၁၉၈၈ ခုနှစ်
အသက် ၇ နှစ်အရွယ်ရှိ ချစ်စရာ ကောင်မလေးတယောက်၏ အမည်မှာ ရီ ဟဲ လျှောင်း (Lee Hye-Ryeon)ဟူ၍ဖြစ်သည်။
“အမေ… အဖေဘယ်မှာလဲဟင်..?
သူမတွေးတတ်လာသည်။
“အမေသမီးသူငယ်ချင်းတွေက သမီးမှာ အဖေမရှိဘူးတဲ့….။ သမီးကို လှောင်ကြတယ်။ အမေ သမီးကိုအဖေနဲ့တွေ့ခွင့်ပေးပါ”
သူမ မကြာခဏတောင်းဆိုလာတော့ အမေက..
” နောက်တပတ်ထဲမှာ အဖေနဲ့တွေ့ပေးမယ်…။” ဟုကတိပေးလိုက်တော့သည်။
သူမ အဖေနှင့်အမေ လက်မထပ်ဖြစ်ကြပါ။ ထိုစဉ်က တရားဝင်အဖေမရှိသောကလေးများမှာ ယ္ခုခေတ်ထက်စာလျှင် ပို၍မျက်နှာငယ်ရသော ကာလလည်းဖြစ်သည်။
သည်လိုနှင့် သူမသည် အမေ၊အဖွားတို့နှင့်အတူနေရင်းအဖေနှင့်မကြာခဏသွားတွေ့ခွင့်ရခဲ့သည်။
သို့သော် ကံဆိုးသော တနေ့ရောက်လာတော့သည်။
” ဟဲလျှောင်း….. အမေပြောတာ သေချာနားထောင်…။ မင်းအဖေ ဆုံးပြီ..”
သူမ အလွန်ဝမ်းနည်းသွားသည်။သူမ ချစ်သောအဖေက သူမကိုစွန့်ခွာသွားလေပြီ…။
ပို၍ဆိုးသည်မှာ ပျိုရွယ်သော သူမ၏ အမေ သည် သူမအား အဖွားထံသို့ အပ်နှံ၍ သူမအား စွန့်ခွာသွားလေတော့သည်။
အမေ့ထံမှ ဘာသတင်းမှ မကြားရတော့ပေ။
သူမသည် ငယ်စဉ်ကထဲက မိခင် ဖခင်တို့ဆီမှ နွေးထွေးသော အချစ်၊ မေတ္တာ၊ အကြင်နာတရားတို့ မရခဲ့ပါ…။
အချစ်ငတ်သောသူမ…။
ဘဝမှာ ပြေးကြည့်စရာဆို အဖွားတယောက်သည်သာ…။
********************
သူမသည် ငယ်ရွယ်စဉ်ကထဲကပင် ဘဝကို အလွန်ဆင်းရဲပင်ပန်းစွာ ရုန်းကန်ခဲ့ရလေသည်။ ဘဝကို အရှုံးမပေး…သူမ ဘာကိုမဆို ကြိုးစားလုပ်ကိုင်သည်။ သူမသည် စာတော်သူလေးလည်းဖြစ်သည်။
အလယ်တန်း…။
ဆင်းရဲသော်လည်း စာတော် သွက်လက်သောသူမသည် အလယ်တန်းကျောင်းတခုလုံး၏ ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သည်။
သူမသည် သူငယ်ချင်း ဆရာ၊ဆရာမများ ထံမှ အချစ်ကို လိုချင်သူလေးဖြစ်သည်။ လိမ္မာရေးခြားရှိ၍ သူတပါး မျက်နှာညိုလျှင် မနေတတ်သော အလိုက်သိသူလေးလည်းဖြစ်သည်။ ထို့ကြောင့် သူမသည် လူချစ်လူခင်ပေါများခဲ့ပါသည်။
*********************
အထက်တန်း…..။
သူမ မှာအိမ်မက်ရှိလာသည်။
ထိုစဉ်က တောင်ကိုရီးယားမှ အဆိုတော်အဖွဲ့များသည် သီချင်းဆိုရုံသာမက အကနှင့်တွဲဖက်ဖျော်ဖြေကြသဖြင့် ကမ္ဘာတဝှမ်းလုံး၏ စိတ်ဝင်စားမှုကို စတင်ခံရသော ကာလဖြစ်သည်။
“တနေ့ ကျရင် ငါ အဆိုတော်ဖြစ်ရမယ်။ ငါအကသင်မယ်…။ငါသာ အဆိုတော်ဖြစ်ရင် တကမ္ဘာလုံးက ဝိုင်းချစ်မှာ….။”
*****************
၂၀၀၃
သူမ မဖြစ်မနေကြိုးစားသည်။ သည်လိုနှင့်သူမသည် ၂၀၀၃ ခုနှစ်တွင် ယူးနီ( U;Nee ) ဟူသော အမည်ဖြင့် နာမည်ကြီး အဆိုတော် ဖြစ်လာသည်။
သူမရည်ရွယ်ချက်အောင်မြင်လေပြီ…။
သူမ မျော်လင့်ထားသည့်အတိုင်း သူမအတောင့်တဆုံး အချစ်…. နွေးထွေးမှုများကို ပြည်သူများထံမှ ရခဲ့သည်။
သူမ သီချင်းဆို၍ ကနေချိန်တွင် …
” I ❤️ U;Nee ” ဆိုင်းဘုတ်လေးများ ကိုင်ထားသော ကျောင်းသူ ကျောင်းသားလေးများ ကိုတွေ့မြင်ရလျှင် မျက်ရည်ဝဲမိအောင်သူမ ကြည်နူးမိသည်။
