ပျော်ရွှင်ခြင်း

အိုသွေးနဲ့ အေသွေးအမျိုးစား လူနှစ်ဦးရဲ့ မီတာ (၅ဝဝဝ)အပြေးပြိုင်ပွဲမှာ ပညာရှင်တချို့က စစ်တမ်း ကောက်ယူခဲ့ကြတယ်။ စစ်တမ်းအရ လမ်းတစ်ဝက်မှာ အိုသွေးသမားက “ကောင်းလိုက်တာ.. မီတာ(၃ဝဝဝ) တောင် ငါပြေးခဲ့ပြီ” လို့ ပြောတယ်။ အေသွေးသမားက “ဟင်း.. မီတာ (၂ဝဝဝ)တောင် လိုသေးတယ်” လို့ ပြောခဲ့တယ်။

တကယ်တော့ အကောင်းဖက်ကို တွေးတောခြင်း (Positive thinking) ကို တဖြေးဖြေး မွေးမြူလို့ ရနိုင်ပါတယ်။ကလေးတွေနဲ့ ညစာစားတိုင်း ကျွန်မ ဟာသတွေ အမြဲပြောလေ့ရှိတယ်။ မိသားစုထမင်း ၀ိုင်းလေး စိုစိုပြေပြေဖြစ်လာတဲ့အပြင် ထမင်းစား မြိုင်ခဲ့ကြပြီးကလေးတွေ ခန္ဓာဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုခဲ့တယ်။

ထမင်းဟင်းတွေ မတော်တဆမှောက်ခဲ့ရင်လည်း သူတို့ကို ကျွန်မ မဆူခဲ့ဘူး။ ဘယ်လိုကိုင်တွယ်ရင် မမှောက်နိုင်ဘူး၊ မှောက်ခဲ့ရင်လည်း ဘယ်လို သိမ်းကျူံး ရမယ်ဆိုတာကိုပဲကျွန်မသင်ခဲ့တယ်။ ဒါမှ နောင်တစ်ချိန် သူတို့ဘာသာ လုပ်တတ်သွားလိမ့်မယ်။

တစ်ခါက ကလေးတွေ ထမင်းစားနေတုန်း ကျွန်မဟင်းရည်တစ်ခွက် သယ်လာတယ်။ ကံမကောင်းချင်တော့ ဟင်းရည်က စားပွဲပေါ်မှာ မှောက်သွားခဲ့တယ်။ (ကျွန်မကဘာလုပ်လုပ် အသေးစိတ် ဂရုစိုက်တတ်တဲ့သူပါ)

“ဟာ.. ဒီနေ့တော်တော် ထူးဆန်းတာပဲ။ မေမေ ဟင်းရည်တွေ မှောက်ချမိပြီ။ထီသွားထိုးဦးမယ်” လို့ ကလေးတွေကို ကျွန်မပြောတော့ သူတို့လေးတွေ ရယ်ကြပြီးကျွန်မကို ကူသိမ်းပေးကြတယ်။

“အာဟာရ စွပ်ပြုပ်” ဆိုတဲ့ စာအုပ်တစ်အုပ်မှာ ကျွန်မ ဖတ်မိတဲ့ ပုံပြင်တစ်ပုဒ်ကဒီလိုဆိုထားပါတယ်။ မိခင်တစ်ဦးဟာ အလုပ်မှာ စိတ်မကျေနပ်မှုတွေနဲ့ ကြုံခဲ့ရတယ်။အိမ်ပြန်ရောက်တော့ သားကလည်း ကျောင်းမှာ မကျေနပ်မှုတွေနဲ့ ကြုံခဲ့ရတယ်။ အဲဒီမှာ မိခင်က “သား လာကွာ.. စိတ်မကျေနပ်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မေမေတို့ McDonaldsသွားစား ကြရအောင်” လို့ ပြောလိုက်တယ်။

ဒီလိုအမေမျိုးက ပြုစုပျိုးထောင်လိုက်တဲ့ ကလေး တစ်ယောက်ဟာအမြဲတမ်းအကောင်းဘက်ကိုပဲ တွေးမြင်နေမယ်လို့ ကျွန်မထင်တယ်။

