အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို တစ်ဦးလျှင် အပေါင်ပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျပ်သိန်း တစ်ထောင်အထိ စက်တင်ဘာမှစ၍ ထုတ်ချေးပေးမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြား သည်။
သြဂုတ် ၂၈ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ ပြည်တွင်း အသေးစား အလတ်စားလုပ်ငန်း SME များ ယိုင်နဲ့ရပ်ဆိုင်း နှောင့်နှေးခြင်းများ မဖြစ်ပေါ်စေရန်နှင့် ပိုမိုဖွံ့ဖြိုး တိုးတက် ခိုင်မာစေရန်အတွက် လိုအပ်ချက် အရပ်ရပ်ကို ပံ့ပိုးကူညီပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် စက်မှုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ချေးငွေများ ထုတ်ချေးပေးမှုကို ဂျာမနီနိုင်ငံ အစိုးရမှ ယူရိုငွေ ၄ ဒသမ ၄၅ သန်း (မြန်မာငွေကျပ် ၆ ဒသမ ၈ ဘီလျံ) ကို ဂျာမနီနိုင်ငံအခြေစိုက် Kfw ဖွံ့ဖြိုးရေးဘဏ်နှင့် သမ၀ါယမဘဏ်တို့ ပူးပေါင်းပြီး ထုတ်ချေးပေးရန် စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း ဦးခင်မောင်ချိုက ပြောကြားသည်။
“အပေါင်ပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အားလုံးတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်သူများကိုလည်း လုပ်ငန်းခိုင်မာမှု ရှိပါက ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်”ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။
လက်ရှိတွင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ချေးငွေ ထုတ်ချေးပေးလျက်ရှိပြီး သမ၀ါယမဘဏ်၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ဂျပန်နိုင်ငံ Sumitomo Mitsui Banks Corporations (SMBC) တို့ ပူးပေါင်းပြီး အလားအလာရှိသည့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို Credit Guarantee Insurance (CGI) စနစ်ဖြင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှ ၂၀၁၇ ခုနှစ် မေအထိ စီးပွားရေးလုပ်ငန်းရှင် ၅၁ ဦးကို အပေါင်ပစ္စည်းမဲ့ ချေးငွေ ကျပ် ၆၇၉ ဒသမ ၅ သန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည့် JICA Two Step Loan Program အရ ချေးငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် စသည့် ဘဏ်ခြောက်ခုတို့မှ လုပ်ငန်းရှင် ၁၈၆ ဦးအား ကျပ် ၄၂ ဘီလျံကို လည်းကောင်း ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဂျပန်ယန်းငွေ ၁၃၁၉ သန်းနှင့် ညီမျှသည့် ကျပ် ၁၆ ဘီလျံခန့်ကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း ဆက်လက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။

Credit:Eleven Media Group