Q. အခုခေတ်မှာတော့ လူတွေအများစုဟာ လမ်းပေါ် မှာ ကားမောင်း နေရင်းနဲ့ကို တစ်နေ့တစ်နေ့ ဒေါသ တွေ အမြဲလိုလိုထွက်နေကြရတယ်လို့ ထင်ပါတယ်ဘုရား။ ကားမောင်း နေတဲ့အချိန်မှာရော ဒေါသ ကို ဘယ်လိုထိန်းချုပ်သင့်ပါသလဲဘုရား။

A. ကားမောင်း ရင်းနဲ့ တခြားကားက ကိုယ့် ကား ကို ကျော်တက်သွားရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရှေ့က ပိတ်နေရင်ပဲဖြစ်ဖြစ်၊ မီးပွိုင့် ကြာနေရင်ပဲဖြစ်ဖြစ်၊ မီးပွိုင့် ကို ကျော်မယ်မှတ်လို့ မောင်းရာကနေ မီးပွိုင့် မိသွားရင်ပဲဖြစ်ဖြစ်၊ ကား ကျပ်နေလို့ တရွေ့ရွေ့သွားနေရရင်ပဲဖြစ်ဖြစ် စသည်အားဖြင့် အကြောင်းတရားအမျိုးမျိုးကြောင့် ဒေါသဖြစ်တတ်ကြတယ်။ မောင်းတဲ့သူက ဒေါသ ဖြစ်တတ်သလို တချို့ကလည်း ဘေးက ထိုင်လိုက်နေရင်းနဲ့ ဒေါသ ဖြစ်တတ်တယ်။ အဲလို ဒေါသ ဖြစ်ခြင်းကြောင့် ဘာ အကျိုး ထူးလဲ ဆိုတာကို စဉ်းစားရမှာပေါ့။ ဘာမှ အကျိုး မရှိဘူးဆိုတာကို နားလည်သွားရင်လည်း ဒေါသဖြစ်စရာမလိုတော့ဘူးလေ။ သူများ ကား က ကိုယ့် ကား ကို ကျော်တက်ချင်နေရင် ကျော်ပါစေဆိုတဲ့ မေတ္တာလေး ထားလိုက်ရင် ကိုယ်လည်း ကုသိုလ်ရသွားတယ်။ သူလည်းပဲ သူသွားလိုတဲ့ ခရီး ကို မြန်မြန်ရောက်သွားတယ်လို့ သဘောထားရမှာပါ။ ကိုယ်လည်း စိတ်ချမ်းသာ၊ သူများလည်း စိတ်ချမ်းသာ ရတာပေါ့။ တချို့ကျတော့ ကားမောင်း ရင်းနဲ့ ဖြစ်တဲ့ဒေါသတွေကို မထိန်းနိုင်တာကြောင့် လူသတ်မှုကျူးလွန်တာမျိုးတွေ၊ ကား နဲ့လိုက်တိုက်တာမျိုးတွေအထိတောင် ဖြစ်တတ်တယ်လေ။ အဲဒီတော့ ဒေါသဖြစ်တာက ဘာမှအကျိုးမရှိဘူး။ ပြဿနာ တွေ တက်ရုံ၊ ရန်တွေဖြစ်ရုံပဲဆိုတာကို သိထားပြီးတော့ သည်းခံရပါမယ်။

READ  ချစ် တဲ့ သူ ကို သတိရ တဲ့ အခါ

မေတ္တာတရား အားကောင်းဖို့အတွက် အရေးကြီးတာက ခန္တီ – သည်းခံခြင်း ပါပဲ။ သည်းခံ တယ်ဆိုတာလည်း အဓိကကတော့ ဒေါသမထွက်တာပဲပေါ့။ ကြိတ်မှိတ်ပြီးတော့နေလိုက်ပြီး ပြန်မပြော၊ ပြန်မလုပ်တာကို သည်းခံ တယ်လို့ အရပ်ထဲမှာ ပြောကြပေမယ့် စိတ်ထဲမှာ မကျေနပ်တဲ့စိတ် ဖြစ်နေသေးတယ်ဆိုရင် ဒါကို သည်းခံတယ်လို့ မခေါ်ဘူး။ သည်းခံ တယ်ဆိုတာ စိတ်ထဲမှာကိုက တကယ်ဒေါသမဖြစ်ဘဲနေရမှာပါ။ အဲလို ဒေါသကို ထိန်းချုပ်နိုင်တဲ့ ခန္တီ-သည်းခံခြင်းတရားအားကောင်းလာရင် မေတ္တာတရား အားကောင်းလာတာပါပဲ။ ခန္တီ ဆိုတဲ့အတိုင်း ခံမှ တည်တယ်၊ ခံနိုင်ရည် ရှိမှပဲ တည်တံ့တာပေါ့။ ကြုံလာတဲ့အဖြစ်အပျက်တွေအပေါ်မှာရော၊ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့သူတွေအပေါ်မှာရော ခံနိုင်ရည် ရှိတဲ့ဓာတ်တွေ အားကောင်းလာရင်လည်း မေတ္တာတရားတည်တံ့သွားပါတယ်။ အဲဒါကြောင့် ခန္တီသည်းခံခြင်းတရား အားကောင်းလာအောင်လည်း ပြုစုဖို့ လိုပါတယ်။