ခွဲစိတ်ခန်း မကြာခဏဝင်ရတဲ့ကျွန်မ အိမ်ပြန်ရောက် တော့ လူနာသတင်းမေးဖို့ ရောက်လာကြတဲ့ မိတ်ဆွေတွေ ကို “ငါမသေနိုင်သေးပါဘူးကွာ.. လူ့ပြည်က အိမ်စာတွေငါမပြီးသေးလို့ ဘုရားသခင်က ကောင်းကင်ဘုံပေါ် ငါ့ကိုပေးမတက်သေးဘူး” လို့သူတို့ ကို ကျွန်မစနောက်ခဲ့တယ်။

မနှစ်က နောက်တစ်ကြိမ် ထပ်ခွဲစိတ်ခံပြီးနောက် ကျွန်မရဲ့လှုပ်ရှားမှုတစ်ချို့ဆုံးရှုံးကုန်တယ်။ ကျွန်မအတွက် စိတ်မကောင်းကြတဲ့ မိတ်ဆွေတချို့ကို “ဒီလိုမကြာခဏအဖျားနာတဲ့ အတွေ့အကြုံက လူတွေ ကို ဘယ်လိုကူညီရမယ်၊ ဘယ်လို ကရုဏာထားရမယ်၊ ဘယ်လို ကိုယ်ချင်းစာရမယ်ဆိုတာကို ငါပို နားလည်ခဲ့တယ်” လို့ နှစ်သိမ့်ခဲ့တယ်။

“ဘာဖြစ်လို့ မိုးရွာရတာလဲ”လို့ မကျေမနပ်ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို “မိုးရွာမှသစ်ပင်တွေ ရေအခမဲ့ ချိုးရမယ်။ ပြီးတော့ ငါတို့လည်း သိပ်မပူတော့ဘူး။ မပူတော့ပန်ကာဖွင့်စရာမလိုဘူး။ မီတာခ သက်သာ တာပေါ့” လို့ ကျွန်မပြောပြလိုက်တယ်။

နောက်ပိုင်း အဲဒီကလေးဆီကနေ မိုးရွာတာကို မကျေနပ်တဲ့အသံ မကြားရတော့ဘူး။ ဟာသဥာဏ် ရွှင်တဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်ကို အမြဲ ပျော်ရွှင်အောင် နေတတ်သလိုကိုယ့်ဘေးက လူတွေကိုလည်း ပျော်ရွှင်အောင် ထားနိုင်တယ်။ မိတ်ဆွေသူငယ်ချင်းလည်း ပေါများနိုင်တယ်။ ဘာကြောင့် ကျွန်မတို့ မပျော်ရွှင်မှာလဲ?

နိုးစက်သံကြားရင် စောင်ကို ခေါင်းမြီးခြုံပြီး စိတ် အနှောင့်ယှက်ဖြစ်တတ်ပေမယ် ကျွန်မမှာ ကြားနိုင် စွမ်းရှိသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူး တင်မိတယ်။ ဒီလောကမှာ မကြားနိုင်တဲ့လူတွေ အများကြီး ရှိနေလို့ပါပဲ။

မျက်စိမှိတ်ပြီး မနက်ခင်းမှာ ရောက်လာတဲ့ နေရောင်ခြည် ကို မုန်းမိပေမယ့်ကျွန်မမှာ မြင်နိုင် စွမ်းရှိသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူး တင်မိတယ်။ဒီလောကမှာ မျက်မမြင်တွေ အများကြီး ရှိနေလို့ပါပဲ။

ကုတင်ပေါ်က ထရမှာ ပျင်းရိနေပေမယ့် ကျွန်မမှာ ခွန်အားနဲ့ထရပ်နိုင်စွမ်းရှိသေးတဲ့အတွက် ဘုရားသခင် ကို ကျေးဇူးတင်မိတယ်။ ဒီလောကမှာမလှုပ်မရှားနိုင်ဘဲ ကုတင်ပေါ်မှာပဲ ဘဝဆုံးသွားရတဲ့လူတွေ အများကြီး ရှိနေလို့ပါပဲ။