သူမ၏ 가 ( Go )ဆိုသော သီချင်းမှ စ၍ U;Nee Code ဆိုသော သီချင်းအယ်ဘမ်သည် တောင်ကိုရီးယား၌ အလွန် နာမည်ကြီးလူကြိုက်များခဲ့လေသည်။
*****************
၂၀၀၅
သူမသည် ငယ်ရွယ်စဉ်ကထဲက ဘယ်အရာမဆို အလေး အနက်ထား ကြိုးစားသည်မှာ အလေ့အကျင့်တခုဖြစ်သည့်အလျောက် ထိုနေရာမှာတင်မရပ်နေခဲ့။ နေ့တိုင်းပို၍ ကြိုးစားသည်။ အက အသစ်တို့ကို တီထွင်သည်။ နိုင်ငံတကာ အဆင့်မှီအောင် လေ့လာသည်။
သူမ၏ရုပ်ရည်နှင့် သူမ၏အကသည် လိုက်ဖက်မှုရှိသည်။ စွဲဆောင်မှုရှိသည်။ သူမအား အလွန် sexy ကျသည်ဟုဆိုကြသည်။ သူမသည် ညှို့ ဓာတ်အားပြင်းသော အဆိုတော်မလေး (sexy singer) ဟူ၍ ထင်ပေါ်ကျော်ကြားလာတော့သည်။
နာမည်ကြီးလာသည်နှင့်အမျှ ကိုရီးယား ရုပ်ရှင်မင်းသမီး အဆိုတော်များ၏ ထုံးစံအတိုင်း အလှအပပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ( plastic surgery) များခံယူရန် ထုတ်လုပ်သူ၊ မန်နေဂျာတို့မှ တိုက်တွန်းကြလေတော့သည်။
သူမလည်း သူများနည်းတူ ခွဲစိတ်ကုသမှု့များကိုခံယူခဲ့တော့သည်။သူမသည် ပို၍ပို၍ လှလာသည်။ နာမည်ကြီးလာသည် နှင့် အမျှ အလွန်ချမ်းသာလာတော့သည်။
သို့သော် ချမ်းသာခြင်းသည် သူမအတွက် အဓိကမကျပေ။ သူမ လိုချင်တောင့်တသည်မှာ ငယ်စဉ်ကတည်းက အပြည့်အဝမရခဲ့သော မေတ္တာတရား… လူလူချင်းထားသော စာနာမှု့တရားနှင့်… အချစ် တို့သာဖြစ်သည်။
အဆိုတော် ဘဝ အစပိုင်းတွင် သူမသည် မာနမကြီးသော စကားပြောနူးညံ့သော ရိုးသားကြိုးစားသော အဆိုတော် တယောက် အဖြစ် နာမည်ရခဲ့သည်။
*****************
၂၀၀၆
၂၀၀၆ တွင် ယူးနီသည် တောင်ကိုးရီးယားတွင်သာမက ကမ္ဘာကအသိအမှတ်ပြုရလောက်သည်အထိ အောင်မြင်လာပြီဖြစ်သည်။
အထူးသဖြင့် အိမ်နီးချင်း ဂျပန်နိင်ငံတွင် ユニ (Yuni) ဟူသော နာမည်ကို ဆယ်ကျော်သက်များ မသိသူမရှိ….။
” Call Call Call ” ဟူသောသီချင်းသည် ဂျပန်လူငယ်တို့၏ အသည်းစွဲဖြစ်သည်။
အနောက်နိုင်ငံမှ သူမ၏ပရိသတ် ( fan ) များလည်း မနည်းလှပါ။
*****************
ထိုသို့ နာမည်ကြီးလာသည်နှင့်အမျှ မနာလိုသောသူများ ရုတ်တရက် အလွန်ပေါများလာတော့သည်။
ဆင်းရဲသော လူတကာကို အောက်ကျခံ၍ ပေါင်းခဲ့သော သူမ၏ ငယ်သူငယ်ချင်း အသိုင်းအဝိုင်းက သူမ ဒီလို နာမည်ကြီး ကျော်ဇောမှုကို လက်မခံနိုင်ကြ…။
“ဒီကောင်မ ငါတို့ခိုင်းဖတ်ဖြစ်ခဲ့တာပေါ့…”
“သူ့အမေက သူ့ကို လင်ကောင်မပေါ်ဘဲ မွေးခဲ့တာလေ…”
အင်တာနက်ပေါ်မှ စတင် တိုက်ခိုက်ကြတော့သည်။
Sexy အကဆိုကတည်းက သူမ၏ sexy ဖြစ်သော ခန္ဓာကိုယ်ကို ပြ၍ ကရသည်မှာထုံးစံဖြစ်သည်။ ပြောစရာအကွက်ရလာသည်။
“နင့်ကြောင့် တို့ကိုရီးယားမိန်းကလေးတွေနာမည်ပျက်တယ်။ေ-ာက်ရှက်ကိုမရှိဘူး…” စသည်ဖြင့်…။
အလှပိုင်းဆိုင်ရာပြုပြင်ခွဲစိတ်မှု …။ ဒါလည်း ပြောကွက်တခု….။
” အထင်မကြီးပါဘူး…။ တကိုယ်လုံးခွဲစိတ်ထားတဲ့ -ာမ…..။အရုပ်ကြီးကျနေတာပဲ”
ယောက်ျားလေးများကလည်း….
” ဒီကောင်မများကွာ.. ငါ မသုံးချင်လို့ ရှောင်ခဲ့ရတာပါ….”
“တကိုယ်လုံးချွတ်ပြီးကပြပါလား အချစ်လေးရယ်..”
