laughing-child-1-xh39gk
” ဒီမှာရှင့် ကိုအ၀ှာ အဲဒါ ဘယ်သူလည်း ပြော ။ ပြောဆို ခုချက်ချင်းပြောနော် ”

” ဟင် .. ဘယ်မှာလဲ ချစ် ”

” ဒီမှာလေ ”

ဆိုပြီး Messager ကနေ
screen shot ရိုက်ထားတာ ပို့လာတယ် ..

” ဗုဒ္ဓေါ ”
ငရဲ တွေတော့ ကြီးကုန်တော့မှာပဲ

သူပြောနေတာ ကျုပ်ရွာက ဘုန်းကြီး
ဘွဲ့နာမည်က ဥူးခေမာ တဲ့.. facebook ဖွင့်ထားတာက
ခေမာဆိုတဲ့ နာမည်နဲ့ ..

အဲဒါကို မယ်မင်းကြီးမက
ဘုမသိဘမသိနဲ့ ရစ်တာ ..

” ကြည့်စမ်း .. ရှင်က စပြီး နှုတ်ဆက်ထားတာ
ဟို ကောင်မ ကလည်း တော်တော်ရွတဲ့ဟာမ
ပြန်တောင် ဟိုင်းနေသေးတယ် ”

” ဟာ .. ”

” အဲလိုတွေ စိတ်မချလို့ ရှင့်အကောင့်
Password ယူထားတာ .. ဒါတောင်ဗြောင်လိမ်ဗြောင်စား လုပ်ချင်နေသေးတယ် ”

” ညယ် .. အဲဒါ အိမ်မှာဆွမ်းစားကြွနေတဲ့ဘုန်းဘုန်းလေ ”

ဆိုတော့လည်း မရဘူး .. ငတိမက
အကုန်ပတ်ရမ်းနေတာ

” ရှင်တို့ ယောက်ျားတွေက တော်တော်လည်း
တတ်နိုင်ကြတယ်နော် .. ခေမာလို့ အရှင်းကြီး
တွေ့နေတာကို ဘုန်းကြီး လို့ လိမ်နေသေးတယ် ”

” ဟောဗျာ .. အာ့ဆို သူ့ wall ထဲဝင်ကြည့် ”

” မကြည့်ချင်ပါဘူး .. ရှင်တို့ပုံတွေကို ကျမက
အရသာခံပြီး ကြည့်စရာလား ”

” ဟယ် .. ”

ကြာလေဆိုးလေ၊ ရှင်းလေရှုပ်လေဆိုတော့
နောက်ဆုံး မတတ်နိုင်တာနဲ့ ဘုန်းကြီး ရဲ့
ဖုန်းနံပါတ်ကိုပေးပြီး ဆက်ခိုင်းရတော့တယ်

” ရော့ .. 09 ×××××××
မယုံရင် အဲ့နံပါတ်ကို ဆက်ပြီးမေး ”

” ဪ.. ရှင်တို့က ဖုန်းနံပါတ်တွေတောင်
အပြန်အလှန်ပေးထားကြပြီကိုး ”

” ငှယ် ”

” တော်ပါပြီ .. ရှင့်လို ယောက်ျား မျိုးနဲ့
ဘယ်လိုမှ ဆက်ပြီး မပေါင်းနိုင်တော့ဘူး
ဒီနေ့ကစပြီး ကျမကို မေ့လိုက်ပါတော့ ”

အုမ် … ရစ်ချင်တာ ရစ်ပြီး ငတိမက
Log Out လုပ်သွားပြီ .. ဖုန်းဆက်တော့လည်း
မကိုင် .. သိပ်မကြာပါဘူး ငတိမက ကျုပ်
အကောင့်ထဲဝင်ပြီး status ဝင်ရေးသွားတယ်

‘စနိုက်ကျော်မ ၊ ချဉ်ပေါင်ရိုးမ
စမူဆာ တခြမ်းပဲ့မ ၊ တစ်ရာဖိုးသုံးခုမ
ငါ့လင်ကို လိုချင်ရင် ဒဲ့လာပြော
အလကား ပေးလိုက်မယ် .. ဒါပဲ
ပုံ / သူ့မယား Feeling angry with ခေမာ’

ဟာ .. သောက်ကျိုးတော့နည်းကုန်ပါပြီ

ရိုးရိုး ရေးတယ်ဆို တော်သေးတယ်

ဘုန်းကြီး အကောင့်ကိုပါ tag ပြီး ရေးသွားတာဗျာ
ကျုပ်မှာ ပြန်ဖျက်လိုက်ရင်လည်း
ဟို မိန်းမက စိတ်တိုအုံးမယ် .. မဖျက်ပဲ
ထားပြန်တော့လည်း .. ဘုန်းကြီး ကို အားနာရအုံးမယ်

အာ့နဲ့ ..
” ဘုန်းဘုန်း .. ကန်တော့နော်

အာ့ တပည့်တော်ရဲ့ မာတုကာမလောင်း
ဝင်ရေးသွားတာပါ ”

ဆိုပြီး comment ဝင်ရေးလိုက်တယ်..