နေ့တစ်နေ့စတာနဲ့ စိတ်ညစ်စရာတွေက တွဲပြီး လိုက်ပါလာတယ်။ ဟိုပစ္စည်းရှာမတွေ့ဘူး၊ ဟင်းအိုး ဝေကျလို့ ညစ်ပတ်ကုန်ပြီ၊ ဟိုကလေးက ဒါယူမယ်၊ ဒီကလေးက ဒါစားမယ်နဲ့မနက်ခင်းတစ်ခုက ဆူညံ ပွက်လောရိုက်နေပေမယ့် ကျွန်မမှာ အိမ်တစ်အိမ် ရှိသေးတဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ဒီလောကမှာ အိုးမဲ့အိမ်မဲ့တွေအများကြီး ရှိနေလို့ပါပဲ။

စားပွဲဝိုင်းပေါ်က စားသောက်စရာတွေ မဂ္ဂဇင်းတွေ ထဲကလောက် အဆင်းမလှပေမယ့်ကျွန်မတို့မှာ စားဖို့အစာတွေ ရှိသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ဒီလောကမှာ ငတ်မွတ်နေတဲ့ လူတွေ အများကြီးရှိနေလို့ပါပဲ။

ဒီအလုပ်ကိုပဲ အထပ်ထပ်အခါခါ လုပ်နေရလို့ ပျင်းရိငြီးငွေ့မိပေမယ့် အလုပ်လုပ်ဖို့ကျွန်မအခွင့်အရေး ရခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ဒီလောကမှာ အလုပ်လက်မဲ့တွေ အများကြီးရှိနေလို့ပါပဲ။

ဘဝကုသိုလ်ကံက ဆိုးလိုက်တာလို့ မကြာခဏ ကျွန်မရေရွတ်တတ်ပေမယ့် အသက်ရှင်ခွင့် ရနေသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူး တင်မိတယ်။

ကျွန်မနဲ့အလုပ်အတူတူ၊ လခအတူတူ မိတ်ဆွေ တစ်ဦးက “ဘာကြောင့် လူတွေပိုပျော်ရွှင်ရတာလဲ? ဘာကြောင့်သူတို့မှာ အားသစ်အမြဲရှိနေသလဲ? တန်းတူမိသားစုတစ်စုမှာ ဘာကြောင့် သူတို့ လင်မယားကတစ်ယောက်ကိုတစ်ယောက်
ပိုချစ်ကြသလဲ?

ဘာကြောင့် မိဘနဲ့သားသမီး အပေးအယူ မျှနေ ကြသလဲ? ဘာကြောင့်သူတို့ကလေးရဲ့အပြုံးတွေက ငါတို့ကလေး ထက် ပိုကြည်လင်နေရသလဲ? ပျော်ရွှင်မှုကိန်းနှုန်းဟာ ဘာကြောင့် ဒီလောက်ခြားနား နေရသလဲ? လို့ မေးခဲ့တယ်။

အမေရိကား နာမည်ကြီး စာရေးဆရာ Dale Carnegie ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ဖိအားကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အချက်(၃ဝ)ချက်ထဲမှာ အချက်တစ်ချက်က “ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းကို တွက်ချက်ကြည့်ပါ” တဲ့။ ကျွန်မတို့ကကိုယ်ရဲ့ ကံကောင်းခြင်းအစား ကံမကောင်းတာကိုပဲ တွက်ချက်ခဲ့ကြတယ်။

*စိတ်ပျက်အားငယ်မှုကို ခံရတဲ့အခါ၊ အခက်အခဲတွေနဲ ကြုံရတဲ့အခါ ထရပ်ကြည့်ပါ။ အဲဒီအခက်အခဲထဲကနေ ကံကောင်းတဲ့ အခွင့်အရေးတချို့ကို ကျွန်မတို မြင်ကောင်းမြင်ပါလိမ့်မယ်။*

#Credit_နိုင်းနိုင်းစနေ