ybs

“ဆင်းမယ့် မှတ်တိုင်ကြိုပြော။ အိပ်ငိုက်မနေနဲ့။ ကျော်သွားရင် မတတ်နိုင်ဘူး။ တန်းတွေ ကွင်းတွေကိုင်ထား။ ကားကျော်မယ်။ ကဲသွက်သွက်လေးဆင်း” ဟုဆိုသော စပယ်ယာ ၏ အဆူအငေါက်သံခံရင်း ကားပေါ်ကဆင်းနေစဉ် ခြေထောက်နှစ်ဘက်ပင် စုံမရပ်နိုင်သေးမီ မောင်းဆရာဟေ့ဆို ကာမောင်းထွက်သွားလေသည်။

ထိုသို့ ပြိုင်မောင်း လုမောင်းလာစဉ် မိမိဆင်းမည့် မှတ်တိုင်အရောက် ကားပေါ်မှာ ဆင်းရသည်မှာ မလွယ်လှသလို တက်ရသည်မှာလည်း မလွယ်လှ။ ပြိုင်မောင်းလာသည့်အတွက် မှတ်တိုင်တွင်ပင် သေချာမရပ်ဘဲ စပယ်ယာတွန်းချတာကို ခံရသလို၊ ကားပေါ်တက်မည့် ခရီးသည်မှာလည်း စပယ်ယာ၏ ပွေ့တင် တွန်းတင်မှုဖြင့် ကားပေါ်လိုက်ပါရ၏။ ထို့အတူပင် ပြိုင်မောင်း လုမောင်းခြင်းမရှိသည့် အချိန်မှတ်တိုင်တွင် ကျောက်ချရပ်နားပါကလည်း တမေ့တမောဖြင့် နောက်ကားမလာမချင်း ပြန်မထွက်တော့။

နိစ္စဓူဝကြုံတွေ့နေရသော လိုင်းကားစီး ခရီးသည်များ၏ ဒုက္ခသည်ကား ပြောကုန်နိုင်မည် မဟုတ်ပေ။ ရန်ကုန်မြို့နေ ခရီးသွားပြည်သူများအနေဖြင့် ဘတ်စ်ကားများစီးနင်းသွားလာနေကြရာတွင် စပယ်ယာဟု ခေါ်ဆိုကြသော ယာဉ်နောက်လိုက်များနှင့် အဆင်မပြေမှု ကြုံတွေ့ရသည်ကများပြီး တစ်ခါတစ်ရံတွင် ရိုင်းစိုင်းစွာ ဆဲဆိုပြောဆိုခံရသလို ဆွဲတင်တွန်းချမှုများနှင့်လည်း ကြုံတွေ့နေရသည်။ ထို့ကြောင့်လည်း တစ်ချိန်က မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍကို ထမ်းဆောင်ခဲ့သည့် မ.ထ.သ၏ ပုံရိပ်သည် တဖြည်းဖြည်း ပျက်စီးလာပြီး “ဆွဲတင် တွန်းချ မ. ထ.သ”ဟူသော ဆောင်ပုဒ်သည် လက်စွဲဖြစ်လာတော့သည်။

ထို မ.ထ.သ ကို ဖျက်သိမ်းကာ YBS စနစ်စတင်ပြောင်းလဲလိုက်ရာတွင် YBS ကြောင့် အခက်အခဲများစွာ ရှိနေသေးသော်လည်း ယခင် မ.ထ.သ စနစ်တွင် ကြုံတွေ့ရသည့် အဆင်မပြေမှုများစွာကို ပြုပြင်ပြောင်းလဲမည် ဖြစ်သည့်အတွက် သည်းခံလက်ခံကြခြင်း ဖြစ်သည်။

 

