အလုပ်တွေ ပိနေသောကြောင့် မိဘများအိမ်ကို သိပ်မရောက်ဖြစ်။ စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်များမှာပင် အချိန်ပို အလုပ်ဆင်းရတာနှင့်၊ စာဖတ်၊ စာရေးလုပ်ရတာနှင့် ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်လျှင်ရသော မိဘများအိမ်ကိုမရောက် ဖြစ်ခဲ့။ သည်တစ်ပတ်တော့ဖြင့် မဖြစ်မနေ အချိန်ပေးကာ အဖေ၊အမေတို့အိမ်သွားလည်ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသ လို ထိုနေ့က အဖေ့မိတ်ဆွေလင် မယားလည်း ရောက်နေသည်။ အဖေ့မိတ်ဆွေဆိုပေမယ့် အဖေ့ ထက်တော့ အသက်(၁၀)နှစ် လောက်ကြီးသည် ထင်သည်။ အဖေ နိုင်ငံရေးအကျဉ်းသားဘ၀က ထောင်ထဲတွင် တွေ့ဆုံလာရင်း ခင်မင်ရင်းနှီးလာခဲ့သူ ဖြစ်သည်။ ဘ၀နောက်ခံတွေ၊ ၀ါသနာတွေ၊ အသက်အရွယ်တွေ မတူကြသော်လည်း တစ်ချိန်က သူတို့၏ ယုံကြည်ချက်တွေ တူညီခဲ့ကြသည်။

စစ်အာဏာရှင်ကို အန်တုကြရာတွင် စစ်ထောက်လှမ်းရေး ၏ ဖမ်းဆီးနှိပ်စက် စစ်ကြောခံရ ချိန်တွင် တစ်ယောက်နှင့်တစ် ယောက် သစ္စာရှိခဲ့ကြသည်။ ဖေး မကူညီခဲ့ကြသည်။ ယင်းသည်ပင် မတူညီသောသူတို့နှစ်ဦးကို ယခုအချိန်တွင် မိတ်ဆွေတွေဖြစ်နေ စေ ခဲ့သည်။ သူတို့ချင်းသာမက သူ တို့ဇနီးမယားများမှာလည်း သူတို့ လိုပဲ ခင်မင်ရင်းနှီးခဲ့ကြသည်။

ကျွန်တော့် အဖေအိမ်က နေ့လယ်စာ ထမင်းဝိုင်းလေးက အဖေ၊ အမေတို့ရယ်၊ အဖေ့မိတ်ဆွေလင်မယားရယ်၊ ကျွန်တော်တို့ မိသားစုရယ်နှင့် အတော်လေးစားမြိန်ခဲ့သည်။ ထမင်းစားပြီးတော့ လက်ဖက်ရည်ဝိုင်းလေးနှင့် အမေက ဧည့်ခံပြန်သည်။ လက်ဖက်ရည်ဝိုင်းလေးမှာ အတိတ်သမိုင်းတွေ တူးဆွကြသည်။ ပစ္စုပ္ပန်ကို ဝေဖန်ကြသည်။ အနာဂတ်ကို မျှော်တွေးကြသည်။ လက်ဖက် ရည်က ခါး၏၊ ဖန်၏။ ထန်းလျက် ခဲကတော့ဖြင့် ချိုမြိန်နေပြန်သည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာ လသုံးပါးလုံးမှာ ခါးသက်မှုတွေ၊ ချိုမြိန်မှုတွေနှင့် ပါလား။ ကျွန် တော်နှင့် ကျွန်တော့်ဇနီးကတော့ နားထောင်ရုံသက်သက်။ တစ်နေ ရာရောက်တော့ အဖေ့မိတ်ဆွေ က နိုင်ငံရေးသမားများ၏ ဇနီးမ ယားများအကြောင်း ပြောသည်။ သူထောင်ကျစဉ်က သူ့မိန်းမ ဒုက္ခ ခံကာ လင်ယောက်ျားအတွက် အနစ်နာခံခဲ့ပုံတွေကို စားမြုံ့ပြန်သည်။ သူ့ချစ်ဇနီးအကြောင်း သူစပ်ထားသည့် ကဗျာအကြောင်းလည်းပါသည်။

ကျွန်တော့်အဖေနှင့် အမေ ကတော့ အဖေထောင်ကလွတ် လာမှ အိမ်ထောင်ကျခြင်းဖြစ်သ ဖြင့် အမေ့အကြောင်း အဲဒီလိုပြော ပြစရာတော့ မရှိ။ သို့သော် အဖေက ဇနီးမယားသုံးယောက်အကြောင်း ပြောပြခဲ့သည်။

(၂)

