မြန်မာအာဏာပိုင်တွေဟာ တူရကီခိုလှုံခွင့်တောင်းခံသူ မူဟာမက်ဖာကန်ဆော့မန်းကို တူရကီကို ပြန်ပို့လိုက်တဲ့ အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရမယ့် ဖြစ်နိုင်ချေထဲ သူ့ကို သွတ်သွင်းလိုက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ဇွန် ၁ ရက်က ထုတ်ပြန်ပါတယ်။

“နိုင်ငံတကာဥပဒေကို ထပ်မံချိုးဖောက်ခြင်းမရှိစေဖို့ မြန်မာနဲ့ထိုင်းတို့ဟာ အန်ကာရာက အလိုရှိနေတဲ့ တူရကီ နိုင်ငံသား မှန်သမျှရဲ့ အကာအကွယ်တောင်းခံချက်ကို ကုလသမဂ္ဂအေဂျင်စီတွေထံ အကဲဖြတ်ခွင့်ပေးသင့်ပြီး ဒုက္ခသည်အဖြစ် သတ်မှတ်ထားတဲ့ တူရကီနိုင်ငံသားမှန်သမျှကို ပြန်လွှဲမပေးဖို့ ချက်ခြင်းလုပ်ဆောင်သင့် ပါတယ်”လို့ HRW ရဲ့ အာရှအုပ်ချုပ်သူ ဘရက်အဒမ်က ပြောပါတယ်။ “ဖာကန်ဆော့မန်းက ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းထားပေမယ့် မြန်မာနဲ့ ထိုင်းတို့ဟာ အန်ကာရာရဲ့ ဖိအားပေးမှု ကြောင့် ဆော့မန်းရဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး သူ့ကိုပြန်ပို့ခဲ့ကြပြီး သူဟာ တူရကီမှာ ဆိုးရွားစွာ ဆက်ဆံ ခံနေရကာ မမျှမတ တရားစစ်ဆေးမှုကို ရင်ဆိုင်ရမယ်”လို့ အဒမ်က ဆက်ပြောပါတယ်။

အခု ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာကျောင်းတစ်ကျောင်းရဲ့ ဒါရိုက်တာဟောင်းဖြစ်ပြီး ဂူလန်လှုပ်ရှားမှုကို ထောက်ခံသူဖြစ်တဲ့ ဆော့မန်းဟာ ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ မေ ၂၄ ရက်က အဖမ်းခံခဲ့ရ ပါတယ်။ တူရကီအာဏာပိုင်တွေရဲ့တောင်းဆိုချက်အရ သူ့ကို ထိုင်းနိုင်ငံကတဆင့် တူရကီကို ပြန်ပို့ခဲ့ပါတယ်။ ထိုင်းမှာ သူဟာ လူဝင်မှုဖမ်းဆီးရေးဌာနတစ်ခုမှာ ၂၄ နာရီဖမ်းခံထားရပြီးနောက် မေ ၂၆ မှာ တူရကီကို ပြန်ပို့ခံခဲ့ရပါတယ်။

“သူသာ တူရကီပြန်ရောက်ရင် လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်ခံရလိမ့်မယ်လို့ ယုံကြည်ရတဲ့ အနေအထား တွေ ရှိနေကြောင်း မြန်မာနဲ့ထိုင်းရဲ့ အရေးကြီးတဲ့ အေဂျင်စီတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာရုံးနဲ့ တခြားကုလအေဂျင်စီတွေက ပြောပြီးတာတောင် ဆော့မန်းကို ပြန်ပို့ခဲ့ခြင်း ဖြစ်တယ်” လို့ HRW ကဆိုပါတယ်။ တူရကီမှာ ပြီးခဲ့တဲ့ဇူလိုင် ၁၅ ရက်က စစ်အာဏာသိမ်းမှု မအောင်မြင်ခဲ့ဘဲ လူ ၂၄၀ ကျော်သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။ အာဏာသိမ်းဖို့ကြိုးစားမှုအပြီးမှာ သမ္မတ ရီဆက်တေယစ်အာဒိုဂန်အစိုးရက ဂူလန်အုပ်စုဟာ ဒီကြိုးပမ်းမှုကို ဆောင်ရွက်တာလို့ စွပ်စွဲခဲ့ပါတယ်။

လက်ရှိအချိန်ထိ ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး လူ ၁၂၀၀၀၀ ကျော် ထိန်းသိမ်းခံရပြီး လူ ၅၀၀၀၀ ခန့်အဖမ်းခံထားရပါတယ်။ တချို့တွေက သူတို့ဟာ တူရကီ က ထိန်းသိမ်းရေးစခန်းတွေမှာ နှိပ်စက်ညှင်းပန်း ခံရတယ်လို့ ဆိုပါတယ်။ သမ္မတအာဒိုဂန်က ဂူလန်ထောက်ခံသူတွေကို သူတို့တိုင်းပြည်တွေမှာတင် အပြစ်ဒဏ်ပေးဖို့ ပြည်ပအစိုးရတွေကို တိုက်တွန်းခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ ဆော်ဒီ၊ မလေးရှားနဲ့ ဂျော်ဂျီယာတို့လို နိုင်ငံအနည်းငယ်ကသာ ဒီတောင်းဆိုမှုအတိုင်း လုပ်ဆောင်ခဲ့ကြပါတယ်။

စုပြည့်စုံ

ref: Turkeypurge, June 5th

ပုံ – HRW

Credit: Kumudra