မြန်မာနိုင်ငံတွင် နတ်ကိုးကွယ်သူ ဦးရေ သုံးသိန်း ကိုးသောင်းကျော် ရှိသည်ဟု နောက် ဆုံးစာရင်းအရ သိရှိရသည်။ ထိုလူဦးရေမှာ ဗုဒ္ဓဘာသာ မရောက်နိုင်သေးသော တောင်တန်းဒေသများ တိုင်းရင်းသားများ ဖြစ်ကြသည်။ အကယ်၍ ဗုဒ္ဓဘာသာနှင့်အတူ ရိုးရာနတ်ကိုပါ ကိုးကွယ်သူတို့ စာရင်းကို ကောက် ယူမည်ဆိုလျှင် သန်း ၃၀-ကျော်ပင် ပြန်၍ ရရှိလာပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၉၀- ရာနှုန်းမှာ ရိုးရာနတ်တို့ကိုလည်း လက်မလွှတ်နိုင်ဘဲ ကိုးကွယ်နေကြသော ကြောင့်ပေတည်း။ မှန်ပါသည်။

ယနေ့ မြန်မာနိုင်ငံ ပြည်သူပြည်သားတို့သည် အဓိကအားဖြင့် ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သို့သော်လည်း ရိုးရာနတ်များကိုလည်း တစ်ဆင့်နိမ့် နေရာ၌ ထား၍ ကိုးကွယ်နေကြသည်။ ပူဇော်ပသနေကြသည်။ ဗုဒ္ဓဘာသာ ယုံကြည်မှုနှင့်အတူ နတ်ဝါဒယုံကြည် မှုကို တွဲဖက် ခံယူနေကြသည်။ နတ်ကိုးကွယ်သည့်အလုပ်မှာ မြန်မာပြည်၌သာ မဟုတ်။ အခြား နိုင်ငံများ၌လည်း မိမိတို့၏ ရိုးရာနတ်များကို ကိုးကွယ်ပူဇော်နေကြသည်။ နတ်ကိုးကွယ်မှုသည် အလွန်အိုဟောင်း ဆွေးမြေ့သော ခေတ်ကာလမှ စ၍ ယနေ့အထိ တည်ရှိနေသော စိတ်ကူးယဉ် အယူဝါဒတစ်ခု ဖြစ်သည်။

ရှေးဦး ကမ္ဘာ့သမိုင်းကို လေ့လာလျှင် ခေတ်အဆက်ဆက်၌ နတ်ဝါဒများ ကြီးစိုးလာခဲ့သည်ကို တွေ့ရှိရ၏။ ရှေးခေတ်ဦး လူသားတို့သည် ကိုးကွယ်စရာ နတ်ရုပ်တု အဖြာဖြာတို့ကို စိတ်အတွေးဖြင့် ရှာဖွေ ဖော်ထုတ်ခဲ့ကြသည်။ နတ်ဘာသာ နတ်ဝါဒကို ဖော်ဆောင်ခဲ့ကြသည်။ ကမ္ဘာ့သမိုင်း၏ နတ်ဝါဒသမိုင်းချုပ်ကို ထုတ်နုတ်၍ လေ့လာသင့်ပေသည်။ ကိုးကွယ်မှု ထွန်းကားလာခြင်း လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ (ဘီစီ ၅၀၀၀) ခန့်မှ စ၍ လူသားတို့၏ ယဉ်ကျေးမှုများ တိုးတက်ပြောင်းလဲလာသည်။ စိုက်ပျိုးရေး လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။ စိုက်ပျိုးရေး ကိရိယာများကို တီထွင်ကြသည်။ စိုက်ပျိုးရေးနှင့် ပတ်သက်၍လည်း အတွေးအမြင်များ ပေါ်ပေါက်လာသည်။

