ဗိုက်ထဲမှာ အသက်တစ်ချောင်း ထည့်လွယ်ထားတဲ့ ဆယ်ကျော်သက်အရွယ် ပပ (အမည်လွှဲ)ရဲ့ဘ၀ဖြစ်ရပုံက မိသားစုငွေကြေး အခြေအနေကြောင့် မန္တလေးကနေ ရန်ကုန်ကို လာအလုပ်လုပ်တယ်၊ချစ်သူနဲ့ အတူနေပြီး မမျှော်လင့်ဘဲရလာတဲ့ ကိုယ်ဝန်ကြောင့် ကောင်လေးရဲ့ ထားသွားခြင်းကိုခံခဲ့ရတယ်။

ဒီလိုဇာတ်လမ်းမျိုးတွေကို မြန်မာဇာတ်ကားတွေထဲမှာ တွေ့ရသလို အပြင်လောကထဲမှာလည်းတွေ့ရတတ်ပါတယ်။ဇာတ်နာရတဲ့ ဖြစ်ရပ်တွေပေမဲ့လည်း ခင်ပွန်းသည်ပြစရာမရှိဘဲ ကိုယ်ဝန်ရှိလာကြတဲ့အမျိုးသမီးတွေဟာ မြန်မာလူမှုအသိုင်းအ၀ိုင်းမှာတော့ မျက်နှာပန်းမလှစရာ၊ အရှက်ရစရာလို့သတ်မှတ်ခံကြရပါတယ်။

“ယူမယ်။ ဒါပေမဲ့ ကလေးနဲ့ကျတော့ အဆင်မပြေဘူး။ ကလေးဆိုတာ ဘယ်အချိန်ပဲပြန်ယူယူရတယ်ပေါ့.. သူက။ ဖျက်ချမယ်ပေါ့။ ဒါပေမဲ့ သမီးက အဲဒါလက်မခံဘူး”လို့ဝမ်းနည်းရိပ်ပြည့်လျှမ်းနေတဲ့ မျက်ဝန်းတစ်စုံနဲ့ ပပက ပြောလိုက်ပါတယ်။“သူရော ကိုယ်ပါ နှစ်ယောက်ပေါင်းတောင်မှ ဒီကလေးတစ်ယောက်ကိုလုပ်မကျွေးနိုင်ဘူးလားပေါ့”လို့လည်း သူက မေးခွန်းထုတ်လိုက်ပါသေးတယ်။

သူ့မေးခွန်းက သူ့ကိုပစ်သွားတဲ့ ကောင်လေးကို ရည်ညွှန်းတာလား၊ စာရေးသူကိုပဲ မေးလိုက်တာလား၊သူ့ကိုယ်သူပဲ မေးလိုက်တာလားကတော့ ပပကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ဒါတွေက လွန်ခဲ့တဲ့ နှစ်လလောက်က ဖြစ်ပျက်ခဲ့တာပါ။ ကိုယ်ဝန်ရှိစအချိန်တုန်းကသူငယ်ချင်းတွေကလည်း သူ့ကို ကလေးကို ဖျက်ချလိုက်ဖို့ ၀ိုင်းဝန်းတိုက်တွန်းခဲ့ကြပေမဲ့ ကလေးလေးရဲ့ကူအမျေသကညိ ဓာတ်ပုံကို တွေ့ပြီးချိန်မှာတော့ သူ့စိတ်ကူးက သူငယ်ချင်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားခဲ့တယ်လို့လည်း ပပက ဆိုပါတယ်။

“ကလေးက ကုန်းကုန်းလေးဆိုတော့ သမီးစိတ်ထဲမှာ သူက ဘုရားရှိခိုးနေတဲ့ ပုံလေးပေါ့။ သူ့ကိုဖျက်ချမှာစိုးလို့ ဘုရားရှိခိုးနေတာ ဖြစ်မယ်ဆိုပြီး စိတ်ထဲမှာ တွေးလိုက်မိတယ်”လို့ အသက် ၁၉ နှစ်သာရှိသေးတဲ့ မိခင်လောင်း၊ပပက ကလေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့စိတ်ခံစားမှုကိုပြောပြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကနေ ပြုလုပ်တဲ့ မျိုးဆက်ပွား ကျန်းမာရေး ငါးနှစ်တာမဟာဗျူဟာစီမံချက်(၂၀၁၄-၁၈) ကနေ ထုတ်ပြန်ထားတဲ့ စစ်တမ်းထဲမှာတော့ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်အတွင်းကိုယ်ဝန်ဆောင်ဦးရေ ၁,၀၀၀ မှာ ၁၇၄ ဦးဟာ သူတို့ရဲ့ကိုယ်ဝန်တွေကို ဖျက်ချပစ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဥပဒေဖြင့် တားမြစ်ထားပြီး ကိုယ်ဝန်ဆောင်ထားသူကိုယ်တိုင်ဖြစ်စေ၊ တခြားသူကဖြစ်စေ ကိုယ်ဝန်ပျက်ကျစေရန် ရည်ရွယ်ပြုလုပ်ပါက ထိုသူကိုပုဒ်မ ၃၁၂ အရ ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ပါတယ်။