ထို့ကြောင့်လည်း ယခု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က YBS ယာဉ်များအားလုံးတွင် ယာဉ်နောက်လိုက် မထားရှိတော့သည့်စနစ်ကို ကျင့်သုံးရမည်ဟုဆိုသောအခါ ခရီးသွားပြည်သူအများစု လက်ခံကြိုဆိုကြသည်။ ယာဉ်နောက်လိုက်က ပိုက်ဆံကောက်သည့် စနစ်အစား ကိုယ်တိုင်ယာဉ်စီးခကို ပေးချေသည့်စနစ်၊ ငွေထည့်ပုံး (Cash Box) ထဲသို့ ထည့်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သည်။ ယင်းစနစ်မှာ ယာဉ်စီးခ ငွေအကြွေကို အတိအကျ ဆောင်ထားရမည် ဖြစ်သည့်အတွက် ငွေအကြွေအခက်အခဲရှိသော်လည်း ခရီးသည်အများစုက စပယ်ယာ မလိုအပ်ဟု ဆိုကြသည်။ စပယ်ယာ မပါသည်ကို ပိုသဘောကျကြောင်း ခရီးသည်အများစုက ဖြေကြသည်။

“မထင်ရင် မထင်သလို တွန်းချခံရပြီး အဆူအဆဲက ရှိသေး။ သူတို့ရဲ့ ရန်ရှာတတ်တဲ့ဟာတွေကြောင့် ရန်ပြန်မဖြစ်ချင်လို့သာ သည်းခံကြရတာ။ ပြောရရင် စပယ်ယာမလိုအပ်ဘူး”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်း မသွယ်သွယ်စိုးက ပြောသည်။

 

စပယ်ယာများကို ခရီးသည်များက လက်မခံကြတော့သလို YBS စနစ်တွင် စပယ်ယာလုံးဝ မထားသည့် စနစ်ကိုသာပြောင်းလဲသွားမည်ဟု သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောကြားထားရာ လက်ရှိစပယ်ယာများ အလုပ်လက်မဲ့အဖြစ် ကြုံတွေ့ရမည်ဖြစ်သည်။ ဇူလိုင် ၂၀ ရက်က စတင်ကာ ယာဉ်လိုင်းအချို့ ငွေထည့်ပုံးများကို အသုံးပြုလာကာ စပယ်ယာမထားတော့သော်လည်း အချို့မှာ စပယ်ယာ ဆက်လက်ထားရှိဆဲဖြစ်သည်။ အဓိကအားဖြင့် ကားသစ်များတွင် ငွေထည့်ပုံးစနစ် အဆင်ပြေနိုင်ပြီး ယာဉ်မောင်းတစ်ဦးတည်းဖြင့် ၀န်ဆောင်မှု ပေးနိုင်သော်လည်း ကားဟောင်းများမှာ အော်တိုတံခါး အဖွင့်အပိတ်စနစ်များ မကောင်းတော့သည့်အတွက် ယာဉ်မောင်းတစ်ယောက်တည်းဖြင့် အဆင်မပြေနိုင်ဘဲ အကူလိုအပ်မည်ဟု ခရီးသည်တင် ယာဉ်မောင်းများကပြောသည်။

 

“ကျွန်တော်တို့ ကားတွေက ဂျပန်ကားဆိုတော့ ညာမောင်းဗျ။ အဲတော့ အတက်အဆင်း တံခါးပေါက်က ဘယ်ဘက်မှာ။ ဒီက ယာဉ်မောင်းစနစ်က လက်ယာစနစ်ဆိုတော့ အတက်အဆင်းက ညာဘက်မှာ။ ဒီတော့ တံခါးပေါက်တွေ ပြန်ဖောက်ရတယ်။ ဒီလိုကားတွေမှာ စပယ်ယာမပါလို့ မရပါဘူး။ တံခါးအဖွင့်အပိတ်က အော်တို မဟုတ်ဘူး။ လူတစ်ယောက်က ဖွင့်ပိတ်မှရတယ်” ဟု YBS ၂၉ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

 

အစိုးရ၏ အစီအစဉ်ဖြင့် Brand New ဘယ်မောင်း ဘတ်စ်ကားများ တင်သွင်းလာသလို၊ မူဝါဒအရ ဘတ်စ်ကား တင်သွင်းပါက ဘယ်မောင်းသာ တင်သွင်းရမည်ဟု သတ်မှတ်ထားသော်လည်း YBS ယာဉ်လိုင်းများတွင် ကားဟောင်းများ ကျန်နေသေးသည့်အတွက် ယာဉ်အကူ လိုအပ်ချက်ရှိနေသေးကြောင်း သိရသည်။

 