မြေ ကြီးသည် လူသားတို့၏ အာဟာရ ဖြည့်တင်းရေးအတွက် သီးနှံများကို ထုတ်လုပ် ပေးနေ၏။ ရေသည်လည်း သီးနှံဖြစ်ထွန်းမှုကို အားပေးနေ၏။ နေရောင်ခြည်သည်လည်း သီနှံဖြစ်ထွန်းမှုကို အထောက်အကူ ပြုနေ၏။ ဤသဘောကို လူတို့ နားလည်လာကြသည်။ ထို့ကြောင့် သဘာဝပစ္စည်းများ ဖြစ်သော မြေ ရေ လေ နေစသော အရာဝတ္ထုတို့ကို လူသားတို့၏ ကျေးဇူးရှင်ကြီးများဟူ၍ သတ်မှတ်ခဲ့ကြသည်။ ကာလကြာသောအခါ မြေ ရေ စသော သဘာဝဓာတ်ကြီးများကို စွမ်းအားရှင်များ ဟူ၍ ယုံမှတ်လာကြသည်။ စွမ်းအားရှင်ကြီးများသည် လူတို့၏ အားထားရာ၊ ကိုးကွယ်ရာဟူ၍ ယုံကြည်လာကြသည်။ဤသို့ဖြင့် မြေနတ်၊ ရေနတ်၊ လေနတ်၊ နေနတ်၊ မီးနတ် စသော နတ်များ ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်က ကိုးကွယ်သော နတ်များမှာ သဘာဝရုပ်ပစ္စည်းများကို ကိုးကွယ်သော ဘာသာဖြစ်၍ သဘာဝကိုးကွယ်မှုဘာသာ Nature Worship ဟု ခေါ်သည်။ လူသားတို့သည် ကိုးကွယ်မှု ခေတ်ဦး၌ သဘာဝရုပ်ပစ္စည်းများကို အခြေခံ၍ ဘာသာဝါဒကို ထူထောင်ခဲ့ကြ၏။ ထိုမှ တစ်ဆင့် သဘာဝလောကကို တွေးတော ကြံဆလာကြ ပြန်သည်။ ကမ္ဘာကြီးကိုလည်းကောင်း၊ ကမ္ဘာပေါ်ရှိ သက်ရှိ သက်မဲ့အရာဝတ္ထု များကိုလည်းကောင်း တစ်စုံတစ်ဦးက ဖန်ဆင်းထားခြင်း ဖြစ်မည်ဟု မမြင်မတွေ့နိုင်သော စွမ်းအားရှင်ကို ဖော်ထုတ် လာကြသည်။ ထိုစွမ်းအားရှင် ဖန်ဆင်းရှင်သာလျှင် လူတို့၏ ကျေးဇူးရှင်၊ လူတို့၏ ကိုးကွယ်ရာဟူု၍ ယုံကြည်လာကြပြန်သည်။ ထိုဖန်ဆင်းရှင်သည် အစဉ်ထာဝရ တည်ရှိနေပြီး မပျက်စီးနိုင်ေ သာ အရာဖြစ်သည်ဟုလည်း ခံယူလာကြသည်။

