွမ်ဂွမ် ဆက်လေ့ရှိပါတယ်။ သူတို့နွားလေးတွေ နေကောင်းထိုင်သာရှိ၊ မရှိ မေးစမ်းပါတယ်။

အဲဒီလို သူတို့နွားတွေ အရေးစိတ်အေးရအောင်အထိတောင်သူများက စီမံလေ့ရှိတယ်။ နွားဘေးမဲ့ပွဲတော် (၁၀)ကြိမ် မြောက် လောက်ကစလို့ အခု (၃၅)ကြိမ် တိုင်တဲ့အထိ တောင်သူတွေ တဖွဲဖွဲ ပါဝင်လှူဒါန်းခဲ့တယ်။ ထူးထူးခြားခြားဆိုရင်တော့ မနှစ်က တောင်သူတစ်ဦးတည်းကတင် နွားခြံအပြတ် အကောင် ၃၀ တိတိ လာလှူခဲ့တာတွေ ဒီနှစ်မှာဆိုရင် မင်းတဲကုန်းရွာက ဦးဆန်းလွင်တို့လို နွား ၁၆ ကောင်တိတိလာလှူတာတွေ ရှိခဲ့တယ်။

ဦးဆန်းလွင်လှူတဲ့ နွား ၁၆ ကောင်ထဲမှာ ၁၀ ကောင်သာ နွားကြီးဖြစ်ပြီး ကျန်တဲ့ ခြောက်ကောင်က နွားကြီးတွေက ပေါက်ဖွားလာခဲ့တဲ့ နို့စို့အရွယ် နွားကလေးများ ဖြစ်ပါတယ်။ နွားကြီးတွေကိုသာ လှူပြီး နွားကလေးတွေချန်ထားခဲ့ ရင် နွားကြီးနဲ့ နွားကလေးတွေ အပြန်အလှန် မျှော်ကြ၊ အော်ကြနဲ့ မအေတကွဲ ကလေးတကွဲ ဖြစ်တာတွေရှိလို့ နွားကလေးတွေကိုပါ သူက ထည့်လှူပေးခဲ့တာပါ။

ဦးဆန်းလွင်တင်မကပါဘူး။ နွားဘေးမဲ့ပွဲတော်ကို လှူချင်လို့ လာဆက်သွယ်တဲ့တောင်သူတွေ အများကြီးရယ်ပါ။ ဂေဟာရဲ့ထိန်းသိမ်းစောင့်ရှောက်မှု အစီအစဉ်အရ တခြားနွားတွေကိုတော့ ဒီနှစ်လှူတဲ့အထဲ မပါနိုင်တော့ဘဲ နောက်နှစ်မှသာ ထည့်သွင်းလှူ ပေးနိုင်မှာပါ။ ဦးဆန်းလွင်က နောက်နှစ်အတွက်ပါ လှူဖို့တစ်ကောင်တည်းသာကျန်တဲ့ အိမ်က နွားကြီးကို ရည်ရွယ်ထားပါတယ်။ ‘‘သူ့ကို သံယောဇဉ်တွယ်လို့မို့။ နောင်နှစ်အခါမှာလှူမှာ။ နောင် နှစ် မလာတော့ဘူးဆိုရင်တော့ ဒီနှစ် တစ်ခါတည်းလှူမှာ’’ လို့ နွားကြီးကို အစာကျွေးရင်း သူက ဆိုပါတယ်။

သူတို့ ပါဝင်လှူဒါန်းတဲ့ မုံရွာမြို့ ချမ်းသာကြီးဘုရား နွားဘေးမဲ့ပွဲတော်က ဒီနှစ်မှာတော့ နွားတွေကို သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အင်ကြင်းမြိုင် ငွေတောင်ဘုန်းတော်ကြီးကျောင်းက နွားဘေးမဲ့ခြံကို ဧပြီ ၂၃ ရက် နေ့မှာ ပို့ဆောင်လှူဒါန်းပေးခဲ့ပါတယ်။ အိမ်ရှိ နွားအကုန်နီးပါးဖြစ်တဲ့ သူ့ရဲ့နွား ၁၆ ကောင်တို့ရဲ့ ဘေးမဲ့အလှူခရီးကို ဦးဆန်းလွင်တစ်ယောက် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ရင်း နှုတ်ဆက်ခဲ့ပါတယ်။

Credit: 7Day News Journal