ယမန်နေ့ညက ရန်ကုန်မြို့ အရှေ့ဘက် တောင်/မြောက်လမ်းဆုံအနီး ပြိုင်မောင်းလာသော ကားနှစ်စီးတိုက်မှုသည် တစ်မြို့လုံး ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်။

ထူးဆန်းသည်က ထိုကားများသည် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်လေ့ရှိသည့် လူငယ်များ မောင်းနှင်ကြသည့် ပြိုင်ကားများ မဟုတ်ကြဘဲ ဂါလန်ထောင်ချီလာသည့် ဆီသယ်ယာဉ်နှင့် ကွန်တိန်နာကားတို့ ဖြစ်ကြသည်။

အချိန်က ည ၁၀ နာရီဝန်းကျင်

တောင်ဒဂုံမြို့သစ်အဝင် ပြည်ထောင်စုလမ်းပေါ်မှ ထိတ်လန့်ဖွယ် ပေါက်ကွဲသံကြီးတစ်ခုကို တီဗီထိုင်ကြည့်နေသည့် ကိုဇင်မင်းထွန်း တစ်ယောက် ကြားလိုက်ရသည်။

ဒုတိယထပ် ဝရန်တာမှ လမ်းပေါ်ထွက်ကြည့်လိုက်သည့်အခါ အိမ်ရှေ့လမ်းမပေါ်ရှိ ဆီဘောက်ဆာ ကားအတွင်းမှ မီးပန်းများ ၎င်းနေအိမ်အောက်ထပ်အထိ ရောက်ရှိနေလေပြီ။

“အသံကြားလို့ ချက်ချင်းထွက်ကြည့်ချိန် မီးတောက်က အကြီးကြီးဖြစ်နေတာ။ အိမ်အောက်ထဲကို ရောက်နေပြီ။ ကျွန်တော်တို့ မိသားစုတွေ ထွက်ပေါက် မရှိတော့ဘူး။ မဖြစ်ဘူးဟဆိုပြီး ကလေးငါးယောက်နဲ့ ကျွန်တော်တို့ လူကြီးတွေ ဒုတိယထပ် နောက်ပေါက်ကနေ ခုန်ချထွက်ပြေးရတာ။ ဖိနပ်တောင်မပါဘူး” ဟု ဆီချေးများ တစ်ကိုယ်လုံး ပေကျံနေသည့် ကိုဇင်မင်းထွ=န်းက သြဂုတ်လ ၂၂ ရက် ညပိုင်းက ဖြစ်စဉ်ကို ပြန်လည်ရှင်းပြနေသည်။

ရန်ကုန်တစ်မြို့လုံး မီးသတ်ကားသံတွေ ညံနေသည်။ လူအချို့က အိမ်တွေမှ ထွက်ကြည့်ကြသည်။

အဆိုပါဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့မှ Level 4 အဆင့်ထိ သတ်မှတ်ခဲ့ရသည့် ဒဂုံတောင်မြို့နယ်၊ ၂၆ ရပ်ကွက် ပြည်ထောင်စုလမ်းနှင့် ပြည်ထောင်စုလမ်းသွယ်ထောင့် ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်မှု ဖြစ်သည်။

Level 4 ဆိုသည်မှာ မီးသတ်ကားစီးရေ ၅၀ သွားရောက်ငြှိမ်းသတ်ရသည့် အဆင့်ဖြစ်သည်။

“ဒီပြည်ထောင်စုလမ်းသွယ်က ကားကြီးတွေ မဝင်ရဘူး။ ဆီဘောက်ဆာကားက ဒီလမ်းထဲ အရှိန်နဲ့ မောင်းဝင်လာတာ။ ဟိုဘက် ပြည်ထောင်စုလမ်းပေါ်က ကွန်တိန်နာကားကလည်း သူနဲ့အပြိုင် အရှိန်နဲ့ မောင်းလာရင်း လမ်းဆုံထောင့်မှာ နှစ်စီး တိုက်မိခဲ့ကြတာပါ။ အရှိန်အတော်ပြင်းတယ်။ မြေကြီးပါ တုန်ခါသွားပြီး ချက်ချင်းမီးထလောင်တာ။ ဆီဘောက်ဆာ ကားမီးလောင်တာ ဆိုတော့ လူတွေလည်း အနားမကပ်ရဲဘူးလေ။ မီးသတ်ကား ချက်ချင်းရောက်မလာဘူး။ နာရီဝက်လောက်ကြာမှ ရောက်လာတာ” ဟု နှစ်ထပ်နေအိမ် မီးထဲပါသွားရှာသော ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ဆိုသည်။