“အစိုးရက အစီး ၁၀၀၀ ၀ယ်တယ်။ ကုမ္ပဏီတွေကလည်း ၀ယ်တဲ့ ကားတွေနဲ့ဆိုတော့ ကားအဟောင်းတွေ တဖြည်းဖြည်း လဲသွားမယ်ဆိုတော့ သဘောပေါ့။ ဒါပေမဲ့ ချက်ချင်း စပယ်ယာမထားနဲ့တော့ ဆိုတာထက် သူတို့ကို ငွေမကောက်ခိုင်းတော့ဘဲ ယာဉ်အကူ အဖြစ်နဲ့တော့ ဆက်လုပ်ခွင့်ပေးသင့်တယ် ထင်တာပဲ။ သူတို့မှာ အားနည်းချက်ရှိပေမယ့် အခြေခံလူတန်းစားတွေ ဖြစ်တဲ့အတွက် တခုခုတော့ အချိန်ပေးတာ၊ စီစဉ်ပေးတာမျိုး ဖြစ်သင့်ပါတယ်” ဟု YBS ၂၁ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

YBS စနစ်တွင် စပယ်ယာ မထားတော့ဟုဆိုသည်ကြောင့် ဇူလိုင် ၂၀ ရက်က ရွှေပြည်သာမြို့နယ်တွင် ယာဉ်နောက်လိုက်များသာမက ယာဉ်မောင်းအချို့ပါ ပါဝင်ကာ ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း အများပြည်သူကြိုက်နှစ်သက်ခြင်း မရှိသည့်အတွက် အဆိုပါ ယာဉ်နောက်လိုက်များကို ပြန်လည်လုပ်ကိုင်စေမည်မဟုတ်ကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။ ယင်းသို့ စနစ်တစ်ခု အပြောင်းအလဲတွင် နစ်နာရသူများ ရှိသော်လည်း ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်ပေါ်စေသည်ထက် ခရီးသည်များ အဆင်ပြေ၍ ယာဉ်နောက်လိုက်များလည်း အလုပ်အကိုင်ရရှိစေမည့် အခြေအနေမျိုး ဖော်ဆောင်သင့်ကြောင်း သုံးသပ်သူ များလည်းရှိသည်။

 

“YBSမှာ ယာဉ်နောက်လိုက် မပါတဲ့စနစ်ကို သွားကိုသွားရမှာပါ။ ဒါပေမယ့် အခုအချိန်မှာ ယာဉ်နောက်လိုက်တွေကို လုံးဝ မထားနဲ့တော့ ဆိုတာထက် သူတို့ကို ခရီးသည် ၀န်ဆောင်မှုပေးတာမျိုးကို လုပ်ခိုင်းတာမျိုး၊ လက်မှတ်စနစ် ဒါမှမဟုတ် ကတ်စနစ်သွားမယ်ဆိုရင်လည်း ကားဂိတ်တွေမှာ ရောင်းခိုင်းတာမျိုးကို လုပ်ခိုင်းမယ်ဆိုရင် Win-Win ဖြစ်မယ့် အပြောင်းအလဲ ဖြစ်မှာပါ” ဟု Power Eleven ယာဉ်လိုင်းကုမ္ပဏီမှ တာဝန်ရှိသူ ကိုတရုတ်လေးက သုံးသပ်သည်။

ထို့အပြင် YBSတွင် ကားသစ်များ တင်သွင်းလာသည့်အတွက် ကျွမ်းကျင်ယာဉ်မောင်း များစွာ လိုအပ်လျက်ရှိရာလက်ရှိ ယာဉ်နောက်လိုက်များကို အချိန်အတိုင်းအတာ တစ်ခုပေး၍ ဆက်လက်လုပ်ကိုင်စေပြီး စနစ်တကျ ယာဉ်မောင်းသင်တန်းများ တက်စေကာ လိုအပ်ချက်ရှိနေသော နေရာတွင် ပြန်လည်အစားထိုးသင့်သည်ဟု သုံးသပ်မှုများရှိသည်။

 

