အင်အားအပြင်းထန်ဆုံး အဆင့် ၁၀ ရှိ တိုင်ဖွန်းဟေတိုဟာ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာ့စီးပွားရေး အချက်အချာနေရာတစ်ခုဖြစ်တဲ့ ဟောင်ကောင်ကို ပြင်းထန်တဲ့လေတိုက်နှုန်းတွေနဲ့ ၀င်ရောက်တိုက်ခတ်နေပြီး အပင်တွေအမြစ်ကနေကျွတ်ထွက်ကုန်ကာ၊ လမ်းတွေမှာလည်းရေတွေလျှံကုန်ပြီး စီးပွားရေးလုပ်ငန်းအများစု လည်း ပိတ်ထားလိုက်ရပါတယ်။ လေယာဉ်ခရီးစဉ်လေးရာကျော်လည်းဖျက်သိမ်းလိုက်ရပြီး ငွေကြေးဈေးကွက်တွေကိုလည်းရပ်ဆိုင်းထားရကာ ကျောင်းတွေကိုလည်းပိတ်ထားလိုက်ရပါတယ်။ သည်ဟေတိုမုန်တိုင်းဟာ ၂၀၁၂ ခုနှစ်က ဟောင်ကောင်ကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းဗင်းဆင့်ပြီးရင် ပထမဆုံးအင်အား ၁၀အဆင့်ရှိ အပြင်းထန်ဆုံးမုန်တိုင်း တစ်ခုဖြစ်ပါတယ်။

ဝန်ထမ်းတွေအားလုံးဟာလည်း အိမ်မှာမုန်တိုင်းရှောင်နေကြတာကြောင့် သည်ဘဏ္ဍာရေးစင်တာမှာရှိတဲ့ မိုးမျှော်တိုက်အများစုမှာ လူသူကင်းမဲ့ကာ မဲမှောင်နေပါတယ်။ ဟေတိုဟာ ဟောင်ကောင်ရဲ့အထင်ကရ ၀ိတိုရိယဆိပ်ကမ်းကို ပြင်းပြင်းထန်ထန်တိုက်ခတ်နေတာကြောင့် သည်မြို့ရဲ့နာမည်ကျော်ကမ်းခြေအချို့မှာ လှိုင်းတွေမြင့်တက်နေပြီး အနိမ့်ပိုင်းနေရာတွေမှာတော့ ရေတွေကြီး နေပါတယ်။ လူနေသိပ်သည်းတဲ့ဟုန်ဖာချွန်းတို့လို လူနေဒေသတွေမှာတော့ သမုဒ္ဒရာကိုမျက်နှာမူထားတဲ့ အဆောက်အအုံတွေ ကို လှိုင်းလုံးကြီးတွေရိုက်ခတ်နေပြီး ကမ်းခြေလူသွားလမ်းကိုကျော်ကာ အနီးမှာရပ်ထားတဲ့ ကားတွေကိုလည်း ရေတွေလွှမ်းမိုးကုန်ပါတယ်။ မိုးမျှော်တိုက်ထိပ်ဖျားမှာရှိတဲ့ ဆောက်လုပ်ရေးသုံးကရိန်းတွေဟာလည်း ပြင်းပြင်းထန်ထန်ယိမ်းထိုးလှုပ်ခါနေပြီး သစ်ပင်တွေလည်း ပြိုလဲကုန်ပါတယ်။ ဒေသခံတွေကလည်း လမ်းတွေပေါ်မှာသွားလာဖို့အတွက် ကနူးလှေတွေ ထုတ်ထားကြပါတယ်။

ဟေတိုဗဟိုချက်အနီးက အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို ၁၅၅ ကီလိုမီတာနှုန်းရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဟောင်ကောင်မိုးလေ၀သစောင့်ကြည့်ရေးပညာရှင်ကြီးတစ်ဦးက အချို့နေရာတွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၅ မီတာအထိမြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး အစိုးရကလည်း ရေကြီးသတိပေးချက်တွေ ထုတ်ပြန်ထားကာ မြို့အနှံ့မှာ ယာယီခိုလှုံရေးစခန်းတွေဖွင့်ပေးထားပါတယ်။ ဟောင်ကောင်ငွေကြေးဈေးကွက်တွင်းကုန်သွယ်မှုကိုလည်း ဗုဒ္ဓဟူးနေ့အတွက် ရပ်နားထာရတယ်လို့ စတော့ဈေးကွက်ကပြောပါတယ်။ ဟောင်ကောင်ကိုပျံသန်းသွားလာနေတဲ့ လေယာဉ်ခရီးစဉ် ၄၂၀ ကိုလည်းဖျက်သိမ်းလိုက်ရတယ်လို့ အစိုးရက ပြောပါတယ်။ ကစားပွဲတွေရှိရာ မကာအိုနဲ့ဟောင်ကောင်ပြင်ပကကျွန်းတွေဆီပို့ပေးတဲ့ ကူးတို့ခရီးစဉ်တွေ အပါအ၀င် အခြားပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

ချိုလေးငယ်

ref:Reuters,AFP. Aug 23,2017
Credit: Kumudra