ကွန်တိန်နာယာဉ်နှင့် တိုက်ခံရသည့် ဆီဘောက်ဆာယာဉ်နောက်ပိုင်းမှာ ပွင့်ထွက်သွားရာမှ ဆီလှောင်ကန်ထဲရှိ လောင်စာဆီများ လမ်းပေါ် လျှံကျ ကာ မီးလောင်ခဲ့ပြီး သုံးထပ်တိုက် အဆောက်အအုံတစ်လုံး၊ နှစ်ထပ်တိုက်အဆောက်အအုံ ငါးလုံးနှင့် မော်တော်ယာဉ် ခုနစ်စီး မီးလောင်ဆုံးရှုံးခဲ့သည်။

“ဆီတွေက ရေမြောင်းထဲ စီးသွားပြီး လမ်းထဲက အိမ်တွေပါ မီးကူးစက်ကုန်တာ။ မီးညွန့်ကြီးတွေက ဓာတ်တိုင်ထိပ်ကျော်တယ်။ ပေါက်ကွဲသံကြီးတွေက အကျယ်ကြီးတွေ။ အတော်ကြောက်လန့်စရာကြီး” ဟု ပြည်ထောင်စုလမ်းသွယ်ရှိ မြို့ဦးလုလင် ပရဟိတအဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်နေရာသို့ ဦးဆုံးရောက်ရှိခဲ့သည့် ဒဂုံတောင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် သုံးစီးဖြင့် မီးထိန်းနိုင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ပထမ ဖုန်းနဲ့ သတင်းပေးတော့ ဘုန်းကြီးကျောင်းမှာ လောင်တယ်တဲ့။ နောက်တစ်ယောက်က သတင်းထပ်ပေးတော့ ကားမီးလောင်တယ် ပြောတယ်။ ဆီဘောက်ဆာ မီးလောင်တယ်လို့ ပြောမသွားဘူး။ ကျွန်တော်တို့ ဒီရောက်တော့ မီးညွန့်က အတော်ကြီးနေပြီ။ လောင်စာဆီလောင်ရင် ငြှိမ်းတဲ့ဆေးနဲ့ ရေရောပြီး ပေ ၂၀ အကွာကနေ အတင်းဝင်တိုး ငြှိမ်းပေမယ့် မနိုင်ဘူး။ လူလည်း မီးပူဟပ်ထားတာ မျက်နှာက အရေပြားတွေဆို ခုထိစပ်ဖျင်းဖျင်းနဲ့” ဟု တပ်ကြပ်အဆင့်ရှိ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

လမ်းဘေး ကွန်ကရစ်ရေမြောင်းအတွင်း စီးဝင်လာသည့် လောင်စာဆီများမှာ နိုင်မြန်မာ ကားဝပ်ရှော့ဆိုင်ရှေ့တွင် ရေမြောင်းကွန်ကရစ်ဖုံး အပေါက်ထဲမှ မီးတောက်များ ပန်းထွက်လာခဲ့သောကြောင့် ယင်းဆိုင်ထဲရှိ ကားလေးစီးမှာ မီးလောင်ခဲ့ပြီး ကျန်ကားအချို့မှာ မီးဟပ်ခဲ့ကြောင်း ယင်းဆိုင်မှ အလုပ်သမားဖြစ်သူ ကျော်စိုးမိုးက ဆိုသည်။

