ကျွန်တော် တို့အများစုက 90’s kids (၉၀ ပြည့်နှစ်တွေမှာ မွေးဖွားခဲ့တဲ့၊ ဒါမှမဟုတ် ကြီးပြင်းခဲ့တဲ့ လူငယ်လေးတွေ) ဖြစ်ကြပြီး ဒီခေတ် ကလေး တွေနဲ့ဆို တော်တော်အလှမ်းကွာသွားပါပြီ။ ဒီခေတ် ကလေး တွေကလည်း ကျွန်တော် တို့ကို ဘီးကျဲကြီးတွေ၊ ဘိုးတော်ကြီးတွေလို့ မြင်နေပါပြီ။

ခေတ်တစ်ခေတ်နဲ့တစ်ခေတ်ကြား ကွာဟမှု Generation gap ဆိုတာ မျိုးဆက်တိုင်းမှာရှိပေမယ့် ဒီနေ့ခေတ်လူငယ်တွေဟာ ကျွန်တော်တို့ခေတ်နဲ့မတူတော့ပါဘူး။ ကျွန်တော် တို့အများစုက 90’s kids (၉၀ ပြည့်နှစ်တွေမှာ မွေးဖွားခဲ့တဲ့၊ ဒါမှမဟုတ် ကြီးပြင်းခဲ့တဲ့ လူငယ်လေးတွေ) ဖြစ်ကြပြီး ဒီခေတ် ကလေး တွေနဲ့ဆို တော်တော်အလှမ်းကွာသွားပါပြီ။ ဒီခေတ်ကလေးတွေကလည်း ကျွန်တော် တို့ကို ဘီးကျဲကြီးတွေ၊ ဘိုးတော်ကြီး တွေလို့ မြင်နေပါပြီ။
ဒါပေမယ့် ၉၀ ပြည့်နှစ်တွေတုံးက ကျွန်တော် တို့ရဲ့ငယ်ဘဝ မှာ ကျွန်တော် တို့ဘဝကို ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိခဲ့ကြတယ်။ သူငယ်ချင်းသံယောဇဉ်တွေ၊ အဆောင်ရှေ့မှာ ဂစ်တာသွားတီးကြတာတွေ၊ လက်ဖက်ရည်ဆိုင် ညလုံးပေါက်ထိုင်ပြီး ကဗျာစာအုပ်အကြောင်းတွေ၊ မဂ္ဂဇင်းထဲက ဝတ္ထုတိုတွေအကြောင်းဆွေးနွေးခဲ့ကြတာတွေ။ ဒီခံစားချက်တွေကို ဒီခေတ်ကလေးတွေ နားမလည်ကြတော့ပါဘူး။
သူတို့ခေတ်မှာ ကြုံနေရတာတွေက ၆ လက်မဝန်းကျင် စမတ်ဖုန်းတွေ၊ အီလက်ထရောနစ်ကြားခံနယ်ပေါ်က ဆက်ဆံရေးတွေ၊ ကြားခံနယ်တစ်ခုခုပါမှ ဆက်သွယ်လို့အဆင်ပြေတော့တာတွေ ဖြစ်လာပါပြီ။ ဘယ်လောက်ထိဆိုးလဲဆိုရင် တချို့ဆိုရင် အပြင်မှာ အချင်းချင်းစကားပြောရတာအဆင်မပြေလို့ အွန်လိုင်းကြားခံနယ်သုံးပြီး ဆက်သွယ်ကြရတဲ့အခြေအနေဖြစ်လာပါတယ်။ ဒီခေတ်လူငယ်တွေ ကြုံတွေ့နေရတဲ့ အရာတွေနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို လေ့လာကြည့်ကြရအောင်။
၁။ ပတ်ဝန်းကျင် အကြောင်း စိတ်မဝင်စားတော့ပါဘူး

