Cannibal-film-Raw

ပြင်သစ် လူသားစား ရုပ်ရှင် ဇာတ်ကား Raw ကို ကြည့်ရှုသော ပရိသတ်များသည် သတိလစ်မေ့မျောခြင်း၊ အော်ဂလီဆန်စရာ အခန်းများကြောင့် အော့အန်ရန်အိတ်များ ဝေပေးခဲ့ရခြင်း စသည့် သတင်းများကို ပြီးခဲ့သော လအနည်းငယ်အတွင်းက အကျယ်တ၀င့် ဖော်ပြခဲ့ကြပြီး ခေါင်းစီးသတင်းများ ဖြစ်ခဲ့ရသည်။

ထိုမှတ်ချက်များနှင့် ပက်သက်၍ အဆိုပါရုပ်ရှင်၏ ဒါရိုက်တာ ဂျူလီယာဒူကော်နော က တကယ့်ကိုစိတ်ပျက်စရာ ဖြစ်ကြောင်း ပြောခဲ့ပြီး “အဲ့ဒီမှတ်ချက်တွေက ကျမရဲ့ ရုပ်ရှင်အပေါ်မှာ မျှမျှတတစဉ်းစား ပေးထားခြင်းမရှိပါဘူး။ ဒီဇာတ်ကားဟာ အပြိုင်အဆိုင်အန်ဖို့ လုပ်ပေးထားတဲ့ ပွဲတော်မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

ထိုရုပ်ရှင်အား ဗြိတိန်၌ ယခုအပတ်တွင် စတင်ပြသမည်ဖြစ်ပြီး သတ်သတ်လွတ်စားသော ကျောင်းသူလေး တစ်ဦးဖြစ်သည့် ဂျက်စတင်းသည် တိရစ္ဆာန်ဆေးကုကျောင်း၌ ပထမဦးဆုံးအကြိမ်အဖြစ် အသားစိမ်း တချို့ကို စားသုံးခဲ့မိသည်။ သူမသည် ပျို့အန်ရမည့်အစား ထိုပထမဦးဆုံးအတွေ့အကြုံက သူမကို လူသားနှင့် တိရစ္ဆာန် အသားစိမ်းများကို ပိုမိုတောင့်တမိစေခဲ့ပုံအား ပုံဖော်ရိုက်ကူးထားသည်။

ပြီးခဲ့သောနှစ်က တိုရန်တို ရုပ်ရှင်ပွဲတော်၌ Raw ဇာတ်ကား ကို  ပြသစဉ်တွင် အသားစားသော အချို့အခန်းများ ကြောင့် ပရိသတ်များအတွက် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ဒါ့အပြင် ထိုပွဲတော်၌ အဆိုပါရုပ်ရှင်အား ပြသရာတွင် ကြည့်ရှုခဲ့သော စုံတွဲတစ်တွဲသည် ဆေးကုသမှုခံယူခဲ့ ရကြောင်းကိုလည်း သတင်းများ၌ အကျယ်တ၀င့် ဖော်ပြခဲ့ကြသည်။

Credit : mizimma