တစ်ခုနဲ့တစ်ခုတော့ ဆက်စပ်နေတာပါ။ မေတ္တာတရား ဖြစ်ဖို့အတွက် မေတ္တာ ဘာဝနာချည်းပွားနေရမယ်လို့ မဆိုလိုပါဘူး။ နှာသီးဝမှာ သတိကပ်ပြီး ၀င်လေထွက်လေရှုမှတ်တဲ့အလုပ်ကို စွဲစွဲမြဲမြဲလုပ်နေရင်လည်း ဒီဝင်လေထွက်လေရှုမှတ်တဲ့ အာနာပါန ကမ္မဋ္ဌာန်း ကြောင့် စိတ်ဓာတ်တွေ ခိုင်မာပြီးတော့ အလွယ်တကူ ဒေါသမထွက်တော့ဘူး။ အလွယ်တကူ သည်းခံနိုင်တယ်။ အဲဒီအတွက်ကြောင့်ကိုလည်း မေတ္တာတရားက ပိုပြီးတော့ အားကောင်းသွားတယ်။

ကိုယ် ဒေါသ ထွက်နေတဲ့အချိန်မှာ ကိုယ့်စိတ်ကို သတိထားကြည့်လိုက်ပါ။ စိတ်ဘယ်လောက် ပူလောင်နေသလဲ၊ ဘယ်လောက်တင်းမာနေသလဲ၊ ဘယ်လောက်အနေရအထိုင်ရခက်သလဲဆိုတာကိုလေ။ သည်းမခံနိုင်တဲ့စိတ်တွေဖြစ်လာရင် ညအိပ်ရင်တောင်မှ အိပ်လို့မပျော်ဘူး။ အဲဒီတော့ သည်းမခံနိုင်ရင် ကိုယ်ပဲဒုက္ခရောက်တာပါလားဆိုတာကို နားလည်သွားရင် သည်းခံနိုင်ရမှာပေါ့။

ကားမောင်း တာပြောလို့ ဦးပဉ္ဇင်း က ဖုန်းဆက်တာကို သတိရသွားတယ်။ တချို့ကျတော့ ဖုန်းလာတယ်ဆိုရင်ကို ဒေါသထွက်ပြီးတော့ ဟယ်လိုဆိုပြီး ထူးတာကိုက မာမာကျောကျောကြီးနဲ့ပေါ့။ တစ်ဖက်က ဘယ်သူမှန်းမသိဘဲနဲ့ မာကျောတာလည်း ရှိတယ်။ တချို့ကျတော့လည်း သိပေမယ့်လို့ စထူးတာကိုက မာမာကြီးဖြစ်နေတာပေါ့နော်။ ကိုယ်အလုပ်ရှုပ်နေတဲ့အချိန်မှာ ဖုန်းလာရင် စိတ်တိုတာပေါ့။ စိတ်တိုနေရင်တောင် တစ်ဖက်သားရဲ့ဖုန်းကို ဟယ်လို နဲ့ထူးတော့မယ်ဆိုလို့ရှိရင် ကိုယ်ရဲ့စိတ်ကလေးကို ထိန်းချုပ်ပြီးတော့ ချိုချိုသာသာနဲ့ပဲ ထူးသင့်ပါတယ်။ ဟယ်လို သံမာခြင်းကြောင့်လည်း ပေါင်းသင်းဆက်ဆံရေး ပျက်ပြားသွားနိုင်ပါတယ်။ ကိုယ့်အပေါ်မှာ မေတ္တာတွေ လျော့ပါးသွားနိုင်ပါတယ်။

READ  ရည်းစားဟောင်း ကို ဒေါသ တွေထွက်နေတဲ့ ပိုပို

Photo – Nay Chy
(Eternal Light Magazine, May 2013 တွင် ဖော်ပြခဲ့သည့် ” ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) မိန့်ကြားသော မေတ္တာတရားအကြောင်း ” အင်တာဗျူးဆောင်းပါးမှ ပြန်လည်ကောက်နုတ်ဖော်ပြသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)

 

 

LEAVE A REPLY