၂၀၁၂ ဝန်းကျင်လောက်မှာ Facebook စသုံးပြီဆိုရင် ခင်ဗျားရဲ့လူမှုကွန်ရက် ပတ်ဝန်းကျင် မှာ ဒီလိုကလေးမျိုးတွေကို တွေ့ရပါလိမ့်မယ်။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ သူတို့မသိချင်ဘူး။ မြန်မာနိုင်ငံ မှာ နိုင်ငံရေးအခြေအနေတွေ ဘာတွေဘယ်လိုဖြစ်နေလဲ သူတို့မသိချင်ဘူး။ အိုဇုန်းလွှာပေါက်တာတွေ၊ အယ်နီညို လာနီညာတွေလည်း သူတို့မသိချင်ဘူး။
သူတို့ဂရုစိုက်တာ သူတို့တင်ထားတဲ့ပုံလေး like ဘယ်လောက်ရလဲဆိုတာရယ်၊ သူတို့ စိတ်ဝင်စား တဲ့ ဆယ်လီ တွေဘာတွေဖြစ်နေလဲဆိုတာရယ်ပဲ ရှိပါတော့တယ်။ ပိုဆိုးတာက ဒီခေတ် ကလေး တွေက ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို မသိကြ၊ ဂရုမစိုက်ကြတော့ပါဘူး။

၂။ အိမ်ထောင်ကွဲတွေများလာတယ်
ဟိုးအရင်ခေတ်တွေတုံးကဆိုရင် အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး ဆိုတဲ့စကားအတိုင်း အိမ်ထောင်မှုပြုတာတို့၊ ဘုရားတည်တာတို့၊ မိမိခန္ဓာကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးတာတို့ကို လက်လွတ်စပယ် မလုပ်ရဲခဲ့ကြပါဘူး။ သေသေချာချာစဉ်းစားဆုံးဖြတ်ပြီးမှသာ လုပ်ခဲ့ကြတာပါ။ ဒီခေတ်မှာတော့ အလည်တစ်ခုကလွဲရင် ကျန်တဲ့နှစ်ခုကို လွယ်လွယ်လေးပဲ လုပ်နေကြပါပြီ။
ဘယ်သူကမှ အိမ်ထောင်ရေးတစ်ခု အစမပျိုးခင် သေချာမစဉ်းစားကြတော့သလို အိမ်ထောင်တစ်ခုဖြစ်လာပြီဆိုရင် မပျက်ဆီးအောင်ထိန်းသိမ်းဖို့ကိုလည်း စိတ်မဝင်စားကြတော့ပါဘူး။ ပိုပြီးဆိုးတဲ့တစ်ချက်က သူတို့ရဲ့ မျိုးဆက်သစ်ကလေးတွေက ဒီလိုအိမ်ထောင်ကွဲ မိသားစုကြားမှာကြီးပြင်းလာရတော့ စိတ်ဒဏ်ရာတွေနဲ့ နောက်မျိုးဆက်ကို သယ်ဆောင်သွားတော့တာပါပဲ။
၃။ အရက် နဲ့ ဆေးတွေလွယ်လာတယ်