သူမ ကိုချစ်ခင်ခဲ့သော သူငယ်ချင်းများပင် သူမအပေါ် စိတ်ပြောင်းကုန်ကြသည်။
ဪ …. ငယ်သူငယ်ချင်းတွေတဲ့လား…။
*******************
ထိုသူတို့က လူမှုကွန်ယက်များတွင် အမုန်းကွန်မန့်များစတင်ရေးလာကြသောအခါ မနာလိုသော ပြည်သူလူထုတချို့ကထောက်ခံပေါင်းစည်းလာကြတော့သည်။
တနေ့ထက်တနေ့ ပိုဆိုးလာသည်။
Sexy အကကို ကသော သူမ အား အကြင်ပုရိသယောက်ျားတို့သည် လိုချင်တပ်မက်ကြသည်။
သူတို့ အလိုကျမရသောအခါ သူမအား အရှက်ရစေအောင် ပါးစပ်အရသာခံ၍ သားပြော မယားပြော ပြောကြသည်။ အွန်လိုင်း၌ မဖွယ်မရာကွန်မန့်များ စ တင်ရေးသားကြလေတော့သည်။
” ဒီကောင်မ မူနေတာပါကွာ…။ယောက်ျားတွေကို မြူနေတာ သိသာလွန်းတယ်…”
“-ာမ ဆေးလိပ် အရက်လဲ တော်တော်ကျွမ်းကျင်ပုံရတယ်။ အကိုတို့နဲ့ တညလောက်…”
မနာလိုသော အွန်လိုင်း လူယုတ်မာတို့သည် သူမကို အထက်ဖေါ်ပြသည့် ကွန်မန့်တို့ထက်ပို၍ဆိုးသော မိုက်ရိုင်း ပက်စက်သော ကွန်မန့်များရေးသားလာတော့သည်။
ထိုအချိန်မှ စ၍ သူမဘဝ၏ အိမ်မက်ဆိုးများ စလာသည်။ အချစ်ငတ်ခဲ့သောသူမအား အွန်လိုင်း လူမှုကွန်ယက်တို့မှ အမုန်းကွန်မန့်များသည် အကြီးမား အထိရောက်ဆုံးသော လက်နက်များဖြစ်ပါသည်။
(မှတ်ချက်..။
သူမ ပတ်ဝန်းကျင်မှ တချို့ယောက်ျားများကလည်း သူမအား လိင်ကိစ္စရယူရန် ခြိမ်းခြောက် ကြိုးစားကြသည်ဟုလည်း တချို့ကရေးကြသည်။ သို့သော် အထောက်အထားမသေချာပါ။)
အမုန်းတရားနှင့် စော်ကားမှုများကို မေ့ပစ်ဖို့ သူမမှာ အင်အားမရှိပါ။
“ငါ … ပိုကြိုးစားမယ်…။ ကိုရီးယားကို ကမ္ဘာကသိအောင်လုပ်ရင် သူတို့ဒေါသတွေ ပြေသွားကြမှာပါ…”
သူမ၏ တတိယမြောက် သီချင်းခွေကို သူမ အတော်မျှော်လင့်ထားသည်။ ထိုသီချင်းခွေအသစ်ထွက်သည်နှင့် သူမတီထွင်ထားသည့်အက အသစ်များ စတင် ကပြရတော့မည်ဖြစ်သောကြောင့် အစွမ်းကုန်လေ့ကျင့်နေသည်။ အလွန်ကြိုးစားရင်း ဝမ်းနည်းစိတ်ကို အလုပ်ထဲတွင်နှစ်ရန် သူမ ကြိုးစားသည်။
ထိုခေတ်က သူမလောက် အမုန်းခံရသောအဆိုတော်မှာ မရှိသလောက်ပင်။အခြား ရုပ်ရှင်မင်းသမီးများနှင့် အဆိုတော်များက အမုန်းကွန်မန့်များကို ကြိုးစား၍မေ့ပစ်ရန်၊မဖတ်ရန် အကြံပေးပြောဆိုကြသည်။
သို့သော် သူမအတွက်တော့ အလွန်ခက်ခဲပါသည်။ တခါတရံ သူမ သီချင်းဆိုရင်းအက လေ့ကျင့်နေရာမှ ချုံး ပွဲချ ငိုမိသောနေ့များရှိလာခဲ့သည်။
ယူးနီသည် သည်လိုနှင့် အွန်လိုင်း လူယုတ်မာတို့ကြောင့် စိတ်ကျရောဂါ ကိုရခဲ့ပါသည်။
********************
သူမသည် အဖွားအား လုပ်ကျွေးပြုစုရင်း တောင်ကိုရီးယား အင်ချွန်း၌နေထိုင်ခဲ့သည်။
အဖွားသည်သာ ယူးနီကို အမြဲချစ်သောသူ….ယူးနီ၏အချစ်ရဆုံးသူဖြစ်သည်။
********************
၂၀၀၇ ဇန်နဝါရီလ ၂၁ရက်နေ့
အသက် ၇၁ နှစ်အရွယ် ယူးနီ အဖွားသည် ဘုရားကျောင်းမှပြန်လာသည်။
အဖွားသည် သူတို့နေထိုင်ရာ ၂၂ လွှာသို့ ဓာတ်လှေကားနှင့်တက်၍ တိုက်ခန်းတံခါးဖွင့်ဝင်လိုက်သည်။
“ယူးနီရေ…. အဖွားပြန်လာပြီဟေ့” ။
ကလေးတယောက်လို အမြဲတမ်း အော်ဟစ်ကြိုဆိုတတ်သော ကလေးမ ဘာလုပ်နေပါလိမ့်…။
အဖွားက ယူနီ အခန်းတံခါး အကြိမ်ကြိမ်ခေါက်၍ မဖွင့်ပေးသည့်အဆုံး သူမ အခန်းတံခါးကိုတွန်းဖွင့်၍ ဝင်လိုက်တော့သည်။
“အား….!”