ကံကောင်းလား ဆိုးလားတော့ မသိဘူး

ဘုန်းကြီး က အွန်လိုင်း မှာရှိနေတော့ ချက်ချင်း
Reply ပြန်လာတယ်

” ရပါတယ် .. ဒကာလေး
ဘုန်းဘုန်း ဖြေရှင်းပေးပါ့မယ် ”

” တင်ပါ့ ”

သိပ်ပင်မကြာလိုက် .. ဘုန်းကြီး ဆီကဖုန်း
ကျုပ်ဆီဝင်လာတယ် ..

” ဟဲလို ”

” ဟုကဲ့ ဘုန်းဘုန်း ”

” ဒကာလေး တို့ အဆင်ပြေသွားကြမှာပါ ”

” ဟင် .. ဘုန်းဘုန်း ဘယ်လိုလုပ်လိုက်တာလဲ ”

” ဘုန်းဘုန်း ဘားမှ မလုပ်ပါဘူး ..ဒကာလေးပြောတဲ့ မာတုကာမလောင်း က ဘုန်းဘုန်း ကို
Video Call ခေါ်လာတယ်ကွယ် ”

” ဟာ .. တင်ပါ့ ”

” အဲဒါ ဘုန်းဘုန်း က ကိုင်လိုက်တော့
ဘုန်းဘုန်း ရဲ့ ပုံကို မြင်သွားပြီး ဖုန်းပြန်ချသွားတယ်ကွဲ့ ”

” တင်ပါ့ .. အဲ့လောက်ဆို မာတုကာမလောင်း လည်း သိသွားလောက်ပါပြီ ဘုရား .. တပည့်တော်ကိုခွင့်ပြုပါအုံး ..Status လည်း ပြန်ဖျက်လိုက်ပါအုံးမယ် ”

” အိမ်း ”

ဖုန်းချသွားတာနဲ့ ကျုပ်လည်း ဖေ့ဘွတ် ထဲဝင်ပြီး
Status ဖျက်မယ်လုပ်တော့ Status ကမရှိတော့ဘူး
သေချာတယ် .. ဒါ ဟို မိန်းမ ပြန်ဖျက်သွားတာ

အာ့နဲ့ ငတိမ ဆီ ဖုန်းဆက်တယ် .. မကိုင်ဘူး
လေး ငါးခါ ခေါ်တယ် .. လုံးဝမကိုင်ဘူး

သူ့ ခမျာ ရှက်သွားတာနဲ့တူတယ် ..

ခဏကြာတော့
Message တစ်စောင်ပို့လာတယ်

” ကိုကို .. သဲတောင်းပန်တယ်နော် .. သဲက
စိုးရိမ်စိတ် များဝါးတာလေ .. ဘုန်းဘုန်းကိုလည်း
မက်စိ ပို့ပြီး တောင်းပန်လိုက်ပါပြီ .. ဘုန်းဘုန်း က
ရပါတယ် ဒကာမ တဲ့

နောက်မဖြစ်စေရဘူးနော် .. အရမ်းချစ်တယ် ဒါပဲ ”

ငှယ် .. သူကျတော့လည်း လွယ်လိုက်တာဗျာ

ဘုန်းဘုန်း ဆိုကျုပ်ကိုတောင် ဘလော့ သွားတယ်.

အိမ်ကို မေးကြည့်တော့လည်း ဆွမ်းတောင်
လာမဘုန်းတော့ဘူးတဲ့ ..

ကျုပ်မှာဖြင့် ရှက်လွန်းလို့ facebook ပေါ်တောင်
မတက်ရဲဘူး ..

တက်တာနဲ့ မေးကြပြီလေ
ဘုန်းကြီး နဲ့ ဘာဖြစ်ကြလဲ တဲ့ ..

ကျုပ်ရည်းစားနဲ့ ရန်ဖြစ်ကြတာလို့ ဖြေလည်း မဟုတ်

ဘုန်းကြီး မှန်း မိန်းမမှန်း မသဲမကွဲဖြစ်သွားတာ
ပြောလည်းမဟုတ် ..

နောက်ဆုံး မေးခွန်းတွေကိုမခံစားနိုင်လို့
အကောင့်ကိုပါ ဖျက်လိုက်ရတော့တယ် ..

အဲဒါ
ရှက်လို့ ခုချိန်ထိဘယ်သူမှ မပြောပြဘူး .. တကယ် !🤣

Credit: 👉 စိန်သောင်း