gun

မိုဘိုင်းဖုန်း သို့မဟုတ် အင်တာနက်သုံး ချိတ်ဆက်သုံးနိုင်တဲ့ ကိရိယာတစ်စုံတစ်ခုကို ကိုင်တွယ်သုံးစွဲခြင်းမပြုရန် ညွှန်ကြားခဲ့ပါတယ်။

အွန်လိုင်း မှောင်ခိုဈေးကွက် ကနေ စက်သေနတ် တစ်လက်နဲ့ ကျည်ဆန် အတောင့် ၁၀၀ ပါ ကျည်ကပ် များ ဝယ်ယူရန်ကြိုးပမ်းခဲ့မှုဖြင့် မြောက်အိုင်ယာလန် မှာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေး တစ်ဦးကို တရားရုံး မှာ စွဲချက်တင် ကြားနာစစ်ဆေးခဲ့ပါတယ်။ ၎င်းကို အသက်အန္တရာယ် ခြိမ်းခြောက်ရန်ရည်ရွယ်ပြီး လက်နက်နဲ့ ခဲယမ်းမီးကျောက် ပိုင်ဆိုင်ရန် ကြံစည်အားထုတ်မှုဖြင့် အန်ထရမ်ကောင်တီ ရှိ Ballymena Magistrates’ တရားရုံးမှာ စွဲချက်တင် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ယောက်ျာ လေးဟာ အခြားသူတစ်ဦးကို လက်နက်သုံးပြီး ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက တရားရုံးကို ပြောပါတယ်။ ၎င်းကို မြောက်အိုင်ယာလန်နိုင်ငံ Coleraine မြို့ရှိ Riverside Retail Park မှာ ဧပြီ ၆ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဆယ်ကျော်သက် ယောက်ျားလေး က ပေါင်စတာလင် ၁၅၀ ဖြင့် ကျည်ဆန်များ ဝယ်ယူခဲ့ပြီး နောက်ထပ် သေနတ်ဝယ်ယူရန် စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။

Ballymena Magistrates’ တရားရုံး

ရဲတပ်ဖွဲ့က စစ်ဆေးရာမှာတော့ ၎င်းရဲ့ Facebook သူငယ်ချင်း အသက် ၄၀ အရွယ် ဂျမေကာအမျိုးသားက ကျည်ကပ်အလွတ်နဲ့ ပစ်ခတ်လို့မရတဲ့ သေနတ်တစ်လက်ကို ရှာဖွေပေးရန် ပြောခဲ့တယ်လို့ အဆိုပါ ယောက်ျားလေးက ထွက်ဆိုပါတယ်။ ထို့နောက် သေနတ်နဲ့ကျည်ကပ်တွေကို အွန်လိုင်း မှောင်ခိုဈေးကွက်မှတစ်ဆင့် မှာယူခဲ့ကြောင်း ပြောပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ သေနတ်နဲ့ ကျည်ကပ်တွေကို အွန်လိုင်းကနေ ရှာဖွေမှာယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သို့သော် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ အဆိုပါ ၁၄ နှစ်သား အွန်လိုင်းကနေ မှာယူခဲ့တာဟာ ကျည်ဆန်အစစ်တွေနဲ့ တစ်ကယ်ပစ်ခတ်နိုင်တဲ့ သေနတ်တစ်လက် ဖြစ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ၎င်းကို ကျည်ကပ်အလွတ်နဲ့ ပစ်ခတ်လို့မရတဲ့ သေနတ်တစ်လက် ရှာဖွေခိုင်းခဲ့သူရဲ့ Facebook အကောင့်ဟာလည်း အတုဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

သေနတ် နဲ့ကျည်ကပ် များ ဝယ်ယူခဲ့သည့် ၁၄ နှစ်သားကို ဖမ်းဆီးခဲ့သည့်နေရာ

ရဲတပ်ဖွဲ့က ဆယ်ကျော်သက် ယောက်ျားလေးကို အာမခံမပေးရန် တရားရုံးသို့ တင်ပြခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပါက သေနတ်နဲကျည်ဆန် ဝယ်ယူရန်အတွက် အွန်လိုင်းမှာ ၎င်း ပြောဆိုထားမှုတွေကို ဖျက်ပစ်နိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ နောက်ဆုံးမှာ တရားရုံးက တရားခံ ဆယ်ကျော်သက်အား ပေါင်စတာလင် ၅၀၀ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပါတယ်။
တရားရုံးက ၎င်းကို နေအိမ်မှာသာ နေထိုင်ရန်နဲ့ မိုဘိုင်းဖုန်း သို့မဟုတ် အင်တာနက်သုံး ချိတ်ဆက်သုံးနိုင်တဲ့ ကိရိယာတစ်စုံတစ်ခုကို ကိုင်တွယ်သုံးစွဲခြင်းမပြုရန် ညွှန်ကြားခဲ့ပါတယ်။ တရားရုံးညွှန်ကြားချက်တွေကို မလိုက်နာပါက လူငယ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားမယ်လို့ သတိပေးခဲ့ပါတယ်။ သေနတ်နဲ့ကျည်ကပ်တွေ အွန်လိုင်းကနေ ဝယ်ယူရန်ကြိုးပမ်းခဲ့တဲ့ ၁၄ နှစ်သားကို လာမယ့် ဧပြီ ၂၅ ရက်မှာ နောက်တစ်ကြိမ် တရားရုံးထုတ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Credit : Duwun