တစ်ခါတလေမှာ ဘဝကြီးက မတရားပါဘူး။ သမီး ရည်းစား ဆက်ဆံရေးတစ်ခုမှာ အထီးကျန်သလိုအရမ်းခံစားလာရပြီး တစ်ယောက်တည်းနေဖို့ လိုအပ်လာတဲ့အချိန်တွေရှိပါတယ်။ အဲဒီလိုအခါမျိုးတွေမှာ မိမိရည်းစားနဲ့ဖြတ်ပြီး အကွာအဝေးတစ်ခုခြားနေဖို့ တောင်းဆိုမိတတ်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် မိမိရဲ့လက်တွဲဖော်ကို အသဲတော့ကွဲစေမှာပါ။

ဒီလိုနဲ့ တစ်ယောက်တည်းနေရတာအချိန်တစ်ခုကြာလို့ မိမိရည်းစားအပေါ်ထားတဲ့ ခံစားချက်တွေကို ပြန်စမ်းစစ်မိတဲ့အခါ၊ သူမရှိဘဲ မနေနိုင်ကြောင်း သဘောပေါက်မိလာတဲ့အခါ ပြန်နီးစပ်ဖို့ ကြိုးစားချင်လာ ကြပါတယ်။ ဒါပေမယ့် နီးစပ်အောင် ဘယ်လိုလုပ်ကြမလဲ။ ပြတ်တောက်ပြီးသား ကြိုးတစ်ချောင်းကို ပြန်ထုံးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ပြတ်ပြီးသားရည်းစားဟောင်း (Ex) နဲ့ ပြန်နီးစေဖို့အတွက် အောက်ပါနည်းလမ်းလေးတွေကို သုံးကြည့်နိုင်ပါတယ်။
၁။ မတ်ဆေ့ခ်ျတစ်စောင်ပို့လိုက်ပါ

မတ်ဆေ့ခ်ျတွေအများကြီးပို့ဖို့မလိုပါဘူး။ Facebook Messenger ထဲမှာ စာတွေအများကြီး သွားချန်ထားစရာမလိုပါဘူး။ “နင်ရှိနေလား” ဆိုပြီး မတ်ဆေ့ခ်ျတစ်စောင် စမ်းပို့ကြည့်လိုက်ပါ။ Reply ပြန်လာရင် သူငယ်ချင်းနှစ်ယောက် စကားပြောသလိုပဲ ပုံမှန်ပဲစကားပြောနေလိုက်ပါ။ အဲဒီမှာ သူမ (သို့) သူ တုံ့ပြန်တဲ့ပုံစံကိုလည်း အာရုံစိုက်မှတ်သားထားပါ။ သူ့ဘက်က အေးဆေးပဲဆိုရင် နောက်တစ်ဆင့်ကို ပြန်တက်ဖို့ သွေးတိုးစမ်းကြည့်ပါ။
၂။ ဖုန်းခေါ်ကြည့်ပါ
ဒုတိယနည်းလမ်းကတော့ ဖုန်းခေါ်ကြည့်တာပါပဲ။ Blocked list ထဲထည့်မထားဘူးဆိုရင် ဖုန်းဝင်သွားမှာပါ။ တစ်ခါ နှစ်ခါ မကိုင်ဘူးဆိုရင် ဆက်မခေါ်ပါနဲ့။ Missed call တွေ့လို့ ပြန်ခေါ်ပါလိမ့်မယ်။ ဒါမှမဟုတ် နောက်တစ်နေ့မှ ထပ်ခေါ်ကြည့်ပါ။ ကိုင်ပြီဆိုရင်လည်း ပုံမှန်ပဲစကားပြောပါ။
အရင်တုံးကပြောခဲ့ဖူးတဲ့ သမီးရည်းစားတို့ဘာသာဘာဝ စကားလုံးတွေကို မေ့ထားလိုက်ပါ။ ပြီးရင် သူ (သို့) သူမကို အပြင်မှာတွေ့ဖို့ ချိန်းကြည့်ပါ။ ဒီနေရာမှာ လိင်ကွဲပြားမှုက အရေးမကြီးပါဘူး။ ကိုယ့်ဘက်ကသာ စချိန်းကြည့်လိုက်ပါ။
ဥပမာ… ရုပ်ရှင်သွားကြည့်ရအောင်တို့၊ မုန့်သွားစားရအောင်တို့ပေါ့။ စိတ်မနာသေးဘူးဆိုရင်၊ နောက်တစ်ယောက်မရသေးဘူးဆိုရင် လွယ်လင့်တကူလက်ခံမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ တစ်မျိုးပေါ့။
၃။ စကားများများပြောပါ

