3

ရန်ကုန်၊သြဂုတ်၁ ။ ။ မြန်မာနိုင်ငံတွင် H1N1နှင့် H5N1 တွေ့ရှိရပြီးနောက်ပိုင်း ဇူလိုင်လ ၂၇ ရက်မှ စတင်၍ ကြက်ဘဲဈေးများကျဆင်းသွားပြီး ယခုနှစ်မှာ မကြုံစဖူး ဈေးကျခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ကြက်ဘဲဈေး၏ တွဲဘက်အတွင်းရေးမှူးဦးခင်မောင်လွင်က ပြောသည်။

“အခုက ငါးပုဇွန်ပေါတဲ့ရာသီဆိုတော့ ဖြေးဖြေးချင်းဆင်းလာတဲ့အချိန် ၊ တကယ်ဖြစ်သင့်တဲ့ဈေးက ၃ထောင်လောက်မှာ ဖြစ်သင့်တယ်။ တစ်ထောင်လောက်ဆိုတော့ ငါတို့ ၃၀ရာခိုင်နူန်းလောက် ကျသွားတယ်လို့ပြောရမယ်။ ၃၀ ရာခိုင်နှုန်း ဆိုတာ ဈေးကြီးပဲကျတာမှန်တယ်။ ဝင်တဲ့အားကလည်းတစ်ဝက်ကျသွားတယ်။ တစ်ဝက်တောင်မှ မကဘူး။ ၈ သောင်းဆိုရင် ၃သောင်းခွဲ၊ ၄သောင်းဝင်တယ်။ သူတို့ တဝက်ကျော်ကျော်လောက် ကျသွားတယ်။ တကယ်လို့သာ အရင်လိုမျိုး သွင်းလိုက်မယ်ဆိုရင် ဈေးနူန်းက ဒီထက်မက ဆင်းသွားနိုင်တဲ့ သဘောရှိတယ်”ဟု ကြက်ဘဲဈေးမှ တွဲဘက်အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောသည်။

၂၀၀၆၊၂၀၀၇ ခုနှစ်များတွင် ယခုကဲ့သို့ ကြက်ငှက်တုပ်ကွေး ကိစ္စမျိုး မန္တလေးမြို့နှင့် ရန်ကုန်၌ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ တစ်ကြိမ်မှ မကြုံဖူးကြောင်း ပြောခဲ့ပြီး မရမ်းကုန်းတွင် တွေ့ရှိရမှုများကြောင့် အဓိကဖြစ်ကြောင်း သိရသည်။

“အခုတစ်ခေါက်ကတော့ အသစ်ပြန်ဖြစ်သွားတယ်။ ဖြစ်တာက အဓိက H1N1နဲ့ ဆိုင်တယ်။ လန့်တဲ့အရှိန်နဲ့၊ မြိတ်မှာလည်း H5N1ဖြစ်တယ်။ မြိတ်မှာက ဒီလောက်ကြီးမဟုတ်ဘူး။ မရမ်းကုန်းလည်းဖြစ်ရော လူတွေက ပိုပြီးတော့ အထိတ်တလန့်ဖြစ်သွားတယ်” ဦးခင်မောင်လွင်က ပြောသည်။

လက်ရှိ အခြေအနေတွင် ကြက်သား တစ်ပိသာလျှင် ၂၀၀၀ မှ ၂၅၀၀ ရှိနေပြီး ယခင်က ကျပ် ၃၅၀၀ မှ ၄၀၀၀ ၀န်းကျင် ပေါက်ဈေး ရှိသည်။

ကြက်၊ ဘဲဈေးတွင် ကျန်းမာရေးထောက်ခံချက်မပါရှိသည့် ကြက်၊ ဘဲများကို တင်သွင်းခွင့်မပြုကြောင်း စာကပ်ထားပြီး ဈေးတစ်ခုလုံးကို မီးသတ်ပိုက်များဖြင့်ရေဆေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများကို နေ့စဉ်လုပ်ဆောင်နေသည်ဟု ဆိုသည်။

Credit : Mizzimaburmese