ဧရာဝတီဘဏ် ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ခြေစမ်းပွဲကစားရန် လာရောက်ခဲ့သော အင်တာမီလန် ယူ ၁၈ အသင်းနည်းပြချုပ် ကော်တီက မြန်မာ ကစားသမား သုံးဦး ၏ ခြေစွမ်း ကို သဘောကျနှစ်ခြိုက်ပြီး ပြုစုပျိုးထောင်ပေးလိုကြောင်း ဒုတိယနေ့ ခြေစမ်းပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကော်တီက ‘မြန်မာ ယူ ၁၈ အသင်း က အသင်းကောင်း တစ်သင်းပါ။ အသင်း ထဲမှာ ကစားသမား သုံးဦး က တကယ်ကောင်းတဲ့ ကစားသမားလေးတွေပါ။ သူတို့ကို သေသေချာချာ ပြုစုပျိုးထောင်ပေးရင် ကမ္ဘာ့အဆင့်မီ ကစားသမား aတွ ဖြစ်လာနိုင်ပါတယ်။ အင်တာမီလန် အသင်း မှာ ကစားခွင့်ရခြင်း၊ မရခြင်းထက် ကျွန်တော့်တစ်ဦးတည်းဆန္ဒအရဆိုရင် သူတို့သုံးယောက်ကိုခေါ် ပြီး ပြုစုပျိုးထောင်ပေးချင်ပါတယ်။ ကျွန်တော် က အရည်အချင်းရှိတဲ့ ဘယ်လို ကစားသမား မျိုးမဆို ပြုစုပျိုးထောင်ပေးလိုတဲ့ ဆန္ဒရှိပါတယ်’ဟု ပြောကြားခဲ့သည်။
အင်တာမီလန် ယူ ၁၈ အသင်းနည်းပြချုပ် ကော်တီအနေဖြင့် မြန်မာ ယူ ၁၈ အသင်းမှ မြန်မာ ကစားသမား များဖြစ်သော အသင်းခေါင်းဆောင် နောက်ခံကစားသမား စိုးမိုးကျော်၊ တိုက်စစ်မှူးများဖြစ်သည့် ၀င်းနိုင်ထွန်းနှင့် ပြည့်စုံနိုင်တို့ သုံးဦး၏ ခြေစွမ်းကို သဘောကျနှစ်ခြိုက်လျက်ရှိပြီး ဥရောပ သို့ခေါ်ယူကာ ပြုစုပျိုးထောင်ပေးလိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ ၁၈ အသင်းသည် ဥရောပ အင်အားကြီး အီတလီ ထိပ်သီးကလပ် အင်တာမီလန် ယူ ၁၈ အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ကာ ပထမနေ့ပွဲတွင် မြန်မာ ယူ ၁၈ အသင်းက ၂-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် ၂-၂ ဂိုးဖြင့် သရေရလဒ် ထွက်ပေါ် ခဲ့သည်။ ထိုခြေစမ်းပွဲသည် စက်တင်ဘာလ ၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ ၁၈ ချန်ပီယံ ရှစ်ပြိုင်ပွဲ ပြင်ဆင်မှုအဖြစ် ဖိတ်ခေါ်ခြေစမ်း ကစားခဲ့ခြင်း ဖြစ်သည်။ အာဆီယံ ယူ ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ အပြီးတွင် အာရှ ယူ ၁၉ ပြိုင်ပွဲ အတွက် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်မိုး
Credit : For Sports and Fitness Magazine