အဖွား ဖင်ထိုင်ရက် လဲကျသွားသည်။
“ယူးနီ….။ သမီးလေး”
အဖွားကြီးသည် အာခေါင်ခြစ်၍ အော်လိုက်ပြီး သတိမေ့လဲကျသွားလေတော့သည်။
ယူးနီသည် အခန်းထဲမှ တံခါးဘောင်တခုတွင် ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်ပြီးဖြစ်နေသည်ကို ဝမ်းနည်း တုန်လှုပ်ဖွယ်တွေ့ရလေသောကြောင့်ဖြစ်သည်။
ထိုစဉ်က ယူးနီ အသက် ၂၆ နှစ်သာရှိသေးသည်။
အောင်မြင်မှု၏ အထွဋ်အထိပ်ကိုရောက်နေချိန်….။ သူမသည် လူ့ဘဝကြီးကို အပြီးအပိုင်စွန့်ခွာသွားလေပြီ။
သူမ ရေချိုးပြီးလျှင်အမြဲဝတ်လေ့ရှိသည့် ကိုယ်သုတ်ပဝါအင်္ကျီ၏ ခါးစည်းကြိုးဖြင့် သူမ လည်ပင်းကိုချည်ထားသည်။
သူမ သေတမ်းစာရေးခဲ့တာမျိုးမရှိခဲ့ပါ။
********************
သို့သော် သူမ နောက်ဆုံးဖတ်ခဲ့သော သူမထံရေးထားသောကွန်မန့်များ CB မှပို့စာများမှာ ပွင့်လျှက်ရှိသော သူမလက်ဆွဲ ကွန်ပြူတာပေါ်တွင် ပလူပျံနေခဲ့သည်။
သူမ၏ မန်နေဂျာက ထိုလက်ဆွဲကွန်ပြူတာကို ရဲတပ်ဖွဲ့ဝင်တို့အား ပေးအပ်ခဲ့သည်။
” ကောင်မ … ညည်းက အဆိုတော်တဲ့လား..? ဟုတ်လား။ ရှက်ဖို့ကောင်းပါတယ်အေ …။ -ာသည် အက ကပြီး -ာလုပ်စားဖို့ဘဲ တန်တယ်….”
” ကောင်မ မျက်နှာတခုလုံးခွဲစိတ်ကုသပြီး ပြင်ထားတာေ-ာက်ရှက်မရှိဘူး ရွံ လိုက်တာ..”
“ခွေးမ..နင် အသက်ရှင်နေတာ မြေကြီးလေးနေလို့။ သေပေးပါလားဟင်…ကူညီပါဟယ်….ကျေးဇူးနော် ”
စသော အမုန်းကွန်မန့်များစွာကို သူမ ရေချိုးပြီးဖတ်ခဲ့ပုံရသည်။
သူမ အလွန်ဝမ်းနည်း၍ငိုခဲ့ပုံရသည်။ သူမ၏ လက်ဆွဲကွန်ပြူတာပေါ်တွင် မျက်ရည်စက်များကို စစ်ဆေးတွေ့ရှိရသည်။
ထိုအချိန်တွင် သူမ၏ တတိယမြောက် အယ်လ်ဘမ်ထွက်ရန် ရက်ပိုင်းသာလိုတော့သည့်အချိန်လည်းဖြစ်သည်။
သူမ အလုပ်များ၍ ပင်ပန်းသည်။ ပင်ပန်းမှုကို ဝမ်းနည်းမှုနှင့် စိတ်ဖိစီးမှုဒဏ် များက အားဖြည့်လိုက်သောအခါ သူမ၏ရလဒ်က ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းဖြစ်လေသည်။
********************
သူမ သေဆုံးသွားသော သတင်းသည် တောင်ကိုရီးယား၌ တမဟုတ်ချင်းပြန့်နှံ့ သွားသည်။သူမကိုချစ်သော ပရိသတ်များ (fan များ )တုန်လှုပ်ငိုကြွေးကြသည်။
အွန်လိုင်း လူယုတ်မာတို့သည် ယခုအခါ အွန်လိုင်း လူသတ်သမားတို့ဖြစ်ကြလေပြီ။
ထိုအခါ ထိုသူတို့သည် ဝမ်းနည်း နောင်တရမည်ထင်ပါသလား?
ဝမ်းသာပါသည်။
သူမ သေဆုံးသည့်သတင်းအောက်တွင် ကွန်မန့်များ ထပ်ရေးကြသည်။
“ဟ ဟ… သူ့ကိုယ့်သူ sexy ဖြစ်လှပြီဆိုပြီး မာနကြီးတဲ့ကောင်မ… သေပြီလား သနားလိုက်တာဟယ်..”
“ဟယ်…သေသွားပြီလား? တော်သေးတာပေါ့.. တကယ် သေသွားတာ ဟုတ်ပါတယ်နော်…”
“အိုး…. နှမြှောစရာကြီး ကျွတ်ကျွတ်…”
အဆိုးဆုံး ကွန်မန့်မှာ
” တောက်! .. မသေခင် အပြာကားတကားလောက်ရိုက်ပြီး အကိုတို့ ကြည့်ရအောင် ထားခဲ့တာမဟုတ်ဘူးကွာ… မိုက်လိုက်တဲ့ ယူးနီ”
သူမ သေဆုံးပြီး ၅ ရက်မြောက်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် သူမ၏ ( Habit )ဆိုသောတတိယမြောက် အယ်လ်ဘမ်ထွက်ခဲ့ပါသည်။ သူမ၏ အသက်နှင့်ရင်းခဲ့သော ထိုအယ်ဘမ် အောင်မြင်ခဲ့ပါသည်။
*******************
ယူးနီသည် လူယုတ်မာတို့၏ ထိုးနှက်ချက်တို့တွင် အသက်ပေးခဲ့ခြင်းအားဖြင့် ထိုသူတို့၏ သနားကရုဏာသက်မှု့ မေတ္တာတစုံတရာကို ရချင်ခဲ့လေသလား…?
ထိုသူတို့ကို နောင်တရစေချင်ခဲ့လေသလား…?
ထိုသူတို့ စိတ်ချမ်းသာအောင် သူမ အသက်ကို စတေးခဲ့လေသလား..?