ထိုအချိန်မှ စ၍ လူ့ကမ္ဘာတွင် ဒြပ်မဲ့အတွေးဖြင ဖန်တီးသော ဘာသာတစ်ရပ် ပေါ်ပေါက်လာပြန်ေ လသည်။ ဘီစီ ၃၀၀၀-ခန့် နောက်ပိုင်းတွင် လူ့ကမ္ဘာ၌ ဒြပ်ရှိ၊ ဒြပ်မဲ့ တို့ကို အခြေခံသော အတွေးဝါဒများ ထွန်းကားလာသည်။ အတွေးဝါဒကို အခြေခံ၍ အတွေးယဉ်ကျေးမှုများ ထွန်းကားလာသည်။ အတွေးယဉ်ကျေးမှုကို အခြေခံသော အတတ်များ ပေါ်ပေါက်လာသည်။ အတွေးယဉ်ကျေးမှု မှတ်တိုင်ကြီးများအဖြစ် ကမ္ဘာကျော် နတ်ကွန်းကြီးများ ပေါ်ပေါက်လာခဲ့ လေသည်။ ခေတ်ဦး လူသားတို့သည် မိမိတို့၏ လူနေမှု စနစ်ကို နတ်ဘာသာရေး အမြင်ဖြင့် ဖန် တီးကြသည်။ အုပ်ချုပ်ရေးစနစ်ကိုလည်း နတ်ဝါဒဖြင့် ဖော်ဆောင်ကြသည်။ ထိုအခါ နတ်ဘာသာ ဖြင့် အသက်မွေးသော ၀န်ထမ်းများ ပေါ်ပေါက်လာသည်။ ထိုနတ်ဝန်ထမ်းတို့သည် မိမိတို့ နတ်များ၏ ဣဒ္ဓိပါဒ်များကို ချဲ့မွှမ်း၍ ဟောပြောကြသည်။ သဘာဝက ရှိနေသော ရုပ်ဝတ္ထုစွမ်း ရည်တို့ကို နတ်ဣဒ္ဓိပါဒ်အဖြစ မြှင့်တင်ပေးကြသည်။

နတ်ကိုးကွယ်မှု ခေတ်စားလာချိန်တွင် စိတ်အတွေးဖြင့် မွေးထုတ်သော အတတ်ပညာ များလည်း ထွန်းကားလာသည်။ မန္တန်အတတ်၊ ဗေဒင်အတတ်၊ နတ်ဟောအတတ်၊ မှော်အတတ်၊ ယဇ်ပူဇော်ရေး စသည်တို့မှာ စိတ်အတွေးဖြင့် မွေးထုတ်ထားသော လုပ်ငန်းများ ဖြစ်သည်။ ကမ္ဘာ့သမိုင်းဦးက တီထွင်ထားသော နတ်များကို လေ့လာလျှင် သဘာဝ ရုပ်ပစ္စည်း များကိုသာ တွေ့ရမည် ဖြစ်သည်။ ရုပ်ပစ္စည်းများသည် သဘာဝအလျောက် ဖြစ်တည်နေသော အရာဝတ္ထုများသာ ဖြစ်သည်။ အသက်ဝိညာဉ်ရှိသော သတ္တ၀ါများ မဟုတ်ပေ။ နောက်ပိုင်းခေတ်များတွင် သစ်ပင်၊ တော၊ တောင်၊ ကျောက်တုံး၊ မိုကြိုး၊ မြစ်၊ ချောင်း စသော ရုပ်ဝတ္ထု အမြောက်အမြားကိုလည်း အသက်ဝိညာဉ် ရှိသည်ဟု ထင်မှတ်၍ ဆည်းကပ် ကိုးကွယ်လာကြသည်။
ကမ္ဘာ့သမိုင်းဦး ဘာသာဝါဒများကို လေ့လာသောအခါ-(၁) ဒြပ်ရှိ ရုပ်ပစ္စည်းတို့ကို ကိုးကွယ်သော ၀ါဒ ၊ (၂) ဒြပ်မဲ့ စိတ်ကူးယဉ် ဖန်ဆင်းရှင် ကိုးကွယ်သော ၀ါဒ -ဟူ၍ နှစ်မျိုး နှစ်စားကို တွေ့ကြရလေသည်။ ဤနှစ်မျိုးလုံးမှာ လူတို့၏ အာသာဆန္ဒအရ စိတ်အတွေးဖြင့် ဖန်တီးထားသော ကိုးကွယ်ရာ ဘာသာများ ဖြစ်သည်။ ကမ္ထာ့သမိုင်းဦးတွင် ဤကဲ့သို့ စိတ်ကူးယဉ် အတွေးဘာသာတို့၏ မြစ်ဖျားခံရာ ဒေသ တို့မှာ အီဂျစ်၊ မက်ဆိုပိုတေမီးယားဒေသ၊ ဗေဗီလုံနီးယား၊ အိန္ဒိယ၊ တရုတ်၊ ဂရိ၊ ရောမ စသည့် နိုင်ငံများ ဖြစ်သည်။ အထက်ပါ ဒေသများမှ ကိုးကွယ်မှုများမှာ နောင်အခါတွင် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွား သည်။ နိုင်ငံအချင်းချင်း ကူးသန်းရောင်းဝယ်ကြရာမှ ကိုးကွယ်မှု ဘာသာယဉ်ကျေးမှုများလည်း ရောက်ရှိသွားကြသည်။ ထိုကိုးကွယ်မှုများအနက် နတ်ကိုးကွယ်မှုများသည် မြန်မာနိုင်ငံသို့လည်း ကူးစက် ပျံ့နှံ့ လာခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော နတ်များမှာ အများအားဖြင့် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော နတ်များ ဖြစ်ပေသည်။ (အရှင်ဧသိက ရေစကြို၏ ထေရဝါဒဗုဒ္ဓဘာသာ အပိုင်း၂၁) (အရှင်ဧသိကရေစကြို၏ ထေရဝါဒဗုဒ္ဓဘာသာ အပိုင်း၂၂) မြန်မာတို့ နတ်ကိုးကွယ်မှု မြန်မာတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ (ဘီစီ ၂၀၀၀ ) ခန့်က မြန်မာနိုင်ငံတွင်းသို့ မရောက်လာ ကြသေး ။ ထိုအချိန်က မြန်မာဟုခေါ်တွင်လာမည့်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ဒေသ၌ အခြေချ နေကြသည်။ ထိုစဉ်က မြန်မာတို့၏ နာမည်ကို ချိအဲန်( chang) ဟု ခေါ်သည်။ ချိအဲန်လူမျိုးတို့သည် အကြောင်းအမျိုးမ်ျိုးကြောင့် ရွှေ့ပြောင်းလာခဲ့ကြရာ မြန်မာနိုင်ငံတွင်းသို့အေဒီ ၅-ရာစုလောက်တွင် ၀င်ရောက်လာခဲ့ကြလေသည်။