ဒါ့ပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သဘောတူညီမှုမပါဘဲ ကိုယ်ဝန်ပျက်စေရန် ရည်ရွယ်ပြုလုပ်ပါကပုဒ်မ ၃၁၃ အရ ပြုလုပ်သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်အထိဖြစ်စေချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ဖျက်ချခြင်းကြောင့်ဖြစ်တဲ့ မိခင်သေဆုံးနှုန်းကလည်း ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်လို့ မျိုးဆက်ပွားကျန်းမာရေး ငါးနှစ်တာ မဟာဗျူဟာစီမံချက်ထဲမှာပါဝင်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာမိခင်သေဆုံးနှုန်းဆိုင်ရာစစ်တမ်း (၂၀၀၄-၀၅)အရ သိရှိရပေမဲ့ ပညာရှင်တွေကတော့ဒီထက်များနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“၁၀ ရာခိုင်နှုန်းကတော့ မကဘူး၊ သေချာတယ်။ ၃၅ ရာခိုင်နှုန်းလောက်တော့ ဖြစ်နေမယ်လို့မှန်းတာပေါ့နော်”လို့ ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Marie Stopes Myanmar (MSI) မှဒါရိုက်တာ ဒေါက်တာစစ်နိုင်က ၂၀၁၆ နှစ်ကုန်ပိုင်းက မြန်မာတိုင်း(မ်)ကို ပြောပြခဲ့ဖူးပါတယ်။“ကိုယ့်အမှားကိုဖုံးဖို့ လူ့လောကကိုတောင် မရောက်သေးတဲ့ ကလေးတစ်ယောက်ရဲ့အသက်နဲ့ပြန်ဖုံးတယ်ဆိုတာ မတရားဘူး”လို့ ပပက ပြောပါတယ်။ကလေးကို မွေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပေမဲ့လည်း မိဘတွေနဲ့ဝေးရာ ရန်ကုန်မြေမှာ ပပအတွက်အားကိုးစရာဘယ်သူမှ မရှိပါဘူး။

ဒါတင်မကသေးဘဲ သူ့ဖြစ်ရပ်တွေကို မိဘတွေကို အသိမပေးရဲဘဲ ရန်ကုန်မှာအဆင်ပြေနေတယ်လို့သာ ပြောဆိုထားတယ်လို့လည်း ပပက ဆိုပါတယ်။ကံကောင်းစွာနဲ့ ပရဟိတသမား ကိုစိုးထိုက်နဲ့ အဆက်အသွယ်ရပြီး ကလေးမွေးဖွားဖို့ လိုအပ်တဲ့အကူအညီတွေ ရရှိခဲ့ပါတယ်။အခုလက်ရှိမှာတော့ ပပဟာ ကိုစိုးထိုက်နဲ့ ဒေါက်တာမြတ်သန့်တို့ တည်ထောင်ထားတဲ့ မြင့်မိုရ်မေတ္တာ(ခိုနားရာ)လို့ အမည်ရတဲ့ single mother တွေကို ကူညီပေးတဲ့ အိမ်မှာ ကလေးမီးဖွားချိန်ကိုစောင့်ပြီးနေထိုင်လျက်ရှိပါတယ်။ရန်ကုန်မြို့ပြင်တစ်နေရာက ဆိတ်ငြိမ်ရပ်ကွက် ထဲမှာတည်ရှိတဲ့ နှစ်ထပ်လုံးချင်းအိမ်လေးမှာ ပပလိုပဲတာဝန်မယူလိုသူတွေ ရှောင်ပြေးသွားလို့ ကျန်ရစ်ခဲ့သူ အခြားအမျိုးသမီး လေးဦးလည်း နေထိုင်လျက်ရှိပါတယ်။