ပထမဇနီးမယားတစ်မျိုးမှာ လွတ်မြောက်ရေးတိုက်ပွဲကာလ အတွင်း၊ လှုပ်ရှားမှုတွေအတွင်း၊ ကြိုးစားအားထုတ်မှုတွေအတွင်း၊ ဖိနှိပ်ခံရမှုတွေအတွင်းတွင် ခေတ် စနစ်၏ ရိုက်ပုတ်မှုလှိုင်းတံပိုးတွေ ကြောင့် အဝေးသို့ လွင့်စဉ်သွား သော ဇနီးမယားတွေ ဖြစ်သည်။ တောထဲ၊ ထောင်ထဲမှာ၊ တရားရုံးမှာ၊ စစ်ကြောရေး စခန်းမှာ၊ ထောင်နံရံတွေထဲမှာ  တိုက်ပွဲဝင် နေရသော လင်ယောက်ျားကို ကြာရှည်မချစ်နိုင်တော့ဘဲ အေး ဆေးတည်ငြိမ်သည့် ဘ၀၊ ချမ်း သာကြွယ်ဝသည့် ဘ၀မျိုးတွေကို ရွေးချယ်သွားသော ဇနီးမယားမျိုး ဖြစ်သည်။ ဂုဏ်တင်ရန်ခက်သော် လည်း အပြစ်မြင်ရန်၊ အပြစ်တင် ရန် မလွယ်သော ဇနီးမယားတွေ ဖြစ်သည်။ ခေတ်ဆိုး၊ စနစ်ဆိုး၊ အုပ်ချုပ်သူဆိုးတွေသာ မရှိလျှင် သူတို့သည်လည်း သစ္စာမပြယ် တတ်သော မိန်းမတွေသာ ဖြစ်ပေ လိမ့်မည်။

ဒုတိယဇနီးမယားတစ်မျိုး ကတော့ လွတ်မြောက်ရေးတိုက်ပွဲ ရေစီးနှင့်အတူ မျောပါလာကြသော ဇနီးမယားတွေ ဖြစ်သည်။ လင်ယောက်ျားသွားရာလမ်းကို နောက်ကထက်ကြပ်မကွာ လိုက်ကြသည်။ လင်ယောက်ျားအတွက် ဘာမဆိုပေးဆပ်ကြသည်။ သူတို့ တွေက သူတို့၏ခင်ပွန်းတွေကို နှလုံးသားနှင့် ချစ်ကြခြင်းဖြစ်သည်။ ယောက်ျားဖြစ်သူက လက်သီးဆုပ် မြှောက်လိုက်လျှင် မဆိုင်းမတွ ‘တို့အရေး’ အော်ဖို့ အသင့်ရှိနေတတ်ကြသည်။ သို့သော် ယုံကြည်ချက်ကြောင့်မဟုတ်။ အတွေးအခေါ်ကြောင့်မဟုတ်။ နှလုံးသားက ချစ်မြတ်နိုးစိတ်နှင့် ဒုက္ခသုက္ခတွေကို အတူခံခဲ့ခြင်း ဖြစ်သည်။

တတိယဇနီးမယား အမျိုး အစားကတော့ နှလုံးသားအပြင် ဦးနှောက်ချင်းပါတူသောဇနီးမ ယားမျိုး ဖြစ်သည်။ လင်ယောက်ျား၏တိုက်ပွဲမှာ အတွေးအခေါ်ချင်းတူ၊ ယုံကြည်ချက်ချင်းတူသဖြင့် ရဲဘော်ရဲဘက်အဖြစ် လိုက်ပါလာခဲ့သောသူများဖြစ်သည်။ ရေစီးကြောင်းနှင့်အတူ မျောပါလာခြင်းမဟုတ်။ လင်ယောက်ျားနှင့်အတူ ရေဆန်ကိုဆန်တက်လို သူမျိုးဖြစ်သည်။ လှော်တက်လည်းကိုင်သည်။ ဘယ်လိုလှော်ရမယ်ဆိုတာလည်း သိသူဖြစ်သည်။

(၄)

သည်စကားဝိုင်းလေးမှာ သည်အကြောင်းကို ဇနီးမယား တွေအကြောင်းကတစ်ဆင့် ပြော ဖြစ်သွား၍သာ ဇနီးမယား သုံးယောက်အကြောင်းလို့ ဖြစ်သွား ရခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် လင်ယောက်ျား သုံးယောက် အ ကြောင်းလည်း ဖြစ်နိုင်သည်။ သားသမီးသုံးယောက်အကြောင်း လည်း ဖြစ်နိုင်သည်။ မောင်နှမ  သုံးယောက်အကြောင်းလည်း ဖြစ်သွားနိုင်သည်။ တပည့်သုံးယောက်အကြောင်း၊ ရဲဘော်သုံးယောက်အကြောင်းလည်း ဖြစ်သွားနိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံ၏ လွတ် လပ်ရေးကြိုးပမ်းမှု သမိုင်းမှသည် ဒီမိုကရေစီရေးလှုပ်ရှားမှုများ အ လယ်၊ ယနေ့မျက်မှောက်ခေတ် စစ်မှန်သည့် ဖက်ဒရယ်ဒ်ီမိုကရေ စီနိုင်ငံ ထူထောင်နိုင်ရေး ကြိုးပမ်း မှုများအထိ ခေတ်အဆက်ဆက်၊ သမိုင်းစာမျက်နှာ အလီလီတွင် လည်း အကြောင်းအမျိုးမျိုးကြောင့် သမိုင်းမှလွင့်စဉ်သွားသူများ၊ ရေလိုက် ငါးလိုက်ဖြင့် သမိုင်းထဲမှာ စီးမျောလိုက်ပါလာသူများ၊ မှန်ကန်သောအတွေးအခေါ်၊ ခိုင်မာသော ယုံကြည်ချက်ဖြင့် သမိုင်းတင်ခံရသူများ စသည်ဖြင့် မျိုးစုံတွေ့နိုင်ပါမည်။

