ဖုန်းတစ်လုံးဟာ အခန့် မသင့်ရင် ဗုံးတစ်လုံးဖြစ်သွားနိုင်တယ်ဆိုတဲ့ အသိကို ဘောင်းဘီအိတ်ထဲ Redmi Note 4 ထည့်ပြီး ဆိုင်ကယ်စီးစဉ် မီးလောင်ပေါက်ကွဲမှုနဲ့ ကြုံခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကတော့ သေသေချာချာသိသွားပါတယ်။

 

အသက် ၂၅ နှစ်အရွယ် ဘာဗာနာ ဆူရာ့ကီရန်ဟာ အပေါင်ဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်ပြီး အန်ဒရာပရာဒေ့ခ်ျပြည်နယ် အရှေ့ ဂိုဒါဗာရီဒီစတြိတ်မှာ ဆိုင်ကယ်စီးရင်း ဖုန်းကို ဘောင်းဘီအိတ်ထဲမှာ ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ ဆူရာ့ကီရန်ဟာ ဖုန်းမီးလောင်တာနဲ့ ဆိုင်ကယ်ကို ရပ်ပြီး အိတ်ကပ်ထဲက မီးလောင်နေတဲ့ ဖုန်းကို ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ ရဲ့အဆိုအရ အနီးအနားမှ ဒေသခံများကလည်း ဆူရာ့ကီရန်ကို ဝိုင်းကူပြီး ရေနဲ့ လောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ဖုန်းဟာ အိတ်ကပ်ထဲကနေ အပြင်ကို ရောက်လာတဲ့ အချိန်အထိ မီးလောင်နေဆဲဖြစ်ပြီး ရေနဲ့ ဝိုင်းလောင်းမှ ငြိမ်းသွားတာ ဖြစ်ပါတယ်။ မီးလောင်ပေါက်ကွဲမှုကြောင့် ဆူရာ့ကီရန်ရဲ့ တင်ပါးတစ်ခြမ်းဟာ ဆိုးဆိုးဝါးဝါး မီးလောင်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဆူရာ့ကီရန်ဟာ ဒီဖုန်းကို Flipkart အွန်လိုင်းစတိုးကနေ ဝယ်တာ ရက် ၂၀ ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ အခုလိုမျိုး ချို့ ယွင်းချက်ရှိတဲ့ ဖုန်းကို ရောင်းခဲ့တဲ့ ကုမ္ပဏီကို သူ့ အနေနဲ့ တရားစွဲဖို့ ရှိပြီး ဒီစတြိတ်စားသုံးသူ ဖိုရမ်ကို အယူခံတက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်

ဖုန်းမီးလောင် ပေါက်ကွဲမှုဟာ ဘက်ထရီချို့ ယွင်းချက်နဲ့ ဆက်စပ်နေပြီး များသောအားဖြင့် အားသွင်းတဲ့အချိန်မျိုးမှာ မီးလောင်ဖို့ အလားအလာပိုများတာ ဖြစ်ပေမယ့် ယခု Redmi Note 4 ကတော့ အားမသွင်းဘဲနဲ့ မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း အိန္ဒိယဖုန်းအရောင်းဆိုင်တစ်ဆိုင်ထဲမှာ Xiaomi ထုတ် ဖုန်းတစ်လုံးကို SIM card ပေါက်ဖွင့်ဖို့ လုပ်နေစဉ် မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖုန်းကလည်း Redmi Note 4 ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်ဟာ ပထမဖြစ်စဉ်နဲ့ သီတင်းပတ်နှစ်ပတ်အတွင်း ဆက်တိုက် ဖြစ်ပွားလာတာ ဖြစ်လို့ Redmi စီးရီးတွေပေါ် သံသယဖြစ်စရာ ရှိလာပါတယ်။ Xiaomi Redmi Note 4 စမတ်ဖုန်းများဟာ အိန္ဒိယမှာ လူကြိုက်အများဆုံး နဲ့ ရောင်းအားအသွက်ဆုံး ဖုန်းဖြစ်တာကြောင့် Xiaomi အနေနဲ့ Redmi Note 4 မီးလောင်ရခြင်းများကို မဖြစ်မနေ စုံစမ်းရတော့မှာ ဖြစ်ပါတယ်။

Credit – Duwun