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့မှာအပျော်လွန်လွန်းလို့ ကာလသားအစ်ကိုကြီးတွေကို ကပ်ပြီး အရက်ဖြူနည်းနည်းဝယ်ခိုင်းပြီး စီပလပ်ဘူးထဲထည့်၊ သူငယ်ချင်း အုပ်စုလိုက်ကြီး ခိုးသောက်ခဲ့ရတဲ့အချိန်တွေကို မှတ်မိကြသေးလား။ ဒီခေတ်မှာတော့ ဒါတွေမရှိတော့ပါဘူး။ အရက် တွေ၊ ဘီယာ တွေ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ခေတ်ကြီးမှာ ရေချိန်နည်းနည်းကိုက်ဖို့အတွက် တစ်ယောက် (၅၀၀) (၁၀၀၀) လောက်စုလိုက်ရင်တောင် ဂရမ်းရွှေပတ်လောက်တော့ သူတို့အတွက်ခိုင်သွားပါပြီ။
နောက်ပြီးဒီနေ့ခေတ် အသက် (၁၃) နှစ်ကနေ (၁၈) နှစ်ကြား လူငယ်တွေဟာ သူငယ်ချင်းအုပ်စုလိုက်ကြီး ပန်းခြံထဲသွား ကစားတာတွေ မသိ၊ မရှိတော့ပါဘူး။ သူတို့ဆော့တဲ့ ကစားနည်း အသစ်တွေက COC တို့၊ Mobile Legends တို့ဖြစ်ကုန်ပါပြီ။ နောက်တစ်ခုက အရင်တုံးက သူငယ်ချင်း အိမ်မှာစုအိပ်ကြမယ်ဆိုရင် ကောင်မလေး တွေအကြောင်းပြောဖို့တို့၊ စာစုကျက်ဖို့တို့ဖြစ်ပေမယ့် ဒီခေတ်မှာသူငယ်ချင်းအုပ်စုလိုက် စုအိပ်တာက အသီးဆွဲတာတွေ၊ မုန့်စားတာတွေဖြစ်ကုန်ပါပြီ။ အရက်ကတော့ ပြောမနေပါနဲ့တော့။
၎။ ရုပ်ဝါဒီ ပိုဆန်လာတယ်

ကျွန်တော်တို့ငယ်ငယ်တုံးက ကိုယ်ဝတ်ထားတဲ့ အင်္ကျီဘာတံဆိပ်မှန်းတောင် သိကြတာမဟုတ်ပါဘူး။ အမေဝယ်ပေးတဲ့အင်္ကျီကို ဒီတိုင်းပဲကောက်စွတ်လိုက်ကြတာပါပဲ။ ဘယ်လောက်ပေးရလဲတွေ၊ ဘယ်နိုင်ငံက လာလဲတွေကို စိတ်မဝင်စားခဲ့ကြပါဘူး။ ဒီခေတ်ကလေးတွေကတော့ Brand စွဲအရမ်းကြီးလာကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းပြိုင်ဆိုင်ကြပါတယ်။
ဥပမာ… အတန်းထဲက တစ်ယောက်က Girodano ကျောပိုးအိတ်လွယ်နိုင်ရင် ကိုယ်လည်းလွယ်နိုင်အောင် အိမ်ကိုပူဆာလာကြပါတယ်။ အဲဒါဟာလည်း သူတို့ကြီးပြင်းလာရတဲ့ခေတ်ကြီးကိုက သုံးစွဲချင်စရာကုန်ပစ္စည်းတွေက ပတ်ပတ်လည်မှာ ဆွဲဆောင်နေတဲ့ခေတ်ဖြစ်နေတာလည်း ပါ ပါတယ်။
၅။ အရွယ်ရောက်စောလာတယ်
ဒီခေတ်ကလေးတွေ အရွယ်ရောက်စောလာတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေဟာသတွေ လုပ်မိခဲ့ကြမှာပါ။ အွန်လိုင်းပေါ်မှာမကြာမကြာပျံ့လာတဲ့ (၄) တန်းကလေးမက ကောင်လေးကို ရည်းစားစာ ပေးတာတို့၊ (၇) တန်း (၈) တန်းအရွယ်မှာ Ex တွေဘာတွေရှိနေတာတို့ စသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သမီးရည်းစား ဆက်ဆံရေး ကို စိတ်ဝင်စားလာကြတာတွေကို တွေ့မိကြမှာပါ။
ဒါဟာလည်း ကမ္ဘာကျဉ်းလာခြင်းနဲ့ ဒစ်ဂျစ်တယ်မီ ဒီယာ တွေကိုပဲ အပြစ်တင်ရမလားတော့မသိပါဘူး။ သူတို့ကိုင်တွယ်ထိတွေ့နေရတဲ့ ဒစ်ဂျစ်တယ် မီဒီယာ ပေါ်က ဖျော်ဖြေရေးတွေကိုက အသက်ငယ်ငယ်နဲ့ ဒါတွေကို စိတ်ဝင်စားလာအောင် အားပေးအားမြှောက်ပြုလာတော့ စိတ်ဝင်စားလာကြတာလည်း မဆန်းဘူးပဲ ပြောရမလိုပါ။ အဲဒီစိတ်ဝင်စားလာကြရာကတဆင့် အပျိုဖော်၊ လူပျိုဖော်ဝင်ကာစမှာ လက်တည့်တွေ စမ်းကြရင်း မမျှော်လင့်တဲ့လူမှုရေးပြဿနာတွေကို ကြုံရတာတွေလည်းမနည်းမနောပါ။
၆။ အဝလွန်လာတယ်
အမြန်ရတဲ့ အစားအသောက် တွေ (ဟမ်ဘာဂါ၊ ပီဇာ၊ အာလူးချောင်းကြော်၊ ကိုကာကိုလာ) နဲ့ junk food လို့ခေါ်တဲ့ အာဟာရဓာတ်ပါဝင်မှုနည်းပါးတဲ့ သားရေစာတွေဟာ အဝလွန်ခြင်းဆီကို ဦးတည်စေပါတယ်။ ကမ္ဘာပေါ်မှာ လူငယ် (၁၀၀) မှာ (၄၀) လောက်က အဝလွန်ရောဂါဖြစ်နိုင်ခြေများနေပါတယ်လို့လည်း စစ်တမ်းတွေအရ သိရပါတယ်။ နောက်ပြီး သူတို့ဟာ အဝလွန်ခြင်းကို သတိတောင်မပြုမိကြသလို အဝလွန်ရောဂါရဲ့ ဆိုးကျိုးတွေကိုလည်း နားမလည်ကြပါဘူး။
၇။ အလုပ်လက်မဲ့လူငယ်ဦးရေ များလာတယ်