ချိအဲန်တို့သည် မြန်မာနိုင်ငံ မြေပြန့်ဒေသသို့မရောက်လာမီက နတ်ကိုးကွယ်မှုဓလေ့များရှိခဲ့သည်ဟုသမိုင်းသုတေသီတို့က ဆိုကြ၏။ ချိအဲန်တို့ကိုးကွယ်သော နတ်များမှာ အိမ်ထောင်စုနတ်၊ လယ်နတ် ၊တောင်ယာနတ်၊ တောနတ်၊ သစ်ပင်နတ်တို့ ဖြစ်သည်။ ထို့ပြင် သီးနှံဖွံ့ဖြိုးအောင် ပြုလုပ်သော နတ်များကို ယဇ်ပူဇော်သော အလေ့အထလည်း ရှိသည်ဟု ဆိုပါသည်။ မြန်မာတို့ ရှေးဦကိုးကွယ်သော နတ်များ မှာလည်းရုပ်ပစ္စည်းတို့ကို ၀ိညာဉ်ရှိသည်ဟု ထင်၍ ကိုးကွယ်ခြင်းများသာဖြစ်ပါသည်။ ချိအဲန်တို့သည် မြန်မာနိုင်ငံတွင်းသို့ရောက်လာပြီးနောက် မြန်မာ ဟူသော အမည်ကို ခံယူလိုက်ကြ၏။ မြန်မာ တို့သည် မြေပြန့်ဒေသတွင် ပျူလူမျိုးတို့နှင့် ပေါင်းသင်းကြရသည်။ ပျူတို့ထံမှယဉ်ကျေးအမှုများကို နည်းယူကြသည်။

