ပြီးခဲ့တဲ့လက သင်ပိုက်ဆံ ဘယ်လောက်ရသလဲ? အရမ်းလွယ်တဲ့ မေးခွန်းတစ်ခု လို့သင်ထင်မိမှာပဲ။သင်ပြီးခဲ့တဲ့လက ပိုက်ဆံ ဘယ်လောက်သုံးခဲ့သလဲ။အခု သင်ဟာ ဒီမေးခွန်းကိုတော့ စဉ်းစားလို့မရဘူးဆိုရင်တော့ သင်မှာ အဖော်တွေ အများကြီးရှိပါသေးတယ်။Gallup မှစာရင်းကောက်ယူချက်တစ်ခုအရ အမေရိကန်နိုင်ငံသား ၃ပုံမှာ ၂ ပုံဟာ သူတို့ ပိုက်ဆံသုံးစွဲမှုကိုမှတ်သားထားခြင်းမရှိပါဘူးတဲ့။ဒီပိုက်ဆံကို သုံးလိုက်တာလေးများ မှတ်ထားစရာလိုလို့လားလို့ သင်ထင်ကောင်းထင်မိပေမဲ့ ဒီပိုက်ဆံကိုသုံးလိုက်တာကပဲ မိသားစုရန်ပွဲတွေ၊နေ့စဉ်စိတ်ရှုပ်မှုတွေ၊အနာဂါအတွက် ပူပန်မှုတွေကို ဖြစ်စေနိုင်တဲ့ မီးပွားလေးတစ်ခုပါပဲ။ဒီမီးပွားလေးကို အလွယ်တကူ အနိုင်ယူဖို့ကတော့ အလွယ်လေးပါပဲ။နေ့စဉ်တိုင်း မိနစ်အနည်းငယ်လောက်အချိန်ယူပြီးတော့ သင့်ပိုက်ဆံတွေ ဘယ်တွေကို ပျံသန်းကုန်သလဲဆိုတာကို မှတ်သားခြင်းဟာ သင်ဘ၀ကိုထူးထူးခြားခြားပြောင်းလဲစေမှာ ဖြစ်ပါတယ်။အခုဒီမှာတော့လူအယောက် ၁၀၀ဟာသူတို့ရဲ့ ငွေကြေးသုံးစွဲမှုကို ၃ လကြာမှတ်သားထားခဲ့ပြီး သူတို့ရခဲ့တဲ့ ပိုက်ဆံသုံးစွဲမှုကို မှတ်သားထားခြင်းရဲ့ အကျိုးကျေးဇူး (၅)ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ငွေကြေးသုံးစွဲမှုကို ချင့်ချိန်တတ် လာတယ်၊(၉၃ % ထောက်ခံ)

လူတော်တော်များများဟာ သူတို့ပိုက်ဆံဟာ တစ်လတစ်လ ဘယ်တွေရောက်ကုန်လဲ ဆိုတာကို ၀ိုးတ၀ါးဖြစ်နေကြပါတယ်။အ၀တ်အစားတွေအတွက် ကုန်သွားတာလာ၊အလှပြင်ပစ္စည်းတွေ ၀ယ်လိုက်လို့ ကုန်ကုန်တာလား? စတဲ့အချက်တွေကို သေချာ မသိကြပါဘူး။ဒီကနေ့ ခေတ်ကြီးဟာ အွန်လိုင်းမှာလည်း ဈေးဝယ်ရတာ အင်မတန်လွယ်ကူနေတော့ သင်ဘယ်လောက်သုံးထားလဲဆိုတာကို မသိဘဲ ပစ္စည်းမှန်သမျှကို ၀ယ်ချင်နေမှာပါပဲ။သင့်ရဲ့ ငွေကြေးသုံးစွဲမှုများကို မှတ်သားထားဖြင်းဖြင့်သင်အတွက် တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကို ၀ယ်သင့်မ၀ယ်သင့် သေချာပြန် လည်စဉ်းစားတတ်စေလာမှာ ဖြစ်ပါတယ်။
၂။သင့်ရဲ့ လက်တွဲဖော်နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်။(၈၀ % ထောက်ခံ)

အိမ်ထောင်ရေးတစ်ခုမှာ ငွေရေးကြေးရေးဟာ အချစ်ဆိုတဲ့အရာရဲ့ ပြိုင်ဘက်ကောင်းတစ်ခုပါ။အိမ်ထောင်ရေး ပြဿနာတွေမှာ ငွေရေးကြေးရေးဟာ အဓိကအကြောင်းအရာကြီးတစ်ခု ဖြစ်ပါတယ်။သင့်အိမ်ထောင်ဖက်နဲ့ သင်နဲ့တစ်ယောက်နဲ့ တစ်ယောက်ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲသလဲ ဆိုတာ တူကြမှာ မဟုတ်ပါဘူး။ဒီတော့ လက်တွဲဖော်နဲ့ အတူတကွတိုင်ပင်ပြီး ပိုက်ဆံကို ဘယ်လောက်စုမယ်၊ဘယ်လောက်သုံးမလဲဆိုတာကိုဆွေးနွေးပါ၊ကြီးကြီးမားမား သုံးစွဲစရာ ကိစ္စတွေပေါ်လာရင် တိုင်ပင်ပါ။ဒီလိုအလေ့အကျင့်မျိုးရှိနေခြင်းဟာ ငွေကြေးသုံးစွဲမှုကြောင့်ဖြစ်တဲ့ အိမ်ထောင်ရေးပြဿနာတွေကို သိသိသာသာလျှော့ပါးစေမှာ ဖြစ်ပါတယ်။