“ဒီနိုင်ငံမှာတော့ အပြစ်မရှိတဲ့ ကလေးကို ဖျက်ချပြီး ခပ်တည်တည်ပြန်နေတဲ့ မိန်းကလေးတွေကိုအပြစ်မတင်ကြဘဲ ရဲရဲရင့်ရင့်ကလေးမွေးလိုက်တဲ့ အမျိုးသမီးလေးတွေ အနှိမ်ခံနေရတဲ့ နိုင်ငံ။ဒီယဉ်ကျေးမှုကိုရအောင် တွန်းလှန်သွားမယ်”လို့ မြင့်မိုရ်မေတ္တာ(ခိုနားရာ)ကို တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုစိုးထိုက်က ပြောပါတယ်။သူ့ရဲ့ မြင့်မိုရ်မေတ္တာ(ခိုနားရာ) အိမ်ဆီကို မြန်မာတိုင်း(မ်)က သွားရောက်လေ့လာခဲ့ပေမဲ့လည်းအဲဒီမှာနေထိုင်နေတဲ့ အမျိုးသမီးတွေရဲ့ဘ၀ရှေ့ရေးနဲ့ လွတ်လပ်လုံခြုံမှုရှိရေးအတွက်အိမ်လိပ်စာကိုတော့ မြန်မာတိုင်း(မ်)က တစ်ဆင့်ပြန်ပြီး မဖော်ပြပေးထားပါဘူး။

“ဘယ်မိန်းကလေးမှ ဗိုက်မကြီးချင်ဘူး။ ဗိုက်ကြီးလာတော့ ဖျက်ချဖို့ပဲ တွေးတယ်။ ဘာလို့လဲဆိုတော့အားကိုးရာ မရှိဘူး။ အစ်ကိုတို့က အကုန်လုံးကိုတော့ မကယ်နိုင်ပေမဲ့ ဆရာဖေမြင့် စကားထဲကလိုကမ်းခြေမှာပွနေတဲ့ ကြယ်ငါးလေးတွေကို နိုင်သလောက်ကောက်ပြီး ပင်လယ်ထဲ လွှတ်ပေးသလိုပေါ့။အစ်ကိုတို့ ကောက်လိုက်တဲ့ ကြယ်ငါးလေးတွေကတော့ အသက်ရှင်သွားလိမ့်မယ်”လို့အမျိုးသမီးတွေကို ကူညီပေးရတဲ့ သူတို့ရဲ့ရည်ရွယ်ချက်ကို ကိုစိုးထိုက်က ပြောပြပါတယ်။မြင့်မိုရ်မေတ္တာ (ခိုနားရာ)ကို ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်တွေအတွက် လွန်ခဲ့တဲ့ သုံးလကမှစတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ဝန် ငါးလအရွယ် ပတ်ဝန်းကျင်မှာ ဗိုက်ကို ဖုံးထားလို့ မရတော့တဲ့ အခြေအနေကနေကလေးမွေးဖွားပြီး နောက်သုံးလအထိ ဘယ်ကိုယ်ဝန်သည်ကိုမဆို ခိုနားရာကနေ လက်ခံပြီးကျွေးမွေးစောင့်ရှောက်ထားပါတယ်။“မိန်းမတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတဲ့အချိန်မှာ သူ့ယောက်ျားနား၊ သူ့အမေနားပဲသူမွေးချင်တယ်။ ဒီဟာ လုံးဝမဖြစ်နိုင်တဲ့ အချိန်မှာမှ သူ့အစ်မတို့ဆီ ရောက်မှာပဲ။ အစ်မတို့ လက်မခံရင်သူဖျက်ချရင် ဖျက်ချမယ်။ ဒါမှမဟုတ်ရင် မိဘမဲ့ကျောင်းတွေကို ပေးရင်ပေးမယ်။

ဒါကြောင့်ဘယ်လိုကန့်သတ်ချက်မှ မထားတော့ဘူး”လို့ မြင့်မိုရ်မေတ္တာ (ခိုနားရာ)ကို တည်တောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာမြတ်သန့်က ပြောပါတယ်။ကလေးမွေးဖွားပြီးလို့ မိခင်က ထားခဲ့ချင်တယ်ဆိုရင်လည်း နှစ်နှစ်သားအထိ ပြုစုစောင့်ရှောက်ပေးမှာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ မိခင်က ကလေးကို အချိန်မရွေး ပြန်လာခေါ်နိုင်သလို ဘ၀အာမခံချက်မရှိတဲ့ မိခင်တွေအတွက်ကိုလည်း သက်မွေးကျောင်းအလုပ်တွေ လုပ်နိုင်အောင် ကူညီပေးသွားမယ်လို့ဆိုပါတယ်။

