တရုတ်ရဲ့ ပိုးလမ်းမသစ်စီမံကိန်း ရဲ့ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ဈေးကွက်တွေအတွက် တစ်နာရီကို အမြင့်ဆုံးကီလိုမီတာ ၄၀၀ မြန်နှုန်းရှိတဲ့ ကျည်ဆန်ရထားမျိုးဆက်သစ်တွေကို ၂၀၂၀ ခုနှစ်မှာ အသင့်ဖြစ်နိုင်ဖို့ တရုတ်နိုင်ငံက ကြိုးပမ်းတည်ဆောက်နေတယ်လို့ နိုင်ငံ့ထိပ်တန်းမီးရထားထုတ်လုပ်ရေးကုမ္ပဏီက ပြောပါတယ်။

“နောက်ပိုင်းထွက်မယ့် အမြန်ရထားတွေအတွက် သုတေသနနဲ့ ထုတ်လုပ်မှုမှာ ကာဗွန်ဖိုက်ဘာနဲ့ အလူမီနီယမ် အလွိုင်းတို့လို ပစ္စည်းသစ်တွေ ထည့်သွင်းအသုံးပြုမှာဖြစ်ပါတယ်။ သူတို့က အလေးချိန်ပိုနည်းစေပြီး စွမ်းအင် အကုန်သက်သာစေမှာပါ” လို့ China Railway Rolling Stock Corp ရဲ့ ကုမ္ပဏီခွဲ CRRC Changchun Railway Vehicles Co ရဲ့ အကြီးတန်းအင်ဂျင်နီယာ ကျောင်းဖန် ကပြောပါတယ်။ သည်ရထားသစ်တွေကို ပိုးလမ်းမသစ်စီမံကိန်းအောက်က ဈေးကွက်တွေမှာ ရရှိနိုင်မှာဖြစ်ပြီး ၎င်းတို့က တစ်နာရီ ကို ကီလိုမီတာ ၃၅၀ ပြေးဆွဲနိုင်တဲ့ အမြန်ရထားတွေနဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်းလောက် လောင်စာအစား သက်သာ စေနိုင်မယ်လို့ သိရပါတယ်။ သည်ရထားတွေအတွက် ထုတ်လုပ်သူနဲ့ တင်ပို့သူက CRRC ဖြစ်လိမ့်မယ်လို့ ကျောင်းက ပြောပါတယ်။

၂၀၂၀ မှာ ဈေးကွက်တွင်းရောက်ရှိတာနဲ့ သည်ရထားသစ်တွေက ဒေသတွင်းကူးလူးဆက်သွယ်ရေးကို တိုးမြှင့် နိုင်မှာဖြစ်ပြီး ပိုးလမ်းမသစ်စီမံကိန်း ကတဆင့် တရုတ်နဲ့ပြည်ပနိုင်ငံတွေကြားမှာ စီးပွားရေးလမ်းကြောင်းသစ်တစ်ခု ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း သူက ထပ်ပြောပါတယ်။ တစ်နာရီ ကီလိုမီတာ ၄၀၀ အမြန်ရထားပရောဂျက်ဟာ လူဦးရေထူထပ်လွန်းတဲ့နိုင်ငံတွေမှာ ကားတွေကိုချည်း အားကိုးနေရတဲ့အနေအထားကနေ ခရီးသည်ပို့ဆောင်ရေးနည်းလမ်းပြောင်းလဲပေးနိုင်လိမ့်မယ်လို့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ မီးရထားပို့ဆောင်ရေးဆိုင်ရာသုတေသီ ဖန်းဟောင် ကပြောပါတယ်။

တရုတ်က သည်ကျည်ဆန်ရထားကို ဘေဂျင်း-ရှန်ယန်း မီးရထားလမ်းရဲ့တစ်စိတ်တစ်ပိုင်းမှာ စမ်းသပ်မောင်းနှင် မယ်လို့ ကျောင်းကပြောပါတယ်။ စမ်းသပ်ဆဲရထားလမ်းကို ၂၀၁၉ ခုနှစ်မှာ အပြီးလုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ နည်းပညာနဲ့စက်ကိရိယာပိုင်းအဆင့်မြှင့်တင်မှုတွေနဲ့အတူ သည်ပရောဂျက်ကို ပြီးစီးသွားတာနဲ့တစ်ပြိုင်နက် တရုတ်ဟာ နည်းပညာသစ်ကို ပြည်တွင်းမှာလည်း အသုံးချနိုင်မှာဖြစ်တယ်လို့ ကျောင်းက ဆိုပါတယ်။ တရုတ်ပြည်က အခုနှစ်အစောပိုင်းမှာ Taiyuan Iron and Steel (Group) Co ကပြုလုပ်တဲ့ ပြင်းအားမြင့် ဘယ်ရင်တွေမှာ လမ်းသစ်ထွင်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် သည်နိုင်ငံက ပြည်တွင်း၊ ပြည်ပ ရထားဝန်ဆောင်မှု လုပ်ငန်းတွေအတွက် အစိတ်အပိုင်းတွေ၊ စက်ကိရိယာတွေကို တွက်ခြေကိုက်တဲ့ နည်းလမ်းနဲ့ ထောက်ပံ့ရောင်းချ ပေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

YSD

Ref: ChinaDaily, May-3,2017

Credit: Kumudra