လူယုတ်မာတို့တွင် အချစ်မရှိ… နောင်တဆိုတာမရှိ…မိမိအသက်ပေးခဲ့သည်သာ အဖတ်တင်ကြောင်း ကို မိန်းမချောလေး ယူးနီသိခဲ့ပါသလား?
********************
နာမည်ကြီး အဆိုတော်မို့ မနာလိုသူတွေများသည့်အတွက် အွန်လိုင်း လူသတ်သမားများပေါ်ပေါက်ခဲ့သည်ဟု သင်ထင်ပါသလား?… ။
ထိုနှစ်တနှစ်ထဲ (၂၀၀၇) တွင် အညတရ အထက်တန်းကျောင်းသူလေးကိုလည်း အွန်လိုင်းလူယုတ်မာတို့သတ်ခဲ့လေသည်။
တောင်ကိုးရီးယားမှ အသက် ၁၆ နှစ်အရွယ် ရီ အွန်း ဂျိ (Lee Eun-ji) ဖြစ်ပါသည်။
********************
သူမသည် တောင်ကိုရီးယား၏ ဒဲဂျွန်းဆိုသော မြို့လေးတွင် နေထိုင်သည့် အထက်တန်းကျောင်းသူလေးဖြစ်ပါသည်။
သူမသည် အလွန်ဝသောကြောင့် ကျောင်း၌ တခြားကျောင်းသူတို့ ၏ လှောင်ပြောင်အပယ်ခံရလေသည်။
သူမကျောင်းအနီးမှ ခေါက်ဆွဲဆိုင်တဆိုင်တွင် ခေါက်ဆွဲစားနေစဉ်
“မင်း ဒီတခါ စာမေးပွဲ အမှတ်နည်းရင်ဟိုက ဝက်မကြီးကိုသာ ယူလိုက်ပါတော့ကွာ… လူဖြစ်ရကျိုးမနပ်မဲ့အတူတူ….”
ကျန်သူများကဝိုင်းရယ်ကြသည်။
နေ့စဉ် နေ့တိုင်း သူမ ကျောင်းခန်းထဲတွင်လည်း အလှောင် အပြောင်ခံရသည်။
“ဟဲ့ ကောင်မတွေ ပိုက်ဆံစုကြ။ အွန်းဂျိထိုင်ဖို့ခုံ အော်ဒါပေးပြီးမှာရအောင်…။ ခမျာ သနားစရာ ခုံကျိုးတော့မယ်”
“ဟား ဟား ဟား…”
********************
သူမ ငိုရသောနေ့ရက်တွေများလာသည်။
သူမ ဆုံးဖြတ်လိုက်လေသည်။
“ငါလည်း သူတို့တွေလို ပိန်စေရမယ်၊… အနှိမ်မခံနိုင်တော့ဘူး…”
သူမ အတိုင်းထက် အလွန်ကြိုးစားခဲ့သည်။ သူမ အတိုင်းထက်အလွန် အောင်မြင်ခဲ့သည်။
************
၃ လအတွင်း ၄၀ ကီလို (၈၈ပေါင်)ကျခဲ့လေသည်။
မယုံနိုင်စရာ….။
ထိုသတင်းသည် လူမှုကွန်ယက်တို့မှတဆင့် တောင်ကိုးရီးယားနိုင်ငံတွင် ဟိုလေးတကြော် ပြန့်နှံ့သွားသည်။
တောင်ကိုရီးယား SBS ရုပ်မြင်သံကြားမှ သူမအား ” Star King” ဟူသော TV အစီအစဉ်တွင်ပါဝင်ရန်ဖိတ်ခေါ်တော့သည်။
***************
ထိုနေ့ Star King တီဗွီ အစီအစဉ်တွင် ကိုရီးယား အဆိုတော်အဖွဲ့ စူပါဂျူနီယာ ( Super Junior) အဖွဲ့လည်းရှိနေသည်။
သူမအား Star King တီဗွီ အစီအစဉ် မှ အင်တာဗျူးလုပ်ကာ ဂုဏ်ပြုချီးကျူးသည်။ ပြည်သူများက ချီးကျူးကြသည်။
တီဗွီ အစီအစဉ်ပြီးတော့ စူပါဂျူနီယာအဖွဲ့မှ သူမ အကြိုက်ဆုံး အဆိုတော်လေးနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့သည်။
ပျော်လိုက်သည့်ဖြစ်ခြင်း…။
သူမ ဘဝရဲ့ အပျော်ဆုံးနေ့တနေ့လည်းဖြစ်ပါသည်။
***************
သူမသည် ဆယ်ကျော်သက်အရွယ်တို့ရဲ့ ထုံးစံအတိုင်း အင်တာနက်မှာ သူမနဲ့ အဆိုတော်တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ယက်တွင်တင်ခဲ့သည်။
နာမည်ကြီးသောသူမနှင့် နာမည်ကြီးအဆိုတော်၏ ဓာတ်ပုံသည် လူမှုကွန်ယက် အမျိုးမျိုးပေါ်၌ ဖော်ပြခြင်းခံခဲ့ရခြင်းကြောင့် အင်တာနက်တွင်တမဟုတ်ချင်းပျံ့နှံ့သွားခဲ့သည်။
***********************
ကြမ္မာငင်ခြင်းဟုဆိုရလေမလား…။
အွန်းဂျိ ကျောင်းမှ ကျောင်းသားကျောင်းသူများ နှင့် ကိုရီးယားနိုင်ငံမှ ဆယ်ကျော်သက်များ၏ မနာလိုခြင်းသည်လည်း အထွဋ်အထိပ်ရောက်သွားပြီဖြစ်သည်…။
သူတို့ အမြဲလှောင်ပြောင်နေခဲ့သော ဖက်တီးမသည် ၃ လအတွင်း နတ်ရေတွင်းထဲကျသလို ၄၀ ကီလိုကျသွားသည်။
Star King ဆိုသည့် နာမည်ကြီး တီဗွီ အစီအစဉ်မှာ ပါဝင်သည်။ နိုင်ငံကျော်သွားသည်။
သူတို့ အိမ်မက်တွေထဲမှ မင်းသားလေးဖြစ်သည့် အဆိုတော်ချောချောလေးနှင့် ဓာတ်ပုံတွဲရိုက်သည်ကတော့ အားလုံးထဲမှာ အခံပြင်းဆုံးဖြစ်သည်။
ဖက်တီးမကများ …??