ဒါကတော့ ပညာရေး နဲ့ နည်းနည်းဆိုင်ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ ကျွန်တော် တို့နိုင်ငံရဲ့ပညာရေး စနစ်မှာ လူတန်းစား (၂) ရပ်ကွဲနေပါတယ်။ ပထမတစ်ရပ်ကတော့ ငွေကြေးဥစ္စာအတန်အသင့်ပြည့်စုံပြီး ပညာရေး အတွက် ရင်းနှီးမြှုပ်နှံနိုင်တဲ့အတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းစုံစုံလင်လင်နဲ့ ကိုယ်ပိုင်ကျောင်း တွေမှာ ပညာသင်ခွင့်ရတဲ့ လူတန်းစားနဲ့ အဲဒီအခွင့်အရေးတွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ သင်ရိုးတွေမရဘဲ အလွတ်ကျက်ဖြေနေရတဲ့ လူတန်းစားပါပဲ။
လူတန်းစား (၂) ရပ်ကြားမှာ လူဦးရေကိုအချိုးချလိုက်မယ်ဆိုရင်လည်း ဒုတိယလူတန်းစားက လူဦးရေ မတန်တဆ ပိုများနေတာကိုလည်း တွေ့ရှိရမှာပါ။ ပညာရေး အခြေခံ ပါမလာခဲ့တော့ လုပ်ငန်းခွင်ဝင်ရောက်ချိန်မှာလည်း အခြေအနေတွေကွာဟပြီး အများစုက အလုပ်လက်မဲ့ ဘဝကို ရောက်ကြရပါတယ်။ (ဒါမှမဟုတ် လစာဝင်ငွေ နည်းပါးတဲ့ အလုပ်လေးတွေမှာပဲ ဝင်ခိုကြရပါတယ်။) ဒါဟာလည်း ဒီခေတ်လူငယ်တွေ ကြုံနေရတဲ့အရာတစ်မျိုးပါပဲ။

Credit : Duwun