နှစ်နှစ်ကြာပြီးတဲ့ နောက်မှာတော့ မိခင်ထံကနေ အဆက်အသွယ် လုံးဝမရတော့ဘူးဆိုရင်တော့ကလေးတွေကို ကောင်းမွန်စွာ မွေးစားချင်သူတွေကို လေ့လာစိစစ်ပြီး စာချုပ်စာတမ်းနဲ့ မွေးဖွားခွင့်ပေးလိုက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။လက်ရှိမှာ သန်လျင်မြို့က ဆေးရုံတစ်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ Ultrasound radiologist ဖြစ်တဲ့ဒေါက်တာမြတ်သန့်က တစ်ရက်ကို လူနာ ၂၅ ဦးကနေ ၃၀ လောက်အထိ ကြည့်ပေးရတဲ့အထဲမှာကိုယ်ဝန်ရှိခါစ (သို့) ကိုယ်ဝန်ဆောင်ထားတဲ့ (သို့) ဖျက်ချထားတဲ့ single motherလူနာတစ်ယောက်ကို တွေ့ရတယ်လို့ ဆိုပါတယ်။

လူနာတွေကို ကြည့်ရှုပေးရတဲ့ သူ့ရဲ့အတွေ့အကြုံအရ ဒီလိုကိစ္စမျိုးကြုံကြရတဲ့ အမျိုးသမီးအများစုဟာအိမ်ထောင်သည် အမျိုးသားတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကြောင့်လို့လည်း သူက ဆိုပါတယ်။“သူတို့နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ကြတယ်။ အဲဒီမှာ အကုန်လုံးက လူပျိုဟန်ဆောင်လို့ရတယ်။ပြီးတော့ ခံရတဲ့ မိန်းကလေးတွေက အသက်အရွယ်မရွေး၊ ဆင်းရဲချမ်းသာ မရွေးဘူး”လို့ဒေါက်တာ မြတ်သန့်က ပြောပါတယ်။

မြန်မာလူ့အသိုင်းအ၀ိုင်းမှာတော့ လက်ထပ်ထားခြင်း မရှိဘဲ ကိုယ်ဝန်ရထားတဲ့ အမျိုးသမီးတွေကို‘လင်ကောင်မပေါ်ဘဲ ရှိလာတဲ့ ကိုယ်ဝန်’ လိုမျိုး ပြင်းထန်တဲ့ စကားအသုံးအနှုန်းတွေနဲ့ ပြောကြတဲ့အထိအမျိုးသမီးတွေဟာ အားနည်းချက် တစ်ခုလို၊ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့သလိုမျိုး ဝေဖန်ကဲ့ရဲ့ပြောဆိုမှုတွေကို ခံစားကြရပါတယ်။ဒါကြောင့်မို့လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရှိသွားပြီး စွန့်ပစ်ခံရတဲ့ အမျိုးသမီးတွေဟာသူတို့ကလေးကို ဖျက်ချဖြစ်သွားစေဖို့ ပတ်ဝန်ကျင်အသိုင်းအ၀ိုင်းကပဲ တစ်နည်းတစ်ဖုံစေ့ဆော်တိုက်တွန်းနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စွန့်ပစ်ခံရတဲ့ single mother ဦးရေကို သိရှိနိုင်ဖို့အတွက် လှုမှုဝန်းကျင်ရဲ့ရှေးရိုးစွဲမှုတွေကြောင့် အတိအကျကောက်ယူ သိရှိနိုင်ဖို့ ခက်ခဲဖွယ်ရာရှိပါတယ်။United Nations Population Fund(UNFPA) မြန်မာရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Janet Jackson က“Single parent အများစုက သူ့မိသားစုအတွက် အလုပ်ကောင်းကောင်းလုပ်နေပေမဲ့ သူတို့မကြာခဏကြုံရတဲ့ ခွဲခြားခံရမှုတွေက သူတို့ကို ဖိအားဖြစ်စေပါတယ်”လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ single mother တွေကို အခြေခံလစာနဲ့ ခံစားခွင့်များကို သတ်မှတ်ပေးခြင်း၊အကြွေးယူခွင့်ပေးခြင်း၊ အမျိုးသမီးများရဲ့ ကိုယ်ထူကိုယ်ထအဖွဲ့များကို ငွေကြေးထောက်ပံ့ပေးခြင်းမျိုးနဲ့ဖခင်ဘက်နဲ့ ပတ်သတ်တဲ့ ငွေရေးကြေးရေးထောက်ပံ့မှု ဥပဒေကိုလည်း ပိုပြီးအသက်ဝင်စေရန်ပံ့ပိုးပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့ပြင် ကျွမ်းကျင်ပညာရှင်တွေကလည်း စွန့်ပစ်ခံ single mother တွေ ပေါ်ပေါက်လာခြင်းကလိင်ပညာပေးခြင်း၊ မျိုးပွားခြင်းနဲ့ ပတ်သက်ပြီး ပညာပေးခြင်း အားနည်းချက်ကြောင့်လို့သုံးသပ်ကြပါတယ်။မျိုးပွားနိုင်တဲ့ အသက်အရွယ်ရှိတဲ့ မြန်မာအမျိုးသမီး ခြောက်ယောက်မှာ တစ်ယောက်ကမိသားစုစီမံကိန်းနဲ့ ပတ်သက်တဲ့ ခေတ်ပေါ်သန္ဓေတားနည်းလမ်းတွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက် မရရှိနိုင်ဘူး ဖြစ်နေတယ်လို့ UNFPA ရဲ့လေ့လာဆန်းစစ်မှုအရ သိရပါတယ်။

