gsmarena-
အဆင့်မြင့် စမတ်ဖုန်းလောကထဲမှာ Snapdragon 835 လို နောက်ဆုံးထွက် processor စနစ်ကို သုံးတဲ့ ဖုန်းကို လက်ချိုးရေလို့ ရပါတယ်။ Galaxy S8 လို နာမည်ကြီးစမတ်ဖုန်းပြီးရင် ဒီလိုမျိုး အရည်အသွေးမြင့် features များနဲ့ မိတ်ဆက်လိုက်တာကတော့ ကင်မရာနှစ်လုံးတွဲပါ Xiaomi Mi 6 ပဲ ဖြစ်ပါတယ်။

ဧပြီလလယ်မှာ ထွက်ရှိလာမယ်လို့ သတင်းပြေးနေတဲ့ Mi 6 ဟာ ယခုနှစ်ထွက် Xiaomi ထုတ် စမတ်ဖုန်းများထဲမှာ အဆင့်မြင့်ဆုံး စမတ်ဖုန်းဖြစ်ပြီး မျက်စိကို ဖတ်နိုင်တဲ့ iris recognition ပါရှိပြီး ဘေးလေးဘက်စလုံးကို ကွေးညွှတ်ထားတဲ့ ကြွေထည်ကိုယ်ထည်ဒီဇိုင်းနဲ့ လာမှာ ဖြစ်သလို Mi Mix လိုပဲ ရေစိုခံခြင်းနဲ့ ဝိုင်ယာလက်ကြိုးမဲ့အားသွင်းစနစ်များပါ ပါရှိလာမှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းနဲ့  အရောင်အသွေးပိုင်းကတော့ ယူကေမှာ မြန်မာငွေ ၈ သိန်းကျော် ဈေးနှုန်းနဲ့ ရောင်းချနေတဲ့ Huawei ရဲ့ Honor 8 Pro နဲ့ ဆင်နေတာကို တွေ့ ရပါတယ်။
Xiaomi ရဲ့ Mi 6 မှာ RAM 6GB/internal storage 64GB ဗားရှင်းနဲ့ internal storage 128GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ထွက်လာတာပါ။ ထူးခြားတာက ဒီဖုန်းဟာ လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ Galaxy S8 ပြီးရင် Qualcomm ရဲ့ အမြင့်ဆုံး နောက်ဆုံးထွက် Snapdragon 835 processor ကို အသုံးပြုလာတဲ့ ဒုတိယမြောက် စမတ်ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၁၅ လက်မအရွယ် display နဲ့ ထွက်လာပြီး ရှေ့ ခြမ်းမှာ 8MP ဆဲလ်ဖီ ကင်မရာပါရှိပါတယ်။ ကျော်ဘက်မှာ ပါရှိတဲ့ 12MP စနစ်သုံး နှစ်လုံးတွဲ ကင်မရာစနစ်ဟာ iPhone 7 Plus လိုမျိုး အဝေးဆွဲပြီး telephoto ရိုက်ကူးနိုင်ပါတယ်။ မျက်နှာပြင် ၅ လက်မ ဝန်းကျင်စမတ်ဖုန်းများရဲ့ ကင်မရာနှစ်လုံးတွဲစနစ်မှာ Xiaomi Mi 6 ဟာ ဒါမျိုးသုံးနိုင်တဲ့ ပထမဆုံးဖုန်းလို့ ခေါ်ရမှာပါ။ ကင်မရာစနစ်ပိုင်းမှာ ပုံရိပ်ငြိမ် ရိုက်ကူးနိုင်တဲ့ 4-axis Optical Image Stabilization နည်းပညာများ Portrait Mode များပါဝင်ပါတယ်။

နောက်ထပ်ထူးခြားတဲ့အချက်ကတော့ 3.5mm နားကြပ်ပေါက် မပါတော့တာ ပါပဲ။ နားကြပ်ပေါက်ကို ဖြုတ်ပစ်လိုက်ပေမယ့် stereo စပီကာများကို ထည့်သွင်းထားပါတယ်။ ဒီစပီကာတွေကိုတော့ ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်ခြမ်းများမှာ ထည့်ထားတာ ဖြစ်ပါတယ်။ နားကြပ်ပေါက် ဖြုတ်ထားပေမယ့် နားကြပ်တပ်နားထောင်ချင်ရင် USB C type ပေါက်ကနေ တပ်ပြီး သီချင်းနားထောင်နိုင်မှာပါ။ ဖုန်းရဲ့ အရှေ့ ဘက် home button မှာ လက်ဗွေစကင်ဖတ်စနစ်ကို ထည့်သွင်းထားပြီး ဘက်ထရီပိုင်းမှာ 3350 mAh ဘက်ထရီကို သုံးထားတာ ဖြစ်ပြီး တစ်နေ့ လုံး ဖုန်းအသုံးပြုနိုင်စေမယ့် MIUI optimisation mode ကိုလည်း သုံးထားပါတယ်။
စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာ သတ်မှတ်တဲ့ Antutu ရဲ့ အဆင့်သတ်မှတ်ချက်မှာ Mi 6 ဟာ 184292 အမှတ်နဲ့ 164095 မှတ်ရထားတဲ့ Galaxy S8 ရဲ့ အထက်မှာ ရပ်တည်နေပါတယ်။ Galaxy S8 မှာ ပါဝင်လာတဲ့ ကမ္ဘာ့ပထမဆုံး Bluetooth 5.0 စနစ်ကိုလည်း ဒီစမတ်ဖုန်းမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။ အရောင်အသွေးအနေနဲ့ အဖြူရောင် ၊ အနက်ရောင်နဲ့ အပြာရောင်အပြင် Silver Edition ကာလာပါ မိတ်ဆက်လာတာပါ။
ဈေးနှုန်းအနေနဲ့ 64GB ဗားရှင်း Xiaomi Mi 6 ကို ယွမ် ၂၄၉၉ (ဒေါ်လာ ၃၆၀) နဲ့ 128GB ဗားရှင်းအတွက် ၂၈၉၉ ယွမ် (ဒေါ်လာ ၄၂၀) ဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ထူးထူးခြားခြား ဘေးလေးဘက်စလုံးကို ကွေးညွှတ်ထားပြီး ကျောဘက်ကင်မရာမှာ ၁၈ ကာရက် ရွှေကွပ်ထားတဲ့ သီးသန့် ကြွေထည်ကိုယ်ထည်ဒီဇိုင်းကိုတော့ ၂၉၉၉ ယွမ် (၄၃၅ဒေါ်လာ)ဈေးနဲ့ လာမယ့် ဧပြီလ ၂၈ ရက်ကစပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Credit: Duwun