မနာလိုသူတို့သည် အွန်လိုင်းတွင် မတိုင်ပင်ဘဲ စုစည်းမိကြတော့သည်။
***************
” ကောင်မ… ညည်းက ဘယ်လောက်အဆင့်ရှိလို့ တို့ ကိုကိုနဲ့ (အိုပါး) နဲ့ ဓာတ်ပုံတွဲရိုက်တာလဲ…”
” အိုပါးနဲ့မတန်မရာ ဓာတ်ပုံတွဲရိုက်ထားတယ်။ အိုးပါးကို နွားနို့နဲ့ရေချိုးဖို့ပြောရဦးမယ်..”
“ကောင်မ လူမသိအောင် ပိန်ဆေးသောက်ပြီး ၄၀ ကီလိုကျတာမဟုတ်လား..? လူလိမ်မ…!
” %#* ထမင်းတွေကျန်နေလို့ လာစားပေးဦး”
လူမှုကွန်ယက်မှ အမုန်းကွန်မန့်များဖြစ်သည်။
တဖြည်းဖြည်းနှင့် ပိုဆိုးလာသည်။
သူမ ဖုန်းထဲအထိ မက်ဆေ့ခ်ျများပို့လာကြသည်။ သူမ အီးမေးလ် ထဲသို့ စာများပို့လာကြသည်။
လူမုန်းများ၍ ဒီဘဝရောက်အောင် သေလုမြောပါး အဆီချခဲ့ကာမှ ပို၍ လူမုန်းများခံရသော ကျောင်းသူလေး အွန်းဂျိ၏ဘဝမှာ သနားစရာကောင်းလှပါသည်။
*******************
၂၀၀၇ ဇွန်လ ၄ရက်
အွန်းဂျိသည် သူမ၏တူလေးကိုထမင်းကျွေးနေသည်။ အမေက အနားမှာလာရပ်သည်။
“သမီးရော ထမင်းစားပြီးပြီလား..?”
“မစားဘူး အမေ…။ လူတွေက သမီးပြန်ဝလာရင် ပိုပြောကြမှာ…”
“နင် ထမင်းစားမလား မစားဘူးလား..။ ……………………
……………………….ငါ့ကိုသာသတ်လိုက်ပါတော့ အွန်းဂျိရယ်..”
သမီးနှင့်အမေ စကားများသည်။ သမီးဖြစ်သူက အခန်းတံခါးကို ဆောင့်ပိတ်သည်။ အမေက အနောက်မှ ပြေးလိုက်သွားကာ တံခါးလိုက်ဖွင့်သည်။သမီးဖြစ်သူက အခန်းထဲမှ သော့ပိတ်ပစ်လိုက်သည်။
*******************
၂၀၀၇ ဇွန်လ ၅ ရက်
မနေ့က သမီးနှင့်စကားများထားသော အမေသည် သမီးအိပ်ခန်းအတွင်းသို့ချော့ရန် တွန်းဝင်လိုက်သည်။
ဟင်….!?
ချစ်ရသော သမီးလေးသည် အဝတ်ချိတ်သော ထုပ်တန်းတွင် လည်ပင်း ကြိုးကွင်းစွပ် ခေါင်းငိုက်စိုက်ကျနေလေပြီ…။
“ကယ်ကြပါဦး။ သမီးလေး…။ ”
မိခင်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် သမီးဖြစ်သူ၏ ခြေထောက်ကို ပြေးဖက်လိုက်သည်။ သမီးလေး၏ ကိုယ်ခန္ဓာသည် အေးစက်တောင့်တင်းလျှက်….။
အွန်းဂျိသည် အမေ့အတွက်စာလေးတစောင်ရေးထားခဲ့သည်။
အမေ့ကို ဒုက္ခပေးတဲ့သမီးမိုက်ကို ခွင့်လွှတ်ပါအမေ…တဲ့။
**********************
ထိုခေတ်က ကိုရီးယားတွင် ဖေ့စ်ဘွတ် (Facebook ) ကဲ့သို့လူသုံးများသော ဆိုင်ဝေါလ် (cyworld) ဟုခေါ်သော လူမှုကွန်ယက်မှ သူမ နောက်ဆုံးရေးခဲ့သောစာဖြစ်သည်။
“အခုတလော ကျွန်မဟာ လူတွေရဲ့ မတရား စွပ်စွဲတဲ့ ကွန်မန့်တွေကြောင့် သောကရောက်နေရပါတယ်။
လက်လွှတ်စပယ် ရိုင်းစိုင်းတဲ့ ကွန်မန့်တွေကို ကျွန်မ ဘယ်လောက်အထိ သည်းခံနေရမှာလဲ…။
မပိန်ခင်ကလည်း လူတွေက ကျွန်မကိုပြောကြတယ်…။
“ဒါကြီးက လူလား ဝက်လား” ..တဲ့။
ဒါကြောင့် အရပ်ထပ်မရှည်ရင်လဲနေပါစေ ပိန်ရင်ပြီးရောဆိုပြီး တကယ့်ကို အစာမစားဘဲ အငတ်ခံပြီး ၃ လအတွင်း ၄၀ ကီလိုချခဲ့တာပါ..။ ဒီအောင်မြင်မှု့ဟာ ကျွန်မ ဒုက္ခနဲ့ရင်းပြီးရခဲ့တဲ့အောင်မြင်မှု့ပါ…။
အစာမစားလို့မူးလဲပြီးဆေးရုံတက်ရတာလဲ မနည်းခဲ့ပါဘူး။ အခုရော ကျွန်မကို ဘာလို့မုန်းကြတာပါလဲ?