(၅)

ဆက်ပြီး တွေးတောကြည့် မိသည်က အာဇာနည်များ အ ကြောင်း ဖြစ်သည်။ မကြာမီမှာ အာဇာနည်နေ့ကျရောက်တော့ မည် မဟုတ်လား။ ဘယ်လိုစိတ် မျိုး၊ ဘယ်လိုပုံစံမျိုးနှင့် အာဇာနည်များကို အလေးပြုကြမည်လဲ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင်ကျဆုံးခဲ့ရရှာသော ဦးအောင်ဆန်းနှင့်တကွဖြစ်သည့် အာဇာနည်ကြီး  ကိုးဦးကိုလည်းကောင်း၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲ အဆက်ဆက်တွင် ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ခဲ့ကြသော အာဇာနည်များကို လည်းကောင်း ကျွန်တော်တို့ဘယ်လို ချစ်ကြမည်လဲ။

အာဇာနည်တွေကို တန်ဖိုး မထားသူများလည်း ရှိသည်။ ရှိစေ တော့။ သူတို့သည် သမိုင်းမှာ ဆက်ပါမည့်သူတွေ မဟုတ်ကြ။ လွင့်စဉ်သွားကြမည့်သူများ ဖြစ် သည်။ အဓိကကျသည်က ကျွန် တော်တို့အာဇာနည်တွေကို ဘယ် လိုချစ်ကြမည်လဲ၊ ဘယ်လိုချစ် ကြမည်လဲ ဆိုသည့်အချက်ပင် ဖြစ်သည်။ ရေလိုက်ငါးလိုက် ချစ် နေရုံမဖြစ်သင့်။ ချစ်လွန်းလို့လေး စားတာလည်း မဖြစ်သင့်။ အာဇာ နည်ခေါင်းဆောင်ကြီးတွေ ချမှတ် ခဲ့သော မူဝါဒ၊ လမ်းစဉ်၊ ပြုမူနေ ထိုင်ပုံ၊ ကျင့်ကြံပုံတွေကိုအတွေး အခေါ်အရ ကိုယ်တိုင်ယုံကြည် လက်ခံပြီး   ဖြစ်ပေါ်လာသော  ကြည်ညိုစိတ်ဖြင့်သာ ချစ်မြတ်နိုးစေချင်ပါသည်။ အလေးအမြတ်ပြုစေလိုပါသည်။

(၆)

တွေးလက်စနှင့် ဆက်၍ တွေးမိပါသေးသည်။ လက်ရှိလူ ထုခေါင်းဆောင်နှင့် လူထုအစိုးရ ကိုကော ဘယ်လိုစိတ်မျိုးဖြင့် ၀န်း ရံ ထောက်ခံကြပါမည်လဲ။ စစ် အာဏာရှင်စနစ်ကို ဆန့်ကျင်သင့် သည်ဆိုသည့် ကိုယ်ပိုင်အတွေး အခေါ်ဖြင့် ၀န်းရံထောက်ခံသင့် ပါသည်။ ငြိမ်းချမ်းရေးကို အမှန် တကယ်ဖော်ဆောင်ဖို့ လိုအပ် သည်ဆိုသည့် ကိုယ်ပိုင်ယုံကြည် ချက်ဖြင့် ၀န်းရံထောက်ခံသင့်ပါ သည်။

စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အကောင်အ ထည်ဖော်ရမည်ဟူသော အတွေး အခေါ်ဖြင့် ထောက်ခံဝန်းရံသင့် ပါသည်။ ထိုအချက်များအားလုံး ပြည့်စုံနိုင်စေရန် အာမခံချက်အ ပြည့်အ၀ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက် ဖို့လိုအပ်သည်ဟူသော ယုံကြည်မှုဖြင့် ၀န်းရံထောက်ခံသင့်ပါသည်။

လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ လက်သီးလက်မောင်း တန်းပြကြရုံဖြင့် ဒီမိုကရေစီသမား မဖြစ်နိုင်ပါ။ ဒီမိုကရေစီတိုက်ပွဲမှာ အတူပါလာတိုင်းလည်း အမှန် တကယ်ဒီမိုကရေစီသမားဟု မဆို နိုင်သေး။ ဒီမိုကရေစီစနစ်ကို အ မှန်တကယ် လေးလေးနက်နက် ယုံကြည်သက်ဝင်မှသာလျှင် ဒီမို ကရေစီသမား ဖြစ်ပါလိမ့်မည်။

(ဖော်ပြပါ ဆောင်းပါးသည်  စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Credit:7Daydaily