ကားစုစုပေါင်း ခုနစ်စီး မီးလောင်ပြီး ညသန်းခေါင်လွန်ချိန်မှ မီးငြိမ်းသွားခဲ့သည်။

“ဘောစိအိမ်ရှေ့မှာ ကားမီးလောင်နေတယ်ကြားလို့ သွားကြည့်ချိန် ဆီဘောက်ဆာ ကား မီးလောင်နေတာ မြင်လိုက်တယ်။ ချက်ချင်း ဝပ်ရှော့ဆိုင်ကို ပြန်ပြေးလာပြီး ဆိုင်က အလုပ်သမား အယောက် ၂၀ ကျော်က ကားတွေ အပြင်တွန်းထုတ်တာ။ ထုတ်နေချိန်မှာကို ရေမြောင်း ထဲက မီးတွေပန်းထွက်လာပြီး ဆိုင်ကို မီးကူးနေပြီမို့ တွန်းထုတ်မရတဲ့ ပြင်နေဆဲကား လေးစီး မီးထဲပါသွားတာပါ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲသည့် နေရာတွင် ကားတာယာဆိုင်၊ အင်ဂျင်ဆိုင်၊ ဝပ်ရှော့နှင့် ကားပစ္စည်းများ ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ထားသဖြင့် မီးလောင်မှုကြောင့် လူ့အသက်မသေဆုံးစေရန် ရပ်ကွက်နေသူများက နေအိမ်ထဲရှိ လူများကို အချိန်မီ ဆွဲထုတ်ကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ရကြောင်း မြို့ဦးလုလင်ပရဟိတအဖွဲ့ထံမှ သိရသည်။

“ဆီဘောက်ဆာက တုန်းလုံးမလဲသွားတာ ကံကောင်းတယ်။ တုန်းလုံးသာလဲသွားရင် ကားထဲက ဆီတွေ အကုန်ထွက်ကျပြီး မြောင်းတွေအနှံ့ ပျံ့သွားမှာ။ အဲလိုသာ ပျံ့သွားခဲ့ရင် ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့လည်း ဘယ်လိုမှ မီးငြှိမ်းသတ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဆီက ရေမြောင်းတစ်လျှောက် စီးသွားပြီး နေရာအနှံ့ သွားလောင်နေမှာလေ။ ဘာပဲပြောပြော လူထိခိုက်မှုမရှိဘဲ ဒီလောက်နဲ့ မီးငြိမ်းသွားတာ အတော်ကံကောင်းတယ်” ဟု မီးလောင်မှုဖြစ်စဉ် နေရာတွင် ရှင်းလင်းရေးများ ဆောင်ရွက်ပေးနေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တစ်လမ်းလုံး ဆီအနံ့များ မွှန်ထူနေသည့် ပြည်ထောင်စုလမ်းသွယ်တွင် ရေမြောင်းထဲရှိ ဆီများ အခြားရပ်ကွက်သို့ ဆက်မပျံ့သွားစေရန် မြောင်းပိတ်ထားရကြောင်း ယင်းလမ်းနေသူများထံမှ သိရသည်။

“ဆီတွေက ရေမြောင်းထဲမှာ ရှိသေးတယ်။ ဒီဘက်က စီးသွားရင် ယဉ်ကျေးမှု တက္ကသိုလ် ဘက် ရောက်သွားမှာလေ။ ဒါကို မသိသူ တစ်ယောက်ယောက်က သောက်လက်စ ဆေးလိပ်တို မြောင်းထဲ ပစ်ချမိရင် မီးလောင် မှာစိုးလို့ မြောင်းပိတ်ထားလိုက်ရတယ်။ ဒီမနက် လေးနာရီမှာတောင် မီးငြိမ်းသွား ပြီဖြစ်တဲ့ အိမ်တစ်လုံးထဲမှာ မီးထတောက်လို့ ရပ်ကွက်ကပဲ ငြှိမ်းလိုက်ရသေးတယ်” ဟု ဦးကျော်မြင့်က ပြောသည်။

