ဇွန်လမတိုင်မီကတည်း က ဘယ်ဘက်ခြေမတွင် ခြေစွယ် ငုပ် ဝေဒနာခံစားနေရသော်လည်း အလုပ်မအားသည့်အပြင် စီးရီး ထွက်ရှိရန် ပြင်ဆင်နေသော ကြောင့် ဂရုမစိုက်မိခဲ့၍ အခြေအနေဆိုးလာကာ   ခွဲထုတ်ခဲ့ရကြောင်း တေးသံရှင်မိစန္ဒီက ပြောသည်။

‘‘ခြေသည်း၊ လက်သည်း လုပ်ပြီး မိုးရေထဲစထွက်တယ်။ အဲဒီကနေ စရောင်တယ်။ ခြေစွယ်ငုပ်နေတယ်ပဲထင်တာ။ ခြေ ထောက်အနာကြီးနဲ့ အလုပ်ကိစ္စ အတွက် ဘန်ကောက်တောင်သွား လိုက်သေးတယ်။ ရိုးရိုးပဲထင်ပြီး ဆေးခန်းတောင်မပြလိုက်ဘူး။ ပြန်လာတော့ ဆေးခန်းပြတော့ ရိုး ရိုးပဲထင်ပြီး Antibiotic ဆေးတွေ ပဲသောက်တယ်။ သောက်တော့ မသက်သာဘူး။ ရက်ကြာလာတော့ စိတ်ညစ်လာတယ်။

အကြီးကြီးရောင်နေတာဆိုတော့ ညည ဆို အရမ်းကိုက်တယ်။ သုံးပတ် လောက်လည်းရှိနေပြီဆိုတော့ ဆရာဝန်က ဆေးသောက်မလား၊ ခွဲမလားမေးတော့ ညီမလည်း မြန် မြန်ပျောက်ချင်တာနဲ့ ၂၂ ရက်နေ့ ညက ခွဲလိုက်တယ်။ အရမ်းကြီး မဟုတ်ပေမယ့် ခြေမဆိုတော့ လမ်းလျှောက်လို့မရဘူး။ နာနေတယ်။ အခုတော့ နားပဲနားနေရ တယ်’’ဟု ပြောသည်။

လွန်ခဲ့သည့် တစ်နှစ်ကျော် က အစာအိမ်နာရောဂါကြောင့် ဘန်ကောက်တွင် မှန်ပြောင်းဖြင့် သွားကြည့်ရင်း ပိန်ဆေးသောက် ၍ အူမကြီးလမ်းကြောင်း၌ အသားပိုများ တွေ့ရှိရသောကြောင့် ကုသခဲ့ရဖူးပြီး ယခု ခြေမခွဲစိတ်ရခြင်း သည်၎င်းအတွက် ပထမဆုံးခွဲစိတ်မှုဖြစ်ကြောင်း ၎င်းက ပြောသည်။

ဇွန်လ ၁၇ ရက်က ထွက်ရှိခဲ့ သည့် ‘အသဲလေး’၏ ရောင်းအား အခြေအနေမဆိုးကြောင်းနှင့် အဆိုပါအခွေကို အမ်တီဗီရိုက်ကူးရန်စဉ်းစားထားကြောင်း ပြော ကြားသည်။

‘‘ပရိသတ်တွေကတော့ ‘ငါ့ရည်းစားကို မထိနဲ့’၊ ‘နှလုံးသားလေးကို သနားတယ်’၊ ‘ပုံစံခွက်ထဲကဘဝများ’ အပြင် သီချင်းတော်တော်များများကို ကြိုက်တယ်လို့ ပြန်သိရတယ်’’ဟု ပြောသည်။

Credit:7Daydaily