ဒီဇာတ်လမ်းတွေရိုးအီနေပြီဆိုပေမယ့် ကြုံသမျှလေး ကိုယ်ပြောပြချင်သေးသည်..
ခုတလော fb ပေါ်မှာ တင်ထားတဲ့ post လေးတစ်ခုက ကွက်ကွက်ကွင်းကွင်း ပေါ်လွင်သည်..
လူနာတစ်ယောက် ဆေးရုံမှာ သေတာ နဲ့ ရွာမှာ နတ်ကတော်ကုရင်းသေတာ နှိုင်းယှဉ်ပြထားသည်…
ဆေးရုံမှာ သေခဲ့လျှင် လူနာရှင်တွေက ဆရာဝန်ကို ဆဲဆို ကြိမ်းမောင်းပြသနာရှာကြသည်..
ရွာမှာ နတ်ကတော်(ခေါ်)ရမ်းကု ကုရင်းသေလျှင် ဒါ ကုသိုလ်ကံပဲ..ဘုရားသခင်အလိုတော်ပဲ စသည်ဖြင့် သူကုပေးလို့ ဒါလောက်နေရတာဆိုပြီး ရမ်းကုကို ကျေးဇူးတင်မဆုံးရှိကြသည်…
အပြင်မှာလည်းဒီအတိုင်းပဲဖြစ်နေတာပဲလေ…
ကိုယ့် လူနာ တချို့ ဆေးကုသခွင့်မရကြပဲ နတ်ကဖို့ ရွာပြန်ခေါ်ချခံကြရတာ မနည်းတော့ပေ…
ဆရာဝန်တွေမှာ တောင်းပန်ရသည်…တခါတရံ ရန်ပါဖြစ်ပြီး လူနာကိုဆေးကုသခွင့် တောင်းရသည်…
ဒါပေမယ့် ဆရာဝန်ဆိုတာ ဘယ်လောက် ကုပေးချင်နေပါစေ ကုသင့်နေပါစေ လူနာက ခွင့်မပြုလျှင် ကိုင်တောင်မကိုင်ရတာဂလား..ဒါ ဆရာဝန်၏ကျင့်ဝတ်…လူနာ၏ autonomy ခေါ် ကိုယ်ပိုင်အခွင့်အရေး…
တားမရတဲ့အဆုံး ပြန်ပေးခေါ်ရတာပင်…
ပြန်ခေါ်သွားလျှင် ကျိန်းသေ သေမှာ သိရက်နဲ့ ခွင့်ပြုပေးခဲ့ရတဲ့ ဝတ်ကြွေးတွေ ကိုယ်တစ်နေ့ ပြန်လည်မှာကြောက်သည်…ဒါပေမယ့် ဘယ်တတ်နိုင်မလဲ…လူနာ့ ကံပဲပေါ့..
ရွာမှာ ရမ်းကုနဲ့ကု..လူနာ အသည်းအသန်ဖြစ်ချိန်မှ ဆေးရုံလာ..လာပြီးတစ်နာရီ နှစ်နာရီအတွင်း ချက်ချင်းကောင်းချင်ကြတာလေ..အဲလိုမှ မဟုတ်ရင် ရွာပြန်ခေါ်ချမယ် တကဲကဲပဲ…
ပညာ မတတ်ကြ ဗဟုသုတ မကြွယ်ကြတော့ လူလိမ်တွေရဲ့ သားကောင် ဖြစ်ကြရရှာသည်..ဒီလိုနဲ့ ကြွေလွင့်သွားသော အသက်တွေ မနည်းမနော..
ဖျားတာကို ပိုးသတ်ဆေး၅မျိုး အကိုက်ခဲပျောက်ဆေး၅မျိုး တပြိုင်ထဲပေးထားတာ…
ဘာကြောင့်ဖျားဖျား ငှက်ဖျားဆေးပေးတာ…
လက်မောင်းက သွေးကိုထုတ်ပြီး တင်ပါးထဲပြန်ထိုးထည့်ပေးတာ…
ထုံကျင်တာကို ဘက်ထရီ လျှပ်စစ်နဲ့ တို့ကုတာ..
အရိုးကျိုးတာကို ငရုပ်သီးထောင်းနဲ့ ကြပ်စီးတာ..
လေဖျန်းတာကို လက်တစ်ခုလုံး တင်းနေအောင်ကြပ်စည်းပစ်တာ ..
သွေးလွန်တုတ်ကွေးကို ဆေးမြစ်ပြုတ်တိုက်တာ…
ဆီးချိုလူနာရဲ့ ခြေထောက်ကအနာကို ရွာမှာတင် ခြေချောင်းလေးတွေ ဖြတ်ပစ်လိုက်တာ…
ခွေးရူးကိုက်တာကို ဆနွင်းနဲ့မန်းတာ…
မပေးသင့်မပေးထိုက်တဲ့ဆေးတွေပေးတာလောက်တော့ ထည့်ပြောမနေတော့ပါဘူး..