အဆိုတော် အိုပါးနဲ့ ဓာတ်ပုံတွဲရိုက်တာ ကျွန်မတယောက်ထဲမှ မဟုတ်တာ။ ဘာလို့ကျွန်မကိုမှရွေးပြီး ဓာတ်ပုံရိုက်ဖို့ မတန်ဘူးပြောကြတာပါလဲရှင်…။
ဒီကွန်မန့်တွေဖတ်ပြီး ကျွန်မ နေ့တိုင်းငိုရတယ်။ ကွန်မန့်တွေဖတ်ပြီးတိုင်း ခေါင်းမိုးအထပ်ကိုအမြဲတက်မိတယ်…။ ကျွန်မ ခေါင်မိုးပေါ်က ခုန်ချချင်တယ်။ ကျွန်မသေချင်နေပါပြီ….။
တခုတော့ပြောချင်ပါတယ်…ကျွန်မ လူသားတယောက်ပါရှင့်။ ကျွန်မကို လူသားတယောက်လို မြင်ပေးကြပါ။
ကျွန်မ ဘာလုပ်ပေးရမလဲ? ရှင်တို့စိတ်ချမ်းသာအောင် သေပေးရမလား?…။”
….ဟူ၍ဖြစ်သည်။
**********************
တောင်ကိုရီးယား TV မှ “အွန်လိုင်းပေါ်မှ လူသတ်သမားများအကြောင်း” ဟူသော ခေါင်းစဉ်ဖြင့် စီစဉ်တင်ဆက်သူ၏ မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၂၀၀၇ ခုနှစ်…။
လွန်ခဲ့သော ၁၀ နှစ်က ကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံ၌ ဆိုက်ဘာရဲ များ (cyber police ) ထိထိရောက်ရောက် အရေးမယူနိုင်သေး၍ အွန်လိုင်းအသုံးပြုသူများသည် စည်းမဲ့ကမ်းမဲ့ထင်တိုင်းကြဲကြသည့် ကာလဖြစ်ခဲ့သည်။ ယ္ခုအခါ ဆိုင်ဘာရဲများက ထိရောက်စွာအရေးယူဖို့ကြိုးစားနေကြပါသည်။
ယ္ခုတိုင်လည်း နာမည်အတုများနှင့် လူတကာကို စိတ်ဒုက္ခပေးသူများရှိနေပါသေးသည်…။
ထို့အတူ အတိုက်အခိုက်ခံရသော ပြည်သူများ ရုပ်ရှင်သရုပ်ဆောင်များ အဆိုတော်များသည်လည်း စိတ်ဓာတ်မပြည့်ဝသူတို့၏ ဝေဖန်ကဲ့ရဲ့မှုတို့အား ဝမ်းနည်းခံစားနေမည့်အစား စိတ်ဓာတ်ကြံ့ ခိုင် ၍ လစ်လျူရှုနိုင်ရန်လိုအပ်ကြောင်းလည်း သတိပေးပြောကြားလိုပါသည်….။
“သောကြာနေ့ ရာဇဝတ်မှုများ” ဟုအမည်ပေးထားသော Kakao TV မှ အစီအစဉ်တင်ပြသူ ကိုရီးယားမလေးက
” ကျွန်မဟာ ဒီလို အွန်လိုင်းပေါ်က ဒီလိုယုတ်မာတဲ့သူတွေဟာ ကျွန်မတို့ တမြေထဲနေ တရေထဲသောက်နေတဲ့ ကျွန်မတို့လူမျိုးဖြစ်နေတာ ရှက်မိပါတယ်။ သင်ဟာ လူတယောက်ဖြစ်ပါသလား။ လူတယောက်ဖြစ်ရက်သားနဲ့ လူသားမဆန်သောသင့်အတွက် ကျွန်မရှက်မိပါတယ်”
မှန်သည်။ လူတို့သည် မုဒိတာတရား ခေါင်းပါးကြသည်။ မနာလိုစိတ်ကြီးထွားကြသည်မှာ အလွန်ကြောက်ဖို့ကောင်းလှပါသည်။
********************
အထက်ဖော်ပြပါ အမျိုးသမီးနှစ်ဦးလုံးသည် သိမ်ငယ်သော ဘဝမှ အမြင့်ဆုံးရောက်အောင် ကြိုးစားခဲ့သောသူများဖြစ်ကြလေသည်။
သူတို့သည် အလုပ်ပိုင်းဆိုင်ရာတွင်အောင်မြင်ကြသော်လည်း စိတ်ဓာတ်ကြံ့ခိုင်မှု့ အပိုင်းတွင်တော့ မအောင်မြင်ခဲ့ကြပါ။
ဘဝကို အရှုံးမပေးပဲ ကြိုးစားလာပြီး နောက်ပိုင်းမှာ ကိုယ့်ကိုကိုယ်သတ်သေခြင်းဖြင့် အဆုံးသတ်လိုက်ခြင်းမှာ နှမြောစရာကောင်းလှတော့သည်။
ကိုယ့်ကိုကိုယ်သတ်သေခြင်းသည် တကယ့်ထွက်ပေါက်ဟုတ်မဟုတ် ပြန်သုံးသပ်သင့်ပေသည်။
တဖက်သားအား နောင်တရစေလိုသော စိတ်ဓါတ်ဖြင့် သတ်သေခြင်းသည် တကယ်တော့ မထိရောက်ပါ။ မိမိသေပြီးနောက်ပိုင်းတွင် ကျန်တဲ့သူများသည် အချိန်အတိုင်းအတာတစ်ခုအထိ ပူဆွေးသော်လည်း နောက်ပိုင်းတွင် သူ့အလုပ်နှင့်သူ ပုံမှန်အတိုင်းလည်ပတ်နေလိမ့်မည်။
