ဆီးဂိမ်း ပြိုင်ပွဲများလာ ရောက်ကြည့်ရှုမည့် မြန်မာပရိ သတ်များ၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူမည်ဟု မလေးရှားအာဏာပိုင်များကကတိပေးထားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးသက်ဇော်တိုးက ပြောသည်။

သြဂုတ် ၂၁ ရက်ကကျင်းပ သည့် အိမ်ရှင်မလေးရှားအသင်း နှင့် မြန်မာယူ-၂၂ အမျိုးသား ဘောလုံးအသင်းတို့၏ ပွဲစဉ်သို့ သွားရောက်အားပေးသော မလေး ရှားရောက် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ထပ် မံဖြစ်ပွားမှု မရှိစေရန် သြဂုတ် ၂၃ ရက်က သံတမန်နည်းလမ်းအရ မလေးရှားအာဏာပိုင်များထံ စာ ပို့အကြောင်းကြားထားပြီး ယင်း နေ့တွင်ပင် နယ်မြေခံအာဏာပိုင် ကို သံရုံးသို့ ဆင့်ခေါ်၍ သံအမတ် ကြီးက ပြောကြားခဲ့ကြောင်း ဦးသက်ဇော်တိုးက 7Day Daily သတင်းစာအား ပြောသည်။

‘‘ကျွန်တော်တို့ ဒီပွဲတွေ မ တိုင်ခင်ကတည်းက မြန်မာနိုင်ငံ သားတွေ ပွဲကြည့်ဖို့အတွက် သူတို့ နဲ့ ဆွေးနွေးထားပြီးသား။ အခုဟာ က မထင်မှတ်ဘဲ ဖြစ်သွားတယ် ပေါ့နော်။ သူတို့က ဘာမှရန်ငြိုး ရန်စရှိတာလည်း မဟုတ်ဘူး။ သက်သက်မဲ့ ဘောလုံးပွဲအပြန်မှာ ရန်ရှာတာပေါ့နော်။ အဲဒီလိုဖြစ် သွားတဲ့အပေါ်မှာ ကျွန်တော်တို့ က လာမယ့်ပွဲတွေမှာ အဲဒီလိုမျိုး မဖြစ်အောင် လုပ်ပေးပါဆိုပြီး တောင်းဆိုထားတယ်။ သူတို့ဘက် ကလည်း အတတ်နိုင်ဆုံး လုပ်ပေး ပါ့မယ်လို့ ပြောဆိုထားပါတယ်’’ ဟု ဦးသက်ဇော်တိုးကပြောသည်။

ထို့အပြင် မလေးရှားဆီးဂိမ်း တာဝန်ရှိသူများကလည်း ဒဏ်ရာ ရရှိခဲ့သော မြန်မာနိုင်ငံသားများ ကို လာရောက်တွေ့ဆုံကြောင်း ၎င်းကဆိုသည်။

အိမ်ရှင်မလေးရှားအသင်း နှင့် မြန်မာယူ-၂၂ အမျိုးသား ဘောလုံးအသင်းတို့ ပွဲစဉ်ကို ဘ လက်ဂေါင်မြို့မှ သွားရောက်အား ပေးခဲ့သော ကိုအောင်ကြီးအပါ အဝင် မြန်မာလုပ်သားသုံးဦးကို မလေးရှားနိုင်ငံသား ၁၉ ဦးက အုပ် စုဖွဲ့ တိုက်ခိုက်ရာ ကိုအောင်ကြီး သည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာသံရုံးက သြဂုတ် ၂၄ ရက်၌ သတင်းထုတ်ပြန်ထားသည်။

ကလန်းမြို့မှ သွားရောက် အားပေးသော မောင်မျိုးအပါအဝင် သုံးဦးကိုလည်း မလေးရှားနိုင်ငံသားအုပ်စုက တိုက်ခိုက်ရာ မောင်မျိုး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဘန်ဒန်းမြို့မှ သွား ရောက်အားပေးသော ကိုမင်းစိုး အပါအဝင် မြန်မာလုပ်သားလေး ဦးကို လူ ၂၀ ခန့်ရှိသော အုပ်စုက တိုက်ခိုက်ရာ ကိုမင်းစိုး ပြင်း ထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မြန်မာနိုင်ငံသားအချို့ ရှာ အလမ်ကွင်းအနီး၌ ရိုက်နှက်ခံရ ခြင်း၊ လုယက်ခံရခြင်းကြောင့် မလေးရှားရောက် မြန်မာလုပ်သား များ အားကစားပြိုင်ပွဲများသို့ သွားရောက်ကြည့်ရှုရာတွင် သတိ ဝီရိယဖြင့် သွားလာနေထိုင်ကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးက သြဂုတ် ၂၃ ရက်၌ သတိ ပေးနှိုးဆော်ထားသည်။

မြန်မာယူ-၂၂ အမျိုးသား ဘောလုံးအသင်းသည် ဆီးဂိမ်းအ ကြိုဗိုလ်လုပွဲအဖြစ် လာမည့်သြ ဂုတ် ၂၆ ရက်တွင် ထိုင်းယူ-၂၂ အသင်းဖြင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ဒဏ်ရာရ မြန်မာလုပ်သားများကို မြန်မာသံရုံးတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ − မြန်မာသံရုံး)

Credit: 7daydaily