ဖုန်းအဆက်အသွယ်ရပြီဆိုတာနဲ့ မိတ်ဆွေဆန်ဆန်စကားတွေပြောပါ။ သူ့ဘဝအကြောင်းမေးပါ။ ကိုယ်နဲ့အဆက်အသွယ်ပြတ်ပြီး နောက်ပိုင်း သူဘာတွေလုပ်လဲမေးပါ။ အလုပ်အကိုင်အဆင်ပြေလား မေးပါ။ အားလုံးအဆင်ပြေပြေ ချောချောမွေ့မွေ့ရှိတယ်ဆိုမှ ကိုယ်ဘယ်လိုခံစားနေရတဲ့အကြောင်း ပြောပြပါ။ ကိုယ့်မှာ သူ့အပေါ်ဘယ်လိုခံစားနေရသေးကြောင်း ပြောပြပါ။ ပြီးရင် သူမရဲ့တုံ့ပြန်မှုကိုနားထောင်ပါ။ ဝူးဝါးဝူးဝါးလည်း ထမလုပ်ပါနဲ့။ ပြန်တွဲဖို့ သူမဘက်ကို အိုကေတယ်ဆိုရင်တော့ ပြီးပါပြီ။
၎။ အမှားဟောင်းတွေကို ထပ်ခါထပ်ခါမကျူးလွန်ပါနဲ့

ဒီတစ်ခါတော့ ကိုယ်စွမ်းရှိသမျှ အားထုတ်ပါ။ အတိတ်တုံးက ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်ပြောမနေပါနဲ့။ ပြီးရင် သူ့ကို ပျော်ရွှင်စေဖို့၊ စိတ်ချမ်းသာစေဖို့ မိမိဘက်က အစွမ်းကုန်ကြိုးစားပေးလိုက်ပါ။ အမြဲတမ်း အတူတူ ရှိနေခဲ့သလိုပုံစံနဲ့ ချစ်ပြပါ။ ရိုမန်းတစ်လည်း ဆန်ပြပါ။ ရိုမန်းတစ်ဆန်တယ်ဆိုတာ အသက်အရွယ်ဘယ်လောက်ကြီးကြီး၊ လုပ်လို့ရပါတယ်။ ဒါကိုလည်း ရှက်စရာတစ်ခုလို မမြင်ပါနဲ့။
၅။ လက်ထပ်ခွင့်တောင်းလိုက်ပါ

သေချာဆုံးဖြတ်ပြီးမှ ပြန်တွဲဖို့စဉ်းစားထားတာဆိုရင်၊ ရှေ့ဆက်တိုးဖို့လည်း အခြေအနေပေးတယ်ဆိုရင် လက်စွပ်တစ်ကွင်းဝယ်ပြီးသာ သူမကို ပရိုပို့စ်လုပ် (လက်ထပ်ခွင့်တောင်း) လိုက်ပါ။ စားသောက်ဆိုင် ကောင်းကောင်းတစ်ခုကိုခေါ်သွားပြီး နှင်းဆီပွင့်တွေ၊ လက်စွပ်တွေနဲ့ လက်ထပ်ခွင့်တောင်းလိုက်ပါ။ ကိုယ်ချစ်တဲ့သူက လက်ထပ်ခွင့်အတောင်းခံရလို့ မပျော်ရွှင်တဲ့မိန်းကလေး ရှိမယ်မထင်ပါဘူး။
Source: youngisthan

Credit: Duwun