၅၂ လမ်းအပေါ် ဘလောက်မှာ ဖွင့်လှစ်သွားမှာပါ။

ရန်ကုန်မြို့မှာ ပထမဆုံး နေ့၊ ည ရောင်းချမယ့် ဈေးတန်းကို ပုဇွန်တောင်မြို့နယ် ၅၂ လမ်းမှာ စက်တင်ဘာ ဒုတိယအပတ်မှာ ဖွင့်လှစ်သွားမယ်လို့ ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်းက ပြောပါတယ်။

“ဈေးသည်တွေကို အခုလက်ရှိမဲနှိုက်ပြီးပြီ။ ကတ်ပြားထုတ်ပေးဖို့ပဲ ကျန်တော့တယ်။ ဈေးတန်း ဖွင့်လှစ်ပြီးရင်တော့ယခင်နေရာမှာ ရောင်းခွင့်မပေးတော့ဘူး။ မနက်ပိုင်း ရောင်းချမယ့် ဈေးသည်က ၉၀ ကျော်၊ ညနေပိုင်း ရောင်းချမယ့်ဈေးသည် ၁၀ဝ ကျော်ကိုနေရာချပေးမယ်”လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

အဆိုပါဈေးတန်းမှာ ကုန်စိမ်းနှင့်သား ငါးတွေကို မနက်ပိုင်း ၆ နာရီကနေ နေ့လည် ၁၁ နာရီအထိ ရောင်းချခွင့်ပြုမှာ ဖြစ်ပြီး အစားအသောက်ရောင်းချတဲ့ ဈေးသည်တွေအတွက် ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိ ရောင်းချရခွင့်ပေးသွားမယ်လို့ သိရပါတယ်။

ဒီဈေးတန်းမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ အထက်ပုဇွန်တောင်နဲ့ အောက်ပုဇွန်တောင်လမ်းမမှာ ရောင်းချနေတဲ့ ကုန်စိမ်းနဲ့ သားငါးရောင်းချတဲ့ ဈေးသည်တွေ၊ အစားအသောက်နဲ့ သစ်သီးရောင်းချတဲ့ လမ်းဘေးဈေးသည် ၁၉၀ ကျော်ကို ရှစ်ပေပတ်လည်ဆိုင်ခန်းတွေကို နေရာချထားပေးသွားမှာ ဖြစ်ပါတယ်။

Source : The Voice

Photos : U Tin Oo

Credit:Duwun