သတ်သေခြင်းဖြင့် နောင်တရစေခြင်းသည် မိမိစိတ်အထင်သာဖြစ်ပြီး တကယ့်လက်တွေ့တွင် ရှင်သန်ခြင်းဖြင့်သာ ရန်သူကို အနိုင်ရကျော်လွှားနိုင်ပေသည်။
ရှင်သန်နေခြင်းသည် အနိုင်ရနိုင်မည့် အခွင့်အလမ်း မိမိလက်ထဲတွင် ရှိနေသေးသည်။ မိမိကိုယ်ကို သတ်သေခြင်းသည် တနည်းအားဖြင့် လောကဓံနှင့် လူအားလုံးအား ဒူးထောက်လက်မြှောက် အရှုံးပေးလိုက်ခြင်းသာဖြစ်သည်။
ထို့ကြောင့် ရှင်သန်ကြပါ။ ရှင်သန်နေခြင်းသာလျှင် အနိုင်ရမည့်နည်းလမ်းဖြစ်သည်။
အောင်မြင်မှုတခု ရဖို့ အရင်းအနှီးများစွာလိုသည်။ ခက်ခဲသည်။ သို့သော် ထိုအောင်မြင်မှုကို ကြာရှည်အောင်ထိန်းသိမ်းဖို့ ပို၍ခက်ခဲပါသည်။
သင်သည် အောင်မြင်အောင်ကြိုးစားနေသူတစ်ဦးဖြစ်နေလျှင် ဝေဖန်မှု့ဒဏ်ကို ခံနိုင်သော မာကျောပြင်းထန်သည့် စိတ်နှလုံးသားကိုပါ ပိုင်ဆိုင်အောင် ပူးတွဲကြိုးစားသင့်သည်။
*********************
ယနေ့ခေတ် ကျွန်မတို့ မြန်မာနိုင်ငံတွင် လူမှုကွန်ယက်များတွင် ဆဲဆိုရိုင်းပြသော ကွန်မန့်များ၊ လှောင်ပြောင် ကဲ့ရဲ့သော ကွန်မန့်များ၊ အကျိုး အကြောင်းမခိုင်လုံသော ငါ့စကားနွားရ ကွန်မန့်များ၊ ဂဃ နဏ မသိဘဲ မတရားစွပ်စွဲသောကွန်မန့်များ။ တပါးသူကို ခနဲ့၍ရေးသားခြင်းများ၊ စောင်းမြောင်းရေးသားခြင်းများ များစွာတွေ့နေရပါသည်။
၎င်းတို့သည် စာလုံးများဖြင့် အကြမ်းဖက်နေသော အကြမ်းဖက်သမားများသာ ဖြစ်လေသည်။ တနည်းအားဖြင့် အသံတိတ် လူသတ်သမားများပင်ဖြစ်သည်။
မြတ်စွာဘုရား၏ တရားတော်အရ မုသာဝါဒကံထိုက်သူများဖြစ်ကြပြီး အခန့်မသင့်လျှင် ပါဏာတိပါတာကံ ထိုက်သူများပင်ဖြစ်နိုင်သည်။
သင်၏ အမုန်းကွန်မန့်တခုကြောင့် သင်သည်
ကြောက်မတ်ဖွယ်ကောင်းသောငရဲတွင် ပူလောင်ဆင်းရဲစွာ ပေးဆပ်လိုပါသလား?
သင်တို့၏ မနာလိုသော စာလုံးတလုံးဖြင့် အွန်လိုင်း အသံတိတ် လူသတ်တရားခံများ ဖြစ်လိုကြပါသလား…?
သင်တို့၏ စာတလုံးကြောင့် ဘဝကို အရှုံးပေး၍ သတ်သေသွားသော လူကို လက်ညှိုးထိုးပြီး ဝမ်းမြောက်စွာ ရယ်မောနိုင်သည့်သတ္တိရောရှိပါပြီလား…?
ကျွန်မတို့လူသားတယောက်ချင်းသည် ကိုယ့်လိပ်ပြာကိုယ်လုံသော၊ကိုယ့်စကားတလုံး၊ စာတလုံးကို တာဝန်ယူနိုင်သောသူများဖြစ်ဖို့လိုအပ်သည်။
သင်သည် ကိုယ်ချင်းစာတရားထားနိုင်မှသာ ရင့်ကျက်သောသူများဖြစ်လာနိုင်မည်။အမုန်းစကားပြောခြင်းဖြင့် အမုန်းသာပွားစေမည်။ ရန်သူသည် ကိုယ့်ဘက်ပါမလာနိုင်။ ပို၍သာ ရန်ငြှိုးဖွဲ့မုန်းတီးခြင်းခံရလိမ့်မည်။
ရန်သူကို ကိုယ့်ဘက်ပါစေလိုလျှင် မေတ္တာထားခြင်းနှင့် သည်းခံခွင့်လွှတ်ခြင်းတို့သည်သာလျှင် အကောင်းဆုံးလက်နက်ဖြစ်ကြောင်း အကြံပေးတင်ပြလိုက်ပါသည်။
********************
ယူးနီနှင့် အွန်းဂျိ ဆိုသော မင်းသမီးလေးနှစ်ယောက် ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းလိုက်ပါသည်…။
(R.I.P)
စာအကိုးအကား
(References-
Korea TV news ,
Wikipedia,
PD interviews,
Kakao TV
Pictures from ‘Naver’ )
မရွှေမိုး (ကိုရီးယား)
သြဂုတ်လ ၇ ရက် ၂၀၁၇

READ  ကျုံပျော်တွင် စိတ်မနှံ့သော ၁၇နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဥိးကို ဖမ်းဆီး

 

LEAVE A REPLY