“Reproductive health နဲ့ Sex education ကို အမျိုးသမီးကိုယ်တိုင်ကလည်း ကောင်းကောင်းနားလည်ထားဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ယောက်ျားချည်းပဲ နားလည်နေတဲ့အတွက်ယောက်ျားတွေက သူတို့ရဲ့ နားလည်မှုကို ကိုယ့်ကို ပြန်မမျှဝေတဲ့အတွက် နောက်ဆုံးခံရတာမိန်းမတွေပဲ”လို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကို ပညာပေးလှုပ်ရှားမှုတွေပြုလုပ်ပေးနေတဲ့ Colorful Girls က ညှိနှိုင်းရေးမှူးဖြစ်တဲ့ မနန့်သဇင်မင်းက ပြောပါတယ်။

“အမျိုးသမီးတွေအတွက်ကျတော့ အယုံမလွယ်ဖို့၊ အကာအကွယ်သုံးဖို့။ အမျိုးသားတွေကလည်းကိုယ်တာဝန်မယူနိုင်သေးတဲ့အချိန်မှာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရရှိဖို့ ကာကွယ်ဖို့လိုအပ်တယ်။ ကိုယ်တာဝန်မယူနိုင်တဲ့အချိန်မှာ မွေးလာတဲ့ ကလေးအတွက် သာယာတဲ့ မိသားစုမတည်ထောင်နိုင်တဲ့အချိန်မှာ ကိုယ်ဝန်ရတာထက် ကာကွယ်တာ ပိုကောင်းတဲ့ ဖြေရှင်းနည်းလို့ထင်တယ်”လို့ Burmese Women’s Union က မနော်ဟယ်လေးပေါ်က ပြောပါတယ်။

ခုနောက်ပိုင်းကာလတွေမှာ မြန်မာနိုင်ငံတွင်းမှာ စုံတွဲတွေ လက်မထပ်ခင် အတူနေလာကြတာမျိုးတွေခေတ်စားလာတာနဲ့အမျှ ခုလိုမျိုး ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စရပ်မျိုးတွေ ပိုမိုများပြားလာနိုင်တယ်လို့လည်းမြန်မာတိုင်း(မ်)က သုံးသပ်မိပါတယ်။“မိန်းကလေးတွေအနေနဲ့ ကိုယ့်ပါတနာနဲ့ အတူတူနေဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင် “No” လို့ပြောရဲတဲ့ သတ္တိရှိဖို့လိုတယ်။ ဒါမှမဟုတ်ဘူး “Yes” အတူတူနေမယ်ဆိုရင်လည်း နောက်ဆက်တွဲအရာတွေကို ကြိုတင်မြင်ထားဖို့လိုတယ်”လို့ မနန့်သဇင်မင်းက ဆိုပါတယ်။

တစ်ကိုယ်ရေအမျိုးသမီးတွေ ကိုယ်ဝန်အတွက် အကူအညီရယူလိုပါက မြင့်မိုရ်မေတ္တာ(ခိုနားရာ)အဖွဲ့ရဲ့ဖုန်းနံပါတ် ၀၉ ၉၇၆၈၆၇၉၁၇ ကို ဆက်သွယ်နိုင်ပါတယ်။

မျိုးပွားကျန်းမာရေး (Reproductive health) နဲ့ လိင်ပညာပေးခြင်း (sex education) တို့နဲ့ပတ်သက်ပြီး အကူအညီရယူလိုပါက Myanmar Medical Association Pink line(အမျိုးသမီးအတွက်) ဖုန်း ၀၉ ၇၃၂၁၂၂၂၇ နဲ့ White line (အမျိုးသားအတွက်)ဖုန်း ၀၉ ၇၃၂၁၂၂၂၆ တို့ကို ဆက်သွယ်နိုင်ပါတယ်။

Credit – apannpyay