ဒုတိယအကြိမ် မင်္ဂလာဆောင် ခဲ့တာပါ။
ဆယ့်ငါးနှစ်တာ လက်တွဲခဲ့တဲ့ ဇနီး နဲ့ ဒုတိယအကြိမ် မင်္ဂလာဆောင် ဟာ မစ္စတာ အန်ဒရူး အဲရေးတစ်ယောက် အထူးခြားဆုံးလို့ ဆိုရမှာပါ။ အကြောင်းကတော့ မစ္စတာ အန်ဒရူးအဲရေးဟာ ရောဂါတစ်ခုကြောင့် နှစ် ၂၀ ကြာ မျက်စိကွယ်နေသူဖြစ်ပြီး eSight 3 စမတ်မျက်မှန် ရဲ့အကူနဲ့  ဇနီး ဖြစ်သူနဲ့ သားသမီး များကို မြင်ခွင့်ရခဲ့ခြင်းတာကြောင့် ဖြစ်ပါတယ်။

အဲရေး ဟာ Stargardt ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက မျက်စိကွယ်ခဲ့ပြီး ဇနီးဖြစ်သူ ကယ်လီနဲ့ ပြီးခဲ့တဲ့ ၁၅ နှစ်က လက်ထပ်ခဲ့ပါတယ်။ ကယ်လီ နဲ့ အဲရေးတို့ မှာ သမီးသုံးဦး ထွန်းကားပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ဖြတ်သန်းခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် အဲရေးအတွက် ဘဝရဲ့ အကြီးမားဆုံးစိန်ခေါ်မှုဆိုတာ သူ့ ဇနီးမယား ရဲ့ မျက်နှာအမှုအယာကို မြင်နိုင်စွမ်းမရှိတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့လည်း eSight 3 smart glasses ကြောင့် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ဆောင်တဲ့ မင်္ဂလာဆောင် မှာ ဒီ မျက်မှန် ကို တပ်ခဲ့တဲ့ အဲရေးဟာ ကင်မရာနဲ့ sensor တွေကနေ ဖမ်းယူပေးတဲ့ ပုံရိပ်တွေကနေ ပြန်မြင်သွားပါတယ်။


ပုံမှန်အားဖြင့် အဲရေးလို legal blind အဆင့်သတ်မှတ်ခံရသူတစ်ဦးမှာ မျက်စိအမြင်အာရုံအနေနဲ့ ၂၀/၂၀၀ ပဲ ရှိတာ ဖြစ်လို့ လုံးဝကန်းတာ မဟုတ်ဘဲ မြင်နိုင်စွမ်း ချို့ တဲ့တာ ဖြစ်ပါတယ်။ eSight 3 စမတ်မျက်မှန် ကတော့ အဲရေးအတွက် ပုံမှန်အမြင်အာရုံဖြစ်တဲ့ ၂၀/၂၀ အထိ ပြန်ညှိပေးနိုင်ခဲ့ပါတယ်။ ဒီ စမတ်မျက်မှန် တွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ အမြင်အာရုံ ၈၅% အထိ ချို့ တဲ့နေသူများအတွက် အထောက်အကူပြု မျက်မှန် အဖြစ် တရားဝင်မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။

eSight 3 မှာ ရှေ့ မြင်ကွင်းနေရာကို ဖမ်းယူပေးမယ့် HD ကင်ရာတစ်လုံးပါပြီး ဒီ ကင်မရာ ကနေ ပုံဖော်ပေးသွားမယ့် ရုပ်ထွက်မြင့် OLED screen နှစ်စုံကို သုံးထားပါတယ်။ ဒီ မှန်ပြင်တွေကနေ တစ်ဆင့် မျက်မှန် တပ်ထားသူကို သူ့ အနီးအနားက မြင်ကွင်းကို ကြည့်လို့ ရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်ခုရှိတာက eSight headsetတစ်စုံကို ဒေါ်လာ ၁၀၀၀၀ ဈေးရှိတာ ဖြစ်လို့ ဝေဒနာရှင် လူတော်တော်များများအတွက် ဝယ်သုံးဖို့ အဆင်မပြေနိုင်သေးပါဘူး။

Credit : Duwun