ထိုအချိန်၌ ပျုလူမျိုးတို့သည် အဓိကအားဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြသော်လည်း ဟိန္ဒူဗြာဟ္မဏ ဘာသာ၊မယာယာနဘာသာ၊ နဂါးကိုးကွယ်မှုစသော အယူဝါဒ များလည်းရှိနေ၏။ မြန်မာတို့သည် ပျူနိုင်ငံတော်ကို လက်ပြောင်း၍ အုပ်ချုပ်ကြရာတွင် ပျူလူမျိုးတို့အထံမှ ကိုးကွယ်ရာ ယဉ်ကျေးမှု များကိုလည်းခံယူခဲ့ကြသည်။ ထိုအထဲတွင် နတ်ကိုးကွယ်မှုလည်းပါဝင်လာခဲ့သည်။ ပျူတို့ထံမှ လက်ဆင့်ကမ်းကိုးကွယ်ကြသော နတ်များမှာလည်း များပြားလှသည်။ ထိုအထဲတွင် သိကြားနတ်ကိုးကွယ် မှုသည် ရှေ့တန်းကရှိနေလေသည်။ သိကြားနတ် ကိုးကွယ်မှု သိကြားနတ် ကိုးကွယ်မှုသည် အိန္ဒိယနိုင်ငံတွင် အထူးအရေးပါလှသည်။ သိကြားနတ်ကို သက္တတ ဘာသာဖြင့် ဣန္ဒြ ဟု ခေါ်၏။ ပါဠိဘာသာဖြင့် ဣန္ဒဟု ခေါ်၏။ သို့သော်လည်း သက္ကဟူသော ဝေါဟာရဖြင့်အသုံးများသည်။ သက္ကဝေါဟာရကို မြန်မာတို့ကသိကြားဟုပြန်ဆို ခေါ်ဝေါ်ခဲ့ကြသည်။
ထိုသိကြားနတ်သည် ရှေးဟောင်းဗြာဟ္မဏကျမ်းများ၌သာမက ဗုဒ္ဓစာပေထဲ၌လည်းအခါမလပ် တွေ့ရှိနေ ရသော နတ်မင်းကြီးဖြစ်သည်။ ထိုနတ် ဖြစ်ပေါ်လာသော သမိုင်းကြောင်းကို လေ့လာသောအခါအာရိယန်လူမျိုးတို့က စတင်ကိုးကွယ်လာကြောင်းတွေ့ရှိရသည်။ သိကြားမင်း ဖြစ်စဉ်ကားဤသို့တည်း။ ဘီစီ ၂၀၀၀-ခန့်တွင်အရှေ့ဘက် အာရှတိုက် အလယ်ပိုင်းအထိ ကျယ်ပြန့်သော မြက်ခင်းဒေသများတွင် မယဉ်မရိုင်းလူမျိုးများနေထိုင်ခဲ့ကြသည်။ ထိုလူမျိုးများသည် မူရင်းဒေသမှ အရပ်လေးမျက်နှာသို့ခရီးဆန့် ကြရာ အချို့က အနောက်ဘက်၊အချို့ကတောင်ဘက်၊အချို့က အရှေ့ဘက်ဆီသို့ ဦးတည်လာခဲ့ကြသည်။ အရှေ့ဘက်ဆီသို့ ဦးတည်လာခဲ့ကြသော လူမျိုးများသည် အိန္ဒိယနိုင်ငံ အနောက်မြောက်ဒေသရှိ ခိုင်ဘာတောင်ကြားလမ်းမှ တစ်ဆင့်မြင်းရထားများဖြင့် ၀င်ရောက်လာကြသည်။

