8

လူ အကြောင်းပေါင်းကြည့်မှသိ ဆိုသလို လူတစ်ယောက်နှင့်စကားပြောကြည့်တဲ့အခါ အဲ့ဒီလူရဲ့ ပညာအရည်အချင်းနှင့် ယဉ်ကျေးမှု အဆင့်အတန်းကိုပါသိနိုင်ပါတယ်။

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတာကို လောကနီတိတစ်ခုအဖြစ် လူတိုင်းသင်ကြားဖူးကြမှာပါ။ လူတစ်ဦးနှင့် တစ်ဦး အခေါ်အဝေါ်ပိုင်းမှာလည်း ကိုယ့်ထက်အသက်ကြီးတဲ့အခါ ကိုဘယ်သူ၊ မဘယ်သူ အစရှိသဖြင့် ငယ်တဲ့သူဖြစ်လျှင်တော့ ညီလေး၊ ညီမလေး အစရှိသဖြင့် ရွယ်တူကိုတော့ သူငယ်ချင်း ဆိုပြီးမခေါ်ချင်လျှင်တောင် နာမည်ကို လေးစားသမှုနဲ့ခေါ်သင့်ပါတယ်။

ပေါ်ပင်တွေ၊ ခေတ်ရေစီးကြောင်းနောက်သို့တသွင်သွင်လိုက်ပါစီးနှင်းသူတွေကတော့ ကွီး၊ ခေး၊ ညေး၊ မွီး ဆိုပြီး တစ်သွယ် ဘဒို၊ စစ် ဆိုပြီးတစ်မျိုး သို့မဟုတ် ယောကျာ်းလေးတွေမှာ သူငယ်ချင်းအချင်းချင်းတွေ့လိုက်တာနှင့် ဆဲနည်းပေါင်းစုံနှင့် နှုတ်ဆက်တာမျိုး၊ မိန်းကလေးဆိုလျှင်လည်း ကိုယ့်ထက်အသက်ကြီးတာငယ်တာမစဉ်းစားဘူးတွေ့တာနှင့် ကောင်မ ဘာဖြစ်တယ်၊ညာဖြစ်တယ် ဆိုပြီးပြောဆိုတာမျိုးတွေ မြင်ဖူး တွေ့ဖူး ကြားဖူးကျမှာပါ။

ဒါဟာ နှစ်ဦးနှစ်ဖက် ကျေနပ်လို့အပြန်အလှန် ခေါ်ဝေါ်တာမျိုးဖြစ်ချင်ဖြစ်မယ် သို့သော် ဘေးကကြားလိုက်ရတဲ့သူအမြင်မှာတော့ ရိုင်းသလို ကိုယ်ကိုတိုင်ဟာလည်း ဘယ်လိုအဆင့်အတန်းပါလို့ဖော်ပြလိုက်တာနှင့်တူပါတယ်။ လူတိုင်းပြောနေကြတာပဲ ဘာထူးဆန်းတာကြလို့ လို့ပြောစရာရှိပါတယ်။ လူတိုင်းမပြောကြပါဘူး။ လူတိုင်းအဲ့ဒီလို အခေါ်အဝေါ်တွေမသုံးကြပါဘူး။ ကြိုက်လည်းမကြိုက်ကြပါဘူး။ သူများကိုလည်း အဲ့လိုအခေါ်အဝေါ်တွေဘယ်တော့မှမခေါ်သလို သူတို့ကိုအဲ့လိုသွားခေါ်မိရင် မနှစ်သက်တဲ့သူတွေရှိပါတယ်။ ခေတ်ရေစီးကြောင်းနောက်ကိုလိုက်တာ လိုက်လို့ရပါတယ်။ ယဉ်ကျေးစွာနဲ့လိုက်ပါ။ ဒါပေမယ့် ကိုယ့်ယဉ်ကျေးမှုကိုလည်း မပျောက်ပျက်အောင်ထိန်းသိမ်းစေချင်ပါတယ်။

ရိုင်းပြတဲ့အခေါ်အဝေါ်တွေကတော့ ကိုယ်နဲ့သေလောက်အောင်ရင်းနှီးနေရင်တောင် ကိုယ့်အဆင့်အတန်းကိုဖော်ပြတာဖြစ်လို့ မသုံးစွဲသင့်ပါဘူး။ သူငယ်ချင်းအချင်းချင်းဖြစ်စေ၊ အကြီးနှင့်အငယ်ပဲဖြစ်စေ လေးစားမှုရှိသင့်ပါတယ်။ ကိုယ့်နှုတ်ကထွက်တဲ့စကားတိုင်းဟာ ကိုယ့်ရဲ့ယဉ်ကျေးမှု၊ အဆင့်အတန်းကိုဖော်ပြနေတာဖြစ်လို့ သတိထားဆင်ခြင်စေချင်ပါတယ်။

Photo:Google
Credit – သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)