ဒဂုံတောင်မြို့နယ်ရှိ ပြည်သူများ ချောက်ချားတုန်လှုပ်ခဲ့ရသည့် အဆိုပါ မီးလောင်မှု မှ ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့သည့် ဆီဘောက်ဆာ ယာဉ်မောင်းနှင့် ကွန်တိန်နာ ယာဉ်မောင်းတို့မှာမူ အခင်းဖြစ်ချိန် ယာဉ်ထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒီကိစ္စကို ယာဉ်တိုက်မှုပုဒ်မ ၃၃၇၊ ၃၃၈၊ ၂၇၉ တို့နဲ့တင် အရေးယူသွားလို့ မဖြစ်ဘူး။ သူတို့ကြောင့် အေးချမ်းနေတဲ့ မိသားစုတွေ သောကတွေ ဖြစ်သွားခဲ့ရရှာတာ။ နစ်နာသူတွေ ကျေနပ်လောက်တဲ့အထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းပေးရမယ်။ လာမယ့်လွှတ်တော်မှာပါ ဒီကိစ္စကို ဆွေးနွေးသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က မှတ်ချက်ပေးသည်။

“ပြည်သူတွေ ချောက်ချားထိတ်လန့်ဖွယ်တစ်ခု လမ်းပေါ်မှာ ဖြစ်သွားတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆီဘောက်ဆာမှာ တာဝန်ရှိတဲ့သူတွေရော၊ ကွန်တိန်နာမှာ တာဝန်ရှိတဲ့သူတွေရော အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖြစ်ဖြစ် အခြားတာဝန်ရှိသူတွေနဲ့ဖြစ်ဖြစ် ချိတ်ဆက်ပြီးတော့ လူထုစိတ်ကျေနပ်မှု ရအောင် ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်သင့်တယ် ဆိုတာ ဆွေးနွေးစေချင်တယ်။ လမ်းပေါ်ဖြစ်တဲ့ကိစ္စ ဆိုပေမယ့် ကိုယ့်နေအိမ်ထဲ အေးဆေးနေထိုင်သူတွေအပေါ် များစွာဆိုးကျိုးတစ်ခုကို ဖြစ်သွားစေခဲ့ပါတယ်။ သူတို့အနေနဲ့ ဘယ်လိုတာဝန်ယူ လုပ်ဆောင်ပေးမလဲ ဆိုတာကို ကျွန်တော်တို့ထံ အမြန်ဆုံး လာရောက် တိုင်ပင်ဆွေးနွေးပေးပါလို့ မေတ္တာရပ်ခံပါရစေ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သူများကို လူ/ကယ်/ပြန်မှ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းက လာရောက်ထောက်ပံ့ငွေ ပေးအပ်ခဲ့ရာတွင် တစ်အိမ်လျှင် ငွေကျပ်နှစ်သိန်း၊ အဝတ်နှစ်ထုပ်၊ ဆီ ၁၂ ဘူးနှင့် မီးဘေးသင့် ၄၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်ထောင်စီ ရရှိခဲ့ကြောင်း အမှတ် (၂၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထံမှ သိရသည်။

“လူ/ကယ်/ပြန်က ပေးတဲ့အထဲမှာ မီးလောင်သွားတဲ့ ဆိုင်ခန်းလေးခန်းစာ မပါဘူး။ သူတို့တွေလည်း ဒီဆိုင်ဖြစ်ဖို့ အတော်လေး ရုန်းကန်ထားရသူတွေပါ။ အမှန်နစ်နာသူတွေ ထောက်ပံ့ကြေး မရခဲ့တာကြောင့် ဒီနေ့ လွှတ်တော်ဥက္ကဋ္ဌကြီးက သူတို့အတွက် ငွေကျပ်ငါးသိန်း ထောက်ပံ့ခဲ့ပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆီဘောက်ဆာ နဲ့ ကွန်တိန်နာ ယာဉ်ဘက်က တာဝန်ရှိသူတွေ လူထုကျေနပ်မှု ရှိလာအောင် လာရှင်းပေးစေချင်တယ်၊ အကယ်လို့ မရှင်းပေးဘူးဆိုရင် လာမယ့် လွှတ်တော်မှာ ကြယ်ပွင့်ပြ မေးခွန်းတင်ပြီး ဆွေးနွေးသွားမယ်” ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

