ဇူလိုင် ၁၇ ရက်က ဂျာမနီအနောက်တောင်ပိုင်း စတုဂတ်မြို့အနီး သက်မွေးမှု အတတ်သင်ကျောင်းအနီး ရပ်ထားသော ရဲကားတစ်စီး
ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းရှိ သက်မွေးမှု အတတ်သင်ကျောင်းတစ်ကျောင်းသို့ ဆယ်ကျော်သက်တစ်ဦး သေနတ်ကိုင်၍ ၀င်သွားသည်ဟု သတင်းထွက်ခဲ့ပြီးနောက် ရဲများသည် ယင်းကျောင်းကို ၀န်းရံပိတ်ဆို့မှုများ ပြုလုပ်ကာ ထိုဆယ်ကျော်သက်ကို လိုက်လံ ရှာဖွေမှုများ ပြုလုပ် ခဲ့ကြသည်ဟု အာဏာပိုင်များက ဆိုသည်။

ရဲတပ်ဖွဲ့၏ နောက်ပိုင်းထုတ်ပြန်ချက်ထဲ၌ ထူးထူးခြားခြား ခြိမ်းခြောက်မှုရှိသည့် လက္ခဏာမရှိတော့ဟု ဖော်ပြထားသော်လည်း သံသယရှိသူကိုမူ လိုက်လံရှာဖွေနေဆဲဟု သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက်နံနက်က အဆိုပါအထက်တန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများက ခါးစည်းတွင် သေနတ်တစ်လက် ပါသော အမျိုးသား တစ်ဦးကို ကျောင်းထဲတွင် တွေ့မြင်လိုက်သည်ဟု ပြောခဲ့ကြသည်။ ထိုအမျိုးသားသည် အသက် ၁၇ နှစ်မှ ၁၉ နှစ်ကြားရှိပြီး အရပ်ရှည်ကာ မုတ်ဆိတ်ရှိသည်ဟု မျက်မြင်သက်သေများက ပြောခဲ့သည်။

“သိပ်မကြာခင်မှာပဲ သံသယရှိသူဟာ ကျောင်းထဲကနေ ထွက်သွားတယ်။ ဘယ်ဘက်ကို ထွက်သွားမှန်း မသိပေမယ့် မော်တော်ဆိုင်ကယ်တစ်စီး စီးသွားတာဖြစ်နိုင်ပါတယ်” ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် အတူ အထူးကွန်မန်ဒိုများ၊ ရဟတ်ယာဉ်များဖြင့် ကျောင်းမြေတစ်ဝိုက်တွင် အကြီးအကျယ် လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည်။

အစောပိုင်းက ရဲတပ်ဖွဲ့သည် သံသယရှိသူတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သေးကြောင်း သိရသည်။ သို့သော် နောက်ပိုင်းတွင် မှားယွင်း ဖမ်းဆီးမိသည်ဟု သိရှိပြီး ပြန်လွှတ်ပေးလိုက်ကြသည်။

ရဲများသည် အဆိုပါအထက်တန်းကျောင်း တစ်ခုလုံးကို ရှာဖွေခဲ့ကြသော်လည်း သံသယဖြစ်စရာ တစ်စုံတစ်ခုမျှ မတွေ့ရှိခဲ့ကြပေ။ ကျောင်းသားများကိုမူ ကျောင်းဆောင်အပြင်ဘက်တွင် တန်းစီစေပြီး မိဘများကို လာခေါ်ခိုင်းခဲ့ကြောင်း သိရသည်။

Credit : Eleven
Writer:
Ref: AFP