ထိုလူမျိုးများကို အာရိယန် Aryan လူမျိုးဟု ခေါ်သည်။ အာရိယန်လူမျိုးတို့သည် အိန္ဒုမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာကြပြီးနောက်ဒေသခံဖြစ်သော ဒရာဗီဒီယန် လူမျိုးတို့၏ နေရာများကို လုယက်တိုက်ခိုက်ကြသည်။ ဒရာဗီဒီယန်တို့သည် အာရိယန်တို့၏ တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်ကြသည်။ သို့သော်လည်းအာရိယန်တို့ကို မတွန်းလှန်နိုင်ကြ။ ထို့ကြောင့် အိန္ဒုမြစ်ဝှမ်းဒေသ ကို ပစ်ခွာ၍ ဂင်္ဂ်ါမြစ်ဝှမ်းဒေသသို့ပြောင်းရွှေ့သွားကြရသည်။ဤတွင် အိန္ဒုမြစ်ဝှမ်းဒေသ ကို အာရိယန်တို့က စိုးမိုး အုပ်ချုပ်ခဲ့ကြလေသည်။ အာရိယန်တို့သည်အိန္ဒုမြစ်ဝှမ်း ဒေသသို့ မရောက်လာမီကပင် နတ်ကိုးကွယ်မှုများပါရှိလာခဲ့သည်။ ယင်းတို့၏ အဓိကကိုးကွယ်ရာမှာ ဣန္ဒခေါ်သိကြားနတ် ဖြစ်သည်။ ဣန္ဒနတ်သည် ၀ရဇိန်လက်နက်ခေါ်မိုးကြိုးလက်နက်ကို ကိုင်ဆောင်သူ ဖြစ်သည်။

ရှေးဦးအာရိယန်လူမျိုးတို့သည်မိုးကြိုးပစ်ခြင်းကို အလွန်ကြောက်ရွံ့သလို အလွန်လည်းအံ့သြကြသည်။ မိုးကြိုးပစ်ခြင်းသည် အလွန်စွမ်းရည်ပြင်းထန်သော နတ်ကြီး၏ တန်ခိုးအာနုဘော် ကြောင့်ဖြစ်သည်ဟုခံယူကြသည်။ ထို့ကြောင့် မိုးကြိုးလက်နက်ပိုင်ရှင်ကြီးကို ဣန္ဒြ(ဣန္ဒ) သိကြားနတ်ဟူ၍ ခေါ်ဝေါ်လျက် ကိုးကွယ်ခဲ့ကြသည်။ အိန္ဒုမြစ်ဝှမ်းသို့ ရောက်ရှိလာသောအခါ မိုးကြိုးလက်နက်ပိုင်ရှင်သိကြားနတ်ကြီးသည် နတ်အားလုံးတို့၏ ဘုရင်ဖြစ်လာလေသည်။ အခြားနတ်များထက် တန်ခိုးဣဒ္ဓိပါဒ်ကို မြှင့်တင်ပေးကြသည်။ သိကြားဖြစ်ရပ်အတ္ထုပ္ပတ်တို့ကို ချဲ့မွှမ်းရေးသားလာကြ၏။ ပါဠိအဘိဓာန်နှင့်ဋီကာကျမ်းတို့၌ သိကြားနတ်၏ ဂုဏ်ပုဒ်ကို ၃၇-ပုဒ်မျှထုတ်ပြထားလေသည်။

