နည်းပြချုပ် ဂတ်ဆီဇီ အနေနဲ့ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလား ၀င်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

မြန်မာ ယူ-၂၂ အသင်းရဲ့ နည်းပြချုပ် ဂတ်ဆီဇီ ကို လက်ရှိ အချိန် မှာ ထုတ်ပယ်ဖို့ မဆောင်ရွက်သေးပဲ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့တွင် ကစားမယ့် ကာဂျစ္စတန် အသင်း နဲ့ အာရှဖလား ခြေစစ်ပွဲ အပြီးတွင်မှ စဉ်းစားဆုံးဖြတ်သွားမယ် လို့ သိရပါတယ်။

နည်းပြချုပ် ဂတ်ဆီဇီ နဲ့ နည်းပြအဖွဲ့(Photo-MFF)

နည်းပြချုပ် ဂတ်ဆီဇီ အနေနဲ့ မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်းကို ဆီးဂိမ်း ဗိုလ်လုပွဲ ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် အသင်း မှ ထုတ်ပယ်ဖို့ အစီအစဉ်နဲ့ ပက်သက်ပြီး အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
“အခုချိန်မှာတော့ အသင်း ကို ဆက်လက် တာဝန် ယူထားစေအုံးမှာပါ။ဘာလို့လည်း ဆိုတော့ ဆီးဂိမ်း ပြိုင်ပွဲ လည်း မပြီးသေးဘူး။နောက်ပြီး စက်တင်ဘာ ၅ ရက်နေ့မှာလည်း အာရှဖလား ခြေစစ်ပွဲ ကစားဖို့ ရှိနေသေးတယ်။ဒါကြောင့် ခုချိန်မှာတော့ သူ့ကိုပဲ ဆက်လက် တာဝန်ပေးသွားဖို့ ရှိပါသေးတယ်။ကာဂျစ္စတန် နဲ့ ပွဲပြီးရင်တော့ သူရဲ့အနာဂတ်အတွက် စဉ်းစားဆုံးဖြတ်သွားဖို့တော့ ရှိပါတယ်” လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။

နည်းပြချုပ် ဂတ်ဆီဇီ အနေနဲ့ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သူ ဖြစ်သလို ၂၀၁၆ ဆူဇူကီး ပြိုင်ပွဲ မှာလည်း ၁၂ နှစ်ကြာဝေးကွာနေတဲ့ ဆီမီးဖိုင်နယ် ကို ပြန်လည် တက်လှမ်းနိုင်အောင် စွမ်းဆောင် ပေးထား နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆီးဂိမ်း ပြိုင်ပွဲ မတိုင်မီ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ၎င်းကို ၂၀၁၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပြီး လာမယ့် စက်တင်ဘာလ ၅ ရက်နေ့တွင် ကစားမယ့် ကာဂျစ္စတန်နဲ့ အာရှဖလား ခြေစစ်ပွဲ ကစားမယ့် မြန်မာ့ လက်ရွေးစင် အသင်း ကို ပြန်လည် ကိုင်တွယ်မှာလည်း ဖြစ်ပါတယ်။
မြန်မာ့ လက်ရွေးစင် အသင်းအနေနဲ့ အာရှဖလား ခြေစစ်ပွဲ အဖြစ် အိန္ဒိယ အသင်း ကို ၀-၁ နဲ့ ရှုံးနိမ့်ထားပေမယ့် မကာအိုအသင်းကိုမူ ၄-၀ နဲ့ အနိုင်ရရှိထားကာ နှစ်ပွဲကစား ၃ မှတ် ရရှိထားပါတယ်။

Credit : Duwun