5

ရန်ကုန်၊​ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၁၄/ ၁ ရပ်ကွက် နွယ်သာဂီလမ်းတွင် အရက်အတူသောက်နေသူ အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဒဏ်ရာရသူ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၅၃ နှစ် ဦးလှိုင်ထွန်းမှာ ဇူလိုင်လ ၁၀ ရက် ညနေ ၅ နာရီက ၎င်းနေအိမ်တွင် တစ်ရပ်ကွက်တည်း နေထိုင်သူ အသက် ၃၆ နှစ် ဇော်မင်းလတ် (ခ) ငသစ်တုံးနှင့် အရက်အတူသောက်ရာမှ စကားများ ရန်ဖြစ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

နှစ်ဦး အချင်းများစဉ် ဇော်မင်းလတ်မှ ဦးလှိုင်ထွန်းအား လက်သီးဖြင့်ဆင့်ထိုးပြီး နေအိမ်ပေါ်မှ တွန်းချခဲ့သောကြောင့် ဦးခေါင်းနှင့် မျက်နှာတွင် ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာများ ရခဲ့သူ ဦးလှိုင်ထွန်းမှာ ၁၁ နှစ်ကြာ ကွာရှင်းခဲ့ပြီးဖြစ်သော ၎င်း၏ ဇနီးဟောင်းရှိရာ တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက် ၂၆ လမ်းရှိ နေအိမ်သို့ သွားရောက်ခဲ့သည်။

ဇနီးဟောင်းဖြစ်သူမှ ၎င်း၏ ဒဏ်ရာများအား ဆေးကြောပေး၍ ပလာစတာကပ်ပေးပြီး နေအိမ် ပြန်လိုက်ပို့ပေးခဲ့ပြီးနောက် ယနေ့ (ဇူလိုင်လ ၁၁ ရက်)နံနက် ၈ နာရီတွင် ဦးလှိုင်ထွန်းမှာ အိပ်ယာထဲ သေဆုံးနေခဲ့သည်။

လူသေဆုံးမှုကြောင့် ဇော်မင်းလတ် (ခ) ငသစ်တုံးကို ဖမ်းဆီးခဲ့ပြီး တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ (ပ) ၆၆၄/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

Credit : The Voice