ထမံသီဘေးမဲ့တော အနီးတွင် ဖမ်းဆီးရမိခဲ့သည့် မျိုးသုဉ်းရန် အလွန်နီးကပ်နေသာ တရုတ်သင်းခွေချပ် မျိုးစိတ် ကို တွေ့ရစဉ်

မျိုးသုဉ်းရန် အလွန်နီးကပ်နေသာ တရုတ်သင်းခွေချပ် မျိုးစိတ်ကို ထမံသီဘေးမဲ့တော အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထမံသီဘေးမဲ့တော ရှေ့တန်းစခန်းမှ ကိုမျိုးမင်းဝင်း၏ ပြောကြားချက်အရ သိရသည်။

ဖမ်းဆီးရမိသော တရုတ်သင်းခွေချပ် မှာ မိခင် နှင့် အကောင်ငယ်လေးတစ်ကောင် ပါဝင်သော သားအမိတစ်စုံ ဖြစ်ပြီး ဇူလိုင် ၁၇ ရက်က ထမံသီဘေးမဲ့တောအနီးရှိ လင်းဖားကျေးရွာသား ဦးသိန်းလွင် မှ ရွာအနီးရှိ တောထဲတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဘေးမဲ့တောထဲမှာ ဖမ်းမိတာ မဟုတ်ဘူး။ ရွာနားကတောထဲမှာ မျှစ်ရှာသွားရင်း ဖမ်းမိတော့ သူက ပြန်ရောင်းဖို့ လိုက်စပ်နေတာကို တစ်ဆင့်ပြန်ကြားလိုက်တာ။ အဲဒီအကောင်တွေက ရှားပါးတိရစ္ဆာန် ဖြစ်တဲ့အပြင် သစ်တောဥပဒေအရ ကာကွယ်ထားတဲ့ အကောင်ဖြစ်လို့ ထမံသီ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် သူ့ကိုဆက်သွယ်တော့ ကျွန်တော်တို့နဲ့ သဘောတူညီမှုရပြီး မရောင်းတော့ပဲ စခန်းကို လာအပ်သွားတာပါ။ ဖမ်းမိတာက သားအမိ တစ်စုံဆိုတော့ အကောင်ငယ်လေးကို ရေတိုက်ပြီး မနေ့ညတစ်ည စခန်းမှာ ထိန်းသိမ်းထားပြီး ထမံသီ ဘေးမဲ့တောထဲကို ဒီမနက် ပြန်လွှတ်ဖို့ လုပ်နေပါတယ်” ဟု ဦးမျိုးမင်းဝင်းက ပြောကြားသည်။

ထိုသင်းခွေချပ် သားအမိမှာ တရုတ်သင်းခွေချပ် (The Chinese Pangolin) မျိုးစိတ်ဖြစ်ပြီး အဆိုပါ မျိုးစိတ်သည် နို့တိုက်သတ္တ၀ါ အမျိုးအစားဖြစ်ကာ မြန်မာနိုင်ငံ ၏ ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ပါဝင်ကာ ကမ္ဘာပေါ်ရှိ သင်းခွေချပ်မျိုးစိတ် ငါးမျိုးတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေသော မျိုးစိတ်ဖြစ်ကြောင်း သိရသည်။

တရုတ်သင်းခွေချပ် များကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အင်ဒိုချိုင်းနား မြောက်ပိုင်း၊ ထိုင်ဝမ်နိုင်ငံနှင့် တရုတ်နိုင်ငံတောင်ပိုင်း ဒေသများတွင် တွေ့ရှိနိုင်ကြောင်း သိရသည်။

သင်းခွေချပ် များသည် ပုရွက်ဆိတ်၊ ခြ စသည့်အင်းဆက်များကို ဖမ်းဆီးစားသောက်ပြီး ကျင်းတူးပြီး နေထိုင်လေ့ရှိကြောင်း သိရသည်။

သင်းခွေချပ် များသည် ၎င်းတို့နေထိုင်ရာ စားကျကိမြေများ၊ သစ်တောများ ပြုန်းတီးလာခြင်း၊ တစ်ကြိမ် သားပေါက်လျှင် တစ်ကောင်သာ ပေါက်ခြင်းနှင့် ၎င်းတို့၏ အသားကို စားသောက်ရန်နှင့် သွေး၊ ကြေးခွံ၊ ခြေသည်း လက်သည်း စသည့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို တိုင်းရင်းဆေး များ ဖော်စပ်ရာတွင် အသုံးပြုရန်အတွက် လူတို့၏ လွန်ကဲစွာ အမဲလိုက် သတ်ဖြတ်ခြင်း ခံရသဖြင့် လွန်ခဲ့သော ၁၅ နှစ်မှစ၍ ကမ္ဘာတစ်ဝန်းရှိ သင်းခွေချပ်ကောင်ရေ သိသာစွာ ကျဆင်းခဲ့ကြောင်းနှင့် တစ်ကောင်တည်း နေထိုင်တတ်သော အလေ့အကျင့်များကြောင့် သုတေသန ပြုလုပ်ရန် ခဲယဉ်းကာ ကင်းလှည့်ထိန်းသိမ်း စောင့်ရှောက်ရန်လည်း ခက်ခဲကြောင်း သိရသည်။

သင်းခွေချပ် များအား သယ်ယူအရောင်းအ၀ယ် ပြုလုပ်ခြင်းကို ၂၀၀၂ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်းတွင် တားမြစ်လိုက်သော်လည်း တိရစ္ဆာန် မှောင်ခိုဈေးကွက်တွင်မူ သင်းခွေချပ်ကြေးခွံ ဂရမ် ၅၀၀ လျှင် အမေရိကန်ဒေါ်လာ ၃၅၀ ဖြင့် အရောင်းအ၀ယ် ပြုလုပ်နေကြကြောင်း သိရသည်။
Writer:
မဖေငြိမ်း
Credit : Eleven