၃။စိတ်လွတ်ကိုယ်လွတ်မသုံးစွဲမိတော့ဘူး။(၇၉% ထောက်ခံ)

လူတိုင်းကတော့ ပိုက်ဆံလေး လက်ထဲရှိလာရင် သုံးဖို့ပဲစဉ်းစားတတ်ကြတာပါပဲ။ဒါက ပြဿနာမဟုတ်ပါဘူး။တကယ်ပြဿနာက တကယ်မလိုအပ်လည်း စိတ်လွတ်ကိုယ်လွတ် ၀ယ်ယူသုံးစွဲတဲ့ အလေ့အကျင့်ပါ။” အင်္ကျီလေးလှ လိုက်တာ ၀ယ်လိုက်ဦးမှပဲ” ဆိုပြီး တကယ်အရေးတကြီးမလိုအပ်ပဲ ၀ယ်ဝယ်နေရင်တော့ သင်မကြာခင်ဒုက္ခရောက်တော့မှာပါ။”သင်မလိုအပ်တဲ့အရာတွေ လျှောက်ဝယ်နေရင် မကြာခင်မှာပဲ သင်လိုအပ်တဲ့ အရာတွေကို ချရောင်းရတော့မှာပါ” လို့ ၀ါရန့် ဘတ်တ်ဖတ်က ပြောခဲ့ဖူးပါတယ်။ဒါကြောင့် သင်တစ်နေ့တာသုံးစွဲခဲ့တဲ့ ငွေကြေးတွေကို မှတ်သားထားတဲ့ အလေ့အကျင့်ဟာ သုံးစွဲပြီးသားတွေကိုမှတ်သားထားခြင်းသာမဟုတ်ဘဲ သင့်စိတ်လွတ်ကိုယ်လွတ် မသုံးမိအောင် တားဆီးပေးပြီး သင်နောက်ကျမှ နောင်တရခြင်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

၎။သင့်ရဲ့ ငွေကြေးဆိုင်ရာ ပန်းတိုင်ကို အလွယ်တကူ ရောက်ရှိစေတယ်။( ၈၁ % ထောက်ခံ)

လူတိုင်းမှာ တစ်နေရာရာကို ခရီးထွက်ဖို့၊အနားစောစောယူဖို့ စတဲ့ အနာဂါတ် ပန်းတိုင်တွေရှိကြပါတယ်။ဒါပေမဲ့ ဒီလိုပန်းတိုင်ကိုရောက်ဖို့အတွက် တစ်လဘယ်လောက်သုံးရမလဲ၊ဘယ်လောက်စုရမလဲဆိုတာ သေချာမစဉ်းစားကြဘဲထီပေါက်ဖို့ပဲ ဆုတောင်းနေတဲ့သူက များပါတယ်။တစ်လ ဘယ်လောက်သုံးစွဲမလဲဆိုတာကို မှတ်သားထားခြင်းဟာ သင်ဘယ်လောက်တော့ စုမယ် ဘယ်လောက်သုံးမလဲဆိုတာကို အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။

၅.ငွေကြေးကြောင့် စိတ်သောက ရောက်မှု နည်းပါးလာမယ်။(၇၅% ထောက်ခံ)

လူအများစုက ပိုက်ဆံအကြောင်းကိုမတွေးတောချင်ကြပါဘူး။ဘာကြောင့်လဲဆိုတော့ သူတို့ကို စိတ်သောက ရောက်စေလို့ပါ။အမေရိကန် စိတ်ပညာအသင်းးကတော့ အမေရိကန်နိုင်ငံသားအများစုဟာ သူတို့ပြီးခဲ့တဲ့လက ပိုက်ဆံသုံးစွဲမှုကြောင့် အဓိက စိတ်သောက ရောက်ကြရတာ ဖြစ်ပါတယ် လို့ဆိုထားပါတယ်။လကုန်ရင်ပေးရမဲ့ အကြွေးတွေ၊လိုချင်တဲ့ အရာလေးတွေ စတဲ့ ပြဿနာတွေကြောင့် ခေါင်းကိုက်ရလေ့ရှိကြပါတယ်။ဒါပေမဲ့ ဒီကိစ္စတွေဟာရှောင်ပြေး လို့ရတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ဒီပြဿနာကို ဖြေရှင်းဖို့က သင်ရဲ့ ငွေကြေးသုံးစွဲမှုကို နေ့စဉ်မှတ်တမ်းတင်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူထားခြင်းဟာ အကောင်းဆုံး တစ်ခုဖြစ်ပါတယ်။ဒီကနေ့ခေတ်ဟာ Smart Phone ခေတ်ဖြစ်တာနဲ့အညီ သင်ဖုန်းမှာ Badget ဆိုင်ရာမှတ်တမ်းတင်လို့ရတဲ့ App တွေအသုံးပြုပြီး အလွယ်တကူ မှတ်တမ်းတင်နိုင်တယ် ဆိုတာကို ဖော်ပြ လိုက်ပါတယ်။

Credit:Lumos (Shwemom)

Ref : Life Hack