ph

လာမယ့် သုံးနှစ်အတွင်း အသုံးပြုနိုင်မှာပါ။
ဖုန်း တစ်လုံးမှာ screen အက်ကွဲတာမျိုး ကြုံလာရင် အသစ်ပြန်လဲရတာ အတော်လေး ကရိကထများပါတယ်။ ဖုန်းဆိုတဲ့အမျိုးကလည်း တစ်ချိန်မဟုတ် တစ်ချိန် လက်ထဲက မတော်တဆဆိုသလို လွတ်ကျတာမျိုး ခဏခဏ ကြုံရပါတယ်။ ဒီတစ်ခါမှာတော့ ဖုန်း တစ်လုံးရဲ့ မှန်ကွဲတာမျိုးကို ကိုယ်က ဆိုင်ပို့ ပြီး ပြင်စရာမလိုဘဲ သူ့ အလိုလိုအကောင်းအတိုင်း ပြန်ဖြစ်စေမယ့်နည်းကို ကယ်လီဖိုးနီးယားတက္ကသိုလ် ဓါတုဗေဒဌာနမှ သုတေသနပညာရှင် များမှ ဖန်တီးနိုင်ခဲ့ပါတယ်။
မှန်ကွဲသွားတဲ့ ဖုန်း တစ်လုံးရဲ့ screen ကို သူ့ ဘာသာသူ ပြန်ပြီး အကောင်းပြန်ဖြစ်စေမယ့် သဘောတရားကို လွန်ခဲ့တဲ့ လေးနှစ်ကတည်းက LG G Flex တက်ဘလက်မှာ ပါရှိပြီးသားဖြစ်ပါတယ်။ ဒီ ဖုန်း မှာတော့ အပွန်းပဲ့ အစင်းရာထင်တာမျိုးကို မိနစ်အနည်းငယ်အတွင်း သူ့ အလိုလို ပြန်ပြင်ပေးသွားမယ့် self-healing နည်းပညာသုံးထားပါတယ်။ သို့ သော်လည်း Flex ဖုန်း မှာ သုံးထားတဲ့ ပစ္စည်းဟာ လျှပ်မကူးနိုင်တာဖြစ်လို့ screens တွေမှာ သုံးမရပါဘူး။

ယခု ကယ်လီဖိုးနီးယား တက္ကသိုလ် မှ ပညာရှင်များထုတ်လုပ်ထားတဲ့ ပစ္စည်းသစ်ကတော့ screen မှာ အုပ်ထားတဲ့ ပိုလီမာလို ပလတ်စတစ်စ ဖြစ်ပြီး မူလအရွယ်အစားကနေ အဆပေါင်း ၅၀ အထိ ဆွဲနိုင်ဆန့် နိုင်တာဖြစ်လို့ အစင်းရာ မထင်တော့သလို မှန်ကွဲသွားရင်တောင်မှပဲ ၂၄ နာရီကြာတာနဲ့ သူ့ ဘာသာ ပြန်ပြီး အကောင်းပြန်ဖြစ်သွားအောင် လိုက်ဆက်ပေးနေမှာ ဖြစ်ပါတယ်။
“‘ဒီနည်းပညာဟာ တစ်ခုခု အက်တဲ့နေရာမျိုးမှာ သူ့ ဘာသာ ပြန်ဖာသွားမှာ ဖြစ်သလို ဆွဲဆန့် အားလည်း အရမ်းကောင်းတဲ့ ပစ္စည်းတစ်မျိုးကို သုံးထားပါတယ်။ ဒီပစ္စည်းလေးက လျှပ်စစ်စီးနိုင်တာကြောင့် ဘက်ထရီတွေ ၊ လျှပ်စစ်ပစ္စည်းနဲ့ စက်ရုပ်တွေမှာပါ သုံးလို့ ရမှာ ဖြစ်ပါတယ်။ “လို့ တက္ကသိုလ်ရဲ့ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။
ယခုသုတေသနစာတမ်းကို ရေးသားတဲ့ ပညာရှင်များထဲမှ တစ်ဦးဖြစ်သူ ချောင်ဝမ်ကတော့ ဒီ နည်းပညာ ဟာ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားထဲမှ အလိုလို ဒဏ်ရာကို ကုစားပေးတဲ့ Wolverine ရဲ့ ကိုယ်ထည်လို နည်းပညာ မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ယခု နည်းပညာ ကို လာမယ့် သုံးနှစ်အတွင်း စမတ် ထုတ်ကုန်များမှာ သုံးသွားနိုင်တော့မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

Credit : Duwun