နောင်အခါ၌အာရိယန်တို့သည် သိကြားနတ်ကို ဘာသာရေးလောကထဲသို့ သွတ်သွင်းပြီးလျှင် အဓိကနေရာ ၌ ထားရှိကြသည်။ ဣန္ဒခေါ် သိကြားနတ်သည် အာရိယန်လူမျိုးတို့ကိုးကွယ်သောနတ်ကြီး၃၃-ပါးတို့တွင် အကြီးဆုံးသောနတ်ကြီးအဖြစ်ရှေ့တန်း၌ ထားရှိကြခဲ့ ကြလေသည်။ အိန္ဒိယနိုင်ငံ၌ နတ်ကိုးကွယ်မှုထွန်းကားလာချိန်တွင် လူတို့သည် မိမိတို့ကိုယ်ကို နတ် မျိုးနတ်နွယ်ဖြစ်သူ၊ နတ်ကိုးကွယ်သူအဖြစ်ဂုဏ်ယူ ပြောဆိုလာကြသည်။ နတ်တို့နှင့် ဆွေမျိုးစပ်လာကြသည်။ မိမိတို့ကိုယ်ကို နတ်ကမွေးဖွားလာသူ နတ်သား(ဒေ၀ပုတ္တ) ဟူ၍ ဂုဏ်ယူ ပြောဆိုကြသည်။ နောင်အခါတွင်အိန္ဒိယနိုင်ငံ၌ အုပ်ချုပ်မင်းလုပ်သော ကနိသျှကမင်းသည်ဒေ၀ပုတ္တ (နတ်သား) ဟူသော ဘွဲ့ကို ခံယူခဲ့ဖူးလေသည်။ ဗုဒ္ဓဘုရား၏ သာသနာ့ဝန်ထမ်း ရဟန်းတော်တို့ကို ဘုရားသားတော်ဟု ဂုဏ်ယူ၍ ခေါ်ဆိုခဲ့ကြသည်။ နတ်ကိုးကွယ်သူတို့ကလည်းမိမိကိုယ်ကို နတ်သား ဟု ခေါ်ဆိုကြသည်မှာ အဆန်းမဟုတ်တော့ချေ။

နတ်သမိုင်းထဲမှသိကြားနတ်မင်း ဖြစ်စဉ်ကို လေ့လာရာ၌ ထိုနတ်သည်လည်းသမိုင်းဦးက ကိုးကွယ်ကြသော သဘာဝကိုးကွယ်မှုဘာသာမှ မွေးထုတ်ထားသော အယူအဆဖြစ်ကြောင်းတွေ့ရပြီ။ သိကြားနတ် မှာ လျှပ်စစ်ဓာတ်ကြောင့် မိုးကြိုးပစ်တတ်သော သဘာဝကို နတ်အဖြစ် ကိုးကွယ်ခဲ့ကြခြင်းဖြစ်ပေသည်။ သိကြားနတ် ကိုးကွယ်မှုသည် မြန်မာနိုင်ငံသို့ သရေခေတ္တရာခေတ်ကပင်ကူးရောက်လာ ခဲ့သည်။ ပျူတို့လက်မှမြန်မာမာတို့က လက်ဆင့်ကမ်းကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ အတွင်း၃၇-မင်းနတ် စာရင်း၌လည်းကောင်း၊ အပြင် ၃၇-မင်း နတ်စာရင်း၌လည်းကောင်းအခြားနတ်ရာထူးနေရာ အတော် များများ၌လည်းကောင်းပါဝင်နေသော နတ်ဇာတ်လိုက်ကြီး ဖြစ်ပေသည်။ မြန်မာ့ရှေးဦးရာဇ၀င်တို့ကို လေ့လာလျှင်လည်းသိကြားမင်းကို နေရာခပ်များများ၌တွေ့ရသည်။ သရေခေတ္တရာပြည် တည်ရာတွင်လည်းသိကြားမင်းပါသည်။ ပျူစောထီးမင်း နန်းတက်ရာတွင်လည်းသိကြားမင်းကလက်ဝဲလက်ကို မ ၍ နန်းတင်သည်ဟု ဆိုသည်။ ဤနေရာ၌သိကြားမင်းဆိုသည်မှာ အမတ်တစ်ဦးကသိကြားမင်းအ၀တ်တန်ဆာတို့ကို ၀တ်ဆင်၍ နန်းတင်ခြင်းဖြစ်ကြောင်း ရာဇ၀ံသဇာလိနီကျမ်းဆရာကကောက်ချက်ချပြထားရာ သဘာဝကျသော ရာဇ၀င်ဟာသတစ်ပုဒ် ဖြစ်ပါ၏။ ။

#ဖြိုးဇော်

 

Credit: Thadinatin