ဇူလိုင်လ ၁၁ ရက်ညတွင် လန်ဒန်အရှေ့ဘက် ကန်းနင်းမြို့ မက်ဒေါ်နယ်ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းလေးဦးက စားသုံးသူတစ်ဦးကို ခြေထောက်တွေနဲ့ ကန်ပြီး စားသုံးသူဟာ မြေပြင်မှာလဲကျငိုခဲ့ရသည်အထိဖြစ်တဲ့ ထိတ်လန့်ဖွယ်ရုပ်သံဟာ အင်တာနက်စာမျက်နှာပေါ်တွင် ပြန်နှံ့နေပါတယ်။

ဖြစ်စဉ်မှာ စားသုံးသူ အမျိုးသားက စားပွဲထိုးဝန်ထမ်းဆီ အစားအသောက်တချို့ လွှင့်ပစ်ခဲ့ရာကနေ ၀န်ထမ်းများကထိုးကြိတ်ပြီး ယင်းနောက် ထိုအမျိုးသားက ဘာမှမကာကွယ် ပြန်တိုက်ခိုက်ခြင်းမရှိဘဲ နောက်ဆုံးကြမ်းပြင်ပေါ်လဲကျပြီး မျက်နှာကို ဖုံးကာငိုရှိုက်ခဲ့ရသည်အထိ ဖြစ်ခဲ့တယ်လို့ မျက်မြင်တဦး ကပြောပါတယ်။

“ကျနော် အစားအသောက်မှာပြီး ယူဖို့စောင့်နေချိန်မှာ အမျိုးသားတစ်ဦး နဲ့ မက်ဒေါ်နယ်ဝန်ထမ်း တဦးရဲ့ရန်ပွဲ စတာပဲ” လို့ ဒီအဖြစ်အပျက်ရုပ်သံ ရိုက်ကူးခဲ့သူ အသက် ၂၉ နှစ်အရွယ် ဂျိုးဇက်ပ်ဝဲက ပြောပါတယ်။

 

ရုပ်သံထဲမှာ အမျိုးသမီးတဦးက ရပ်လိုက်ဖို့ ဝန်ထမ်းတွေကို အော်နေပြီး နောက်ထပ် စားသုံးသူတဦးကလည်း ဒီလိုမလုပ်ကြဖို့၊ အေးအေးဆေးဆေးလုပ်ကြဖို့ အော်နေတာကို ကြားနေရပါတယ်။

“စားပွဲထိုးက ဒီလူကို အပြင်မှာ ရန်ဖြစ်ကြဖို့ ခေါ်ပုံရပါတယ်။ စားပွဲထိုးကို ဒီလူက အစားအသောက်တွေနဲ့ ပစ်လိုက်တယ်။ ကျနော်လည်း ရုပ်သံရိုက်ဖို့ ကင်မရာထုတ်တဲ့အချိန် ဒီရန်ပွဲ စဖြစ်တော့တာပဲ။ အဲ့ဒီနောက် ဝန်ထမ်းလေးဦးက ကောင်တာတွေကနေ ခုန်ထလာပြီး မှန်တံခါးနား ဆွဲခေါ်ပြီးတော့ စထိုးတော့တာပဲ” လို့ ဂျိုးဇက်က ဆက်ပြောပါတယ်။

ရဲတွေရောက်လာချိန်မှာ အရိုက်ခံရသူ ကြမ်းပြင်ပေါ် လဲကျပြီး မျက်နှာကို လက်နဲ့အုပ် ငိုကြွေးနေတာကို တွေ့ရပြီး အဲဒီညမှာဘဲ ယင်းဝန်ထမ်းလေးဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

 

ဒီကိစ္စဟာ အရမ်းအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ယခုလက်ရှိတွင် ၂ ယောက်ကိုတော့ တာဝန်ကနေ ခေတ္တရပ်နားထားပြီး ဆိုင်အတွင်း ကိုလည်း စုံစမ်းမှုအရေးပေါ် လုပ်ဆောင်နေတယ်လို့ မက်ဒေါ်နယ်ဆိုင် တာဝန်ရှိသူကတော့ ပြောပါတယ်။

ယင်းထိုးကြိတ်ခံရတဲ့ အမျိုးသားမှာ အသေးစားဒဏ်ရာတွေပြီး ရိုက်နှက်ခဲ့တဲ့ ဝန်ထမ်းလေးဦးကိုတော့ ခန္ဓာကိုယ်နာကျင်ထိခိုက်စေမှုနဲ့ ဖမ်းဆီးထားပြီး အဆိုပါဝန်ထမ်းတွေကို လန်ဒန်အရှေ့ဘက် ရဲဌာနကို ခေါ်သွားပြီး စုံစမ်းမေးမြန်းပြီး လွှတ်ပေးလိုက်ပါတယ်။ လက်ရှိတွင်လည်းစုံစမ်းမှုကို ဆက်လုပ်နေပါတယ်လို့ မက်ထရိုပိုလီတန်ရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Credit: Htoo Htoo