မီးလောင်ခဲ့သည့် ဆီဘောက်ဆာယာဉ်မှာ PUMA ကုမ္ပဏီ မှ ယာဉ်ဖြစ်ကြောင်း သိရှိထားပြီး ဆီဘောက်ဆာယာဉ်မောင်းမှာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း လတ်တလော စုံစမ်းသိရှိရပြီး ကွန်တိန်နာယာဉ်မှာမူ မည်သည့်ကုမ္ပဏီမှ ယာဉ်ဖြစ်သည်ကို မသိရှိသောကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်နံပါတ်မှတစ်ဆင့် ပိုင်ရှင်ဖြစ်သူကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ဦးညီညီက ဆက်လက်ပြောကြားသည်။

“လက်ရှိ ကုမ္ပဏီတွေဘက်က ဆက်သွယ်လာမှု ဘာတစ်ခုမှတော့ မရှိသေးဘူးလို့ ကြားမိတယ်။ လူ/ကယ်/ပြန်က ထောက်ပံ့ငွေရပေမယ့် အခုကျွန်တော်တို့ ဆုံးရှုံးသွားတာက အကြီးကြီးပဲလေ။ အေးချမ်းနေတဲ့ ကျွန်တော်တို့ မိသားစုဘဝတွေ ပူလောင်နေရပြီ။ မတော်တဆ ယာဉ်တိုက်မှု လောက်နဲ့ အရေးယူတာမျိုး မဖြစ်စေချင်ဘူး။ နစ်နာခဲ့ရသူတွေဘဝကို စာနာနားလည်ပေးဖို့ သက်ဆိုင်ရာ လူကြီးတွေကို ကျွန်တော် တင်ပြထားတယ်” ဟု နေအိမ်မီးထဲပါသွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ဆိုသည်။

ကလေးငယ် ငါးဦးနှင့်အတူ နေအိမ် ဒုတိယထပ် နောက်ပေါက်မှ ဖိနပ်မပါ ကိုယ်လွတ်ရုန်း ခုန်ချထွက်ပြေးခဲ့သည့် ကိုဇင်မင်းထွန်းတို့ မိသားစုသည် ကာလတန်ဖိုး ကျပ်သိန်း ငါးထောင်ကျော်ရှိ ကားပစ္စည်းဆိုင်နှင့် သုံးထပ်တိုက်အဆောက်အအုံ တစ်လုံး၊ နိုင်မြန်မာ ကားဝပ်ရှော့ဆိုင် တစ်ဆိုင်နှင့် မော်တော် ယာဉ်ငါးစီး မီးလောင်ဆုံးရှုံးခဲ့ပြီးနောက် ဘဝအသစ်တစ်ခုကို ပြန်လည်တည်ဆောက်နေရန် မတွေးအား မီးလောင်ပြင်ကြား ဆီချေးများ ပေကျံနေလျက် ရှင်းလင်းရေးများကို တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေရင်း ကြားမှပင်-

“စက္ကန့်ပိုင်းအချိန်လေး အသက်လုပြေးခဲ့ရတာ။ တန်ဖိုးကြီးတဲ့ ပစ္စည်း တွေ မယူအားဘူး။ ကလေး ငါးယောက်နဲ့ အိမ်ထဲက အလွတ်ရုန်းထွက်ခဲ့ရတာ။ လက်ရှိ ပိုင်ဆိုင်မှုတွေလည်း ကုန်ပြီ။ ဘယ်လိုရှေ့ဆက်သွားရမလဲ ဆိုတာ အခုချိန်ထိတော့ ဘာမှတွေးမတတ်တော့ဘူး” ဟု ဆိုနိုင်လေတော့သည်။

Credit : the voice