ကမ္ဘာလှည့် ခရီးသွား ရာသီချိန် စတင်ဝင်ရောက်လာပြီဖြစ်ရာ ယခုတလော ဖြစ်ပွားနေသည့် H1N1 ရောဂါအား အမြန်ဆုံး ထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း၊ မထိန်းချုပ်နိုင်ပါက လာမည့် ခရီးစဉ် များအတွက် အဟန့်အတား ဖြစ်နိုင်ကြောင်း ပုဂံညောင်ဦးဒေသ ခရီးသွား လုပ်ငန်းလုပ်ကိုင်သူများ၊ ဧည့်လမ်းညွှန်များထံမှ သတင်းရရှိသည်။

“ဒီနှစ်က Reservation မနှစ်ကထက်များတယ်။ လက်ရှိမှာတော့ နည်းနေသေးတယ်။ ခု H1N1 သတင်းထွက်နေတော့ ကိုယ့်ဧည့်သည်ဆို ဒီနေ့လာမယ်ဆိုပြီး မလာတော့ဘူး။ ရန်ကုန်ကနေ လှည့်ပြန်တယ်။ နေမကောင်းလို့ အကြောင်းပြတယ်။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ H1N1 ကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ဘဲ ကျယ်ပြန့်သွားရင်တော့ Tourism အတွက် မကောင်းဘူး။ ဒီနေ့လည်း လေဆိပ် ဆိုရင် သုံးယောက်ပဲ အကြိုရှိတယ်။ အမှန်က ဒီထက်မကများရမှာ။ ဇူလိုင်၊ သြဂုတ်သည် စပိန် ရာသီလေ Peak season လောက်မများပေမယ့် ၀င်ရတော့မှာ” ဟု ပုဂံဇုန် ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဧည့်လမ်းညွှန် ဦးမြင့်ကျော်သူက ပြောကြားသည်။

“H1N1 က ဒီအခြေအနေလောက်နဲ့ ထိန်းထားနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါထက်ဆိုးသွားရင်တော့ ထိခိုက်မှုရှိနိုင်တယ်။ ခုဟာ သတင်းကလည်း ချက်ချင်းပြန့်တယ်လေ။ ခုတော့ H1N1 ကြောင့် ခရီးစဉ် ပျက်တာမျိုးတော့ ခုထိ ကျွန်တော့်အနေနဲ့ မကြားမိသေးဘူး။ Travel Agents တွေအနေနဲ့တော့ မသိဘူး။ ကျွန်တော် ထင်ပါတယ်။ လောလောဆယ်တော့ မဖြစ်ပါဘူး။ မနေ့ကပဲ ကျွန်တော် ဧည့်သည်နဲ့ လည်တယ်။ သူတို့ဒီကိစ္စ Serious မဖြစ်ကြဘူး။ ဒါထက်ဆိုးလာရင်တော့ မပြောတတ်ဘူး” ဟု ပုဂံမြို့မှ ၀ါရင့်ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောကြားသည်။

ညောင်ဦးမြို့မှ ခရီးသွား လုပ်ငန်း ကိုယ်စားလှယ် တစ်ဦးကတော့ H1N1ကြောင့် ယခုအချိန်ထိ ခရီးသွား လုပ်ငန်းအပေါ် ထိခိုက်မှုမရှိသေးကြောင်း၊ သို့သော် အမြန်ထိန်းချုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်ရာတွင် ရန်ကုန် လေဆိပ် သည် အဓိက ၀င်ပေါက်တစ်ခုဖြစ်ပြီး ပုဂံညောင်ဦးဒေသသည် ကမ္ဘာလှည့် ခရီးသွား များ အဓိက လာရောက်လည်ပတ်ရာ ခရီးစဉ်ဒေသ တစ်ခုဖြစ်သည်။
Writer:
ကိုနော် (ပုဂံ)

Credit : Eleven