ဆရာဝန်တိုင်းမှာလည်း ပြောစရာ ဇာတ်လမ်းတွေ အများကြီး ရှိနေမှာ မလွဲပင်…
ဟိုတနေ့ညနေက ကိုယ့်ကို လူနာတစ်ယောက်လာပြသည်…
ကိုယ် အခန်းထဲ မဝင်ခင်မှာပဲ သူ့ညည်းသံကြားနေရသည်…မြင်လိုက်ရတဲ့မြင်ကွင်းကတော့ စိတ်မသက်သာစရာ…လူနာ အဒေါ်ကြီးမှာ ဒူးနှစ်လုံးထောင်ရင်း အော်ဟစ် ညည်းညူနေသည်…
ကိုယ်.. ဘာဖြစ်တာလဲ
လူနာရှင်.. ခါးနာတာ ဆရာမ ထိုင်တောင်မထိုင်ဘူး ခုလိုပဲ အိပ်ရင်းအော်နေရတယ်
ကိုယ်..ဘယ်လောက်ကြာပြီလဲ
လူနာရှင်..ကြာတော့ကြာပြီဖြစ်နေတာ ဆရာဝန်လည်းစုံနေပြီ..ဓါတ်မှန်လည်းရိုက်ထားပြီးပြီ ဒီမှာ
ကိုယ်..ဪ ဒါဆို အထူးကုနဲ့ပြထားပြီးပြီပဲ စာအုပ်လေးပါရင်ပြပါလား…
လူနာရှင်..အဲအဲ ပြတယ်ဆိုပေမယ့် ခု မပြတော့ပါဘူး ကြာပြီ
ကိုယ်..ဪ ဘာဖြစ်လို့လဲ အဒေါ်..
လူနာရှင်..အဲဆရာက ဆေးနဲ့မသက်သာရင် ခါးခွဲရမယ်ပြောလို့ ဆက်မပြတော့ဘူးလေ ခွဲမှ မခွဲချင်တာ…ဒါနဲ့ နောက်ဆရာ တစ်ယောက်ပြောင်းပြတယ်လေ အဲဆရာဆေးသောက်နေရင်းနဲ့ ခုလို ပိုဆိုးလာတာပေါ့
ကိုယ်..(အထူးကု နှစ်ယောက်လုံးရဲ့ စာအုပ်တွေ ပြန်ကြည့်လိုက်ပြီး) အဒေါ်ရယ် ခွဲသင့်လို့ ခွဲရမယ် ပြောတာ ထင်ပါတယ် အခု လူနာက ခါးရိုးဆစ်ကျီးပေါင်းက အာရုံကြောကို ဖိမိနေလို့ အရမ်းနာနေတာလေ…တခြားရှင်းပြသင့်တာတွေ ကိုယ်တော်တော် အချိန်ယူရှင်းပြ လိုက်ရသည်..
အတိုချုံ့ရသော်…
ကဲကဲ ကျမ ခဏ စမ်းမယ်နော် ဆိုပြီး စမ်းတာပေါ့…
လူနာ ဗိုက်ကိုလည်း လှန်လိုက်ရော ကိုယ် မျက်လုံး ပြူးသွားတော့သည်…
ဟယ် ဒါ ..ဒါဘာဖြစ်တာလဲ..
လူနာရှင်လည်း (မျက်နှာ အပျက်ပျက်နဲ့ )
ဘဘုန်းလုပ်ခိုင်းတာ…
ကိုယ်..အင်! ဘယ်ကဘဘုန်းလဲ သူကဆရာဝန်လား ဘာလုပ်ခိုင်းတာလဲ
လူနာရှင်..သဲပူကျပ်ထုပ်ထိုးခိုင်းတာ…သဲကို အပူပေးအဝတ်နဲ့ထုတ် ချက်ပေါ်တင် ပြီးတော့ ဖန်ခွက်ကို ဖယောင်းတိုင်မီးနဲ့မြိုက် အပေါ်က အုပ်ချတာ..အမေဖြင့် အော်လိုက်တာ မခံနိုင်တဲ့အဆုံး ဖန်ခွက်ကိုခွဲပစ်ရတာ…
ကိုယ်..ဪ (ဒေါသကို အတော်မြိုချရင်း)ဘာလို့လဲ နာတာကခါး ထိုးတာက ချက်
လူနာရှင်..ဟုတ်တယ်လေ..ဘဘုန်းကပြောတယ် အမြစ်ထုတ်ရမယ်တဲ့..
ကိုယ်..(ပါးစပ်အဟောင်းသားနဲ့ ဘာမှပြန်မပြောနိုင်)
ခါးရဲ့ အမြစ်က ချက်မှာ ရှိသတဲ့လား..
လူနာရှင်..အင်း အဲလိုပြောတာပဲ
ကိုယ်..ကိုယ့်အမေကိုမလုပ်ခင် ကိုယ့်ကိုယ်ကို အရင်လုပ်ကြည့်ပါလား..
လူနာရှင်..(တွန့်ခနဲ)အန်!
ကိုယ်..ဟုတ်တယ်လေ ဒီလောက် ရက်စက်တဲ့ ကုနည်းမျိုး လုပ်ရက်လိုက်တာ..အဲဒိ ဘဘုန်းကရော ဘာလဲ..ဆရာဝန် အတတ်ကို တတ်သတဲ့လား..သူ့မေးကြည့်လိုက်စမ်းပါ..ဆေးပညာ မပြောနဲ့ ရန်ကုန်က ဆေးကျောင်းတောင် မြင်ဖူးရဲ့လားလို့..
ဇာတ်ပေါင်းလိုက်တော့…
လူနာကိုချက်ချင်းဆေးရုံတင်ရသည်…
အရိုးအထူးကုလည်း ချက်ချင်း oncall ခေါ်ပြရသည်..
ကိုယ့်ဘက်က သွေးတိုး ဆီးချိုလည်းကုရမည်…
ဒီ အပူလောင်နာလည်း ကုရဦးမည်…
အနာထဲ ပိုးမဝင်ပါစေနှင့်ဟု ဆုတောင်းရင်း…ကိုယ်ဒီစာကိုရေးဖြစ်သည်..

Credit: Aye Thida Aye