ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ CB ဘဏ်ခွဲ က လက်ထောက် မန်နေဂျာ အမျိုးသမီး တယောက်ကို ငွေအလွဲသုံးစားပြုမှုနဲ့ အမှုဖွင့်ထားတယ်လို့ မြို့မစခန်းမှူး က ပြောပါ တယ်။

ညောင်လေးပင် CB ဘဏ်ခွဲက လက်ထောက် မန်နေဂျာ ဟာ သူ တာဝန်ယူဆောင်ရွက်ရတဲ့ (ချေးငွေ/စီမံဌာနစိတ်) က ငွေကျပ်ပေါင်း ၁၅၄ ၆၇၂ ၀၀၀ (သိန်းတထောင့်ငါးရာ လေးဆယ့်ခြောက်သိန်း ခုနစ်သောင်းနှစ်ထောင်) အား ဘဏ်ကို မသွင်းဘဲ မိမိကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုခဲ့တယ်ဆိုပြီး သြဂုတ် ၁၁ ရက် ည ၇ နာရီလောက်မှာ ညောင်လေးပင် CB ဘဏ်ခွဲ မန်နေဂျာ ဒေါ်ပြည့်စုံဝင်းက တရားလို လုပ် အမှုလာဖွင့်ခဲ့တာ ဖြစ်ပါတယ်။

စခန်းမှူး ဒု ရဲမှူးဇော်မိုး က “ကျနော်တို့ စခန်း ကို မနေ့ညနေပိုင်းလောက်က ငွေအလွဲသုံးစားမှုနဲ့ သူ့ဝန်ထမ်းကို ဘဏ်မန်နေဂျာက အမှုလာဖွင့်တာပါ။ လောလောဆယ်တော့ မနေ့ကမှ အမှုဖွင့် တာဆိုတော့ စစ်ဆေးမှုတွေတော့ လုပ်နေပါပြီ။ သက်သေတွေ စစ်မယ်။ လောလောဆယ် သူကပြေးနေတာဆိုတော့ သူ့ မိသားစု တွေကို အရင်မေးရဦးမယ်။ ဘယ်သွားတတ်တယ်၊ ဘယ်လာတတ်တယ်ပေါ့။ ကျနော်တို့ကလည်း ဒီဘက်ကနေ စုံစမ်းပြီးဖမ်းဆီးမှာပါ” လို့ ဒီဗွီဘီ  ပြောပါတယ်။

တိုင်ကြားခံရသူရဲ့ ဖခင်က “အဲဒီနေ့ကရုံးသွားပါတယ်။ ပုံမှန် မနက်သွား ညနေပြန်လာ တာပါပဲ။ နောက်ရက်တွေကျတော့ ပြန်မလာတော့ဘူး။ နောက်ရက်ကျတော့ ဘဏ်မန်နေဂျာမ ဆိုသူရောက်လာပါတယ်။ ရုံးမလာလို့ ဆိုပြီးတော့။ နောက်ရက်ကျတော့ ကျနော်တို့ လူပျောက်ကြေညာလိုက်ပါတယ်။ ငွေ အလွဲသုံးစား လုပ်လား၊ မလုပ်လားတော့ မသိပါဘူး။ ဒါပေမယ့် သမီးနဲ့ ခုချိန်ထိ အဆက်အသွယ်မရသေးပါဘူး” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

READ  ဣတ္ထိယ တို့အကြောင်း တစေ့တစောင်း

ဒါနဲ့ပတ်သက်ပြီး တရားလို ဖြစ်သူကို နေအိမ်မှာ သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေကြားပိုင်ခွင့်မရှိလို့ဆိုပြီး မဖြေခဲ့သလို CB ဘဏ်ရုံးချုပ်က အထွေထွေမန်နေဂျာကို ဒီဗွီဘီ က ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ဒီ အမှု ကို ညောင်လေးပင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
Credit : DVB

LEAVE A REPLY