“စပယ်ယာမပါဘဲ ကိုယ်တိုင် ပိုက်ဆံထည့် စီးရတဲ့အလေ့အထလေးက ကောင်းပါတယ်။ ကားကို ရှေ့ပေါက်က တက်ပြီး နောက်ကဆင်းတာမျိုး၊ ကိုယ်ပေးရမယ့် ယာဉ်စီးခ တာဝန်တိတိကျကျ ပေးတာမျိုးတွေက ဖြစ်သင့်ပါတယ်။ ဒါပေမယ့် စပယ်ယာတွေကို အလုပ်ဖြုတ်ပစ်တာထက် ဒီပြောင်းအလဲမှာ သူတို့ သဘောပေါက် ပြောင်းလဲလာအောင်ရယ်၊ ယာဉ်မောင်းသင်တန်းတွေ တက်ခိုင်းပြီးတော့ ဒရိုင်ဘာအဖြစ် ခန့်ပေးမယ်ဆိုရင် စပယ်ယာ လုပ်နေရတာထက်စာရင် ကားကို စနစ်တကျ သေချာမောင်းရတဲ့ အလုပ်အကိုင်မျိုး ဖန်တီးပေးတာက ခရီးသည်တွေလည်း ဒီဝန်ဆောင်မှုကို ရသလို ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့ ဒီအခြေခံ လူတန်းစားတွေလည်း အလုပ်လက်မဲ့ မဖြစ်ဘူး။ သူတို့ ဘ၀အခြေအနေလည်း တဆင့်မြင့်တက်လာနိုင်မယ်” ဟု NGO ၀န်ထမ်းတစ်ဦးဖြစ်သူ ဒေါက်တာသူရိန်က ပြောသည်။

ရန်ကုန်မြို့၏ ဘတ်စ်ကားစနစ်ကို ပြုပြင်ပြောင်းလဲလာသည်မှာ ခြောက်လခန့် ရှိပြီဖြစ်ပြီး အခက်အခဲများစွာ ရှိနေသေးသည်။ သို့သော် လက်ရှိ ကားသစ်များ ရောက်ရှိလာပြီး ၀န်ဆောင်မှု ပုံစံပြောင်းလဲလာသည့်အတွက် ခရီးသည်အများစုက ကြိုဆိုလက်ခံလာကြသည်။ ထို့အတူ ယခင်က အော်ဟစ်ဆူငေါက်မှုများ၊ ရန်လိုမှုများ၊ ပြိုင်မောင်း လုမောင်းမှု ပုံစံများဖြင့် ဘတ်စ်ကား စီးနေရသည့်အနေအထားကို ကြိုက်နှစ်သက်ခြင်း မရှိတော့ပေ။ ရန်ကုန်ဘတ်စ်ကားစနစ်တွင်လည်း နိုင်ငံတကာ မြို့ပြများနည်းတူ အဆင့်ဆင့် ပြောင်းလဲတိုးတက်မှုကို လုပ်ဆောင်သင့်ပြီး ကတ်ဖြင့်ငွေ ပေးချေသည့်စနစ်ကိုလည်း ပြောင်းလဲရမည်ပင်ဖြစ်သည်။ ထိုသို့ နိုင်ငံတကာအဆင့် မရောက်မီတွင် ကျွမ်းကျင်၍ ယဉ်ကျေးပျူငှာသော ၀န်ဆောင်မှုကို ပေးနိုင်သည့် ယာဉ်မောင်းဖြစ်လာရန် ပြုပြင် ပြင်ဆင်သွားသင့်သည်ဟု မြို့ပြရေးရာ ကျွမ်းကျင်သူများက သုံးသပ်သည်။

ထိုကဏ္ဍကို ဖြည့်စွက်ရန် လက်ရှိယာဉ်နောက်လိုက်များကို ပြုပြင်ထိန်းကျောင်းသွားခြင်းဖြင့် အလုပ်အကိုင် ဖန်တီးပေးရာ ရောက်သလို နိုင်ငံတကာနည်းတူ အလုပ်ချိန် သတ်သတ်မှတ်မှတ်ဖြင့် လစာပေးစနစ်ကို ကျင့်သုံးသင့်သည်ဟု အကြံပြုကြသည်။ နံနက်မှ မိုးချုပ်သည်အထိ တစ်ရက်လျှင် အလုပ်ချိန် ၁၄ နာရီခန့် လုပ်ကိုင်နေရသော ထိုယာဉ်လုပ်သားအလုပ်အကိုင်မှာ လူပေါင်းများစွာကို ၀န်ဆောင်မှုပေးနိုင်ရန် လွယ်ကူနိုင်မည် မဟုတ်ပေ။ သတ်မှတ်အလုပ်ချိန်၊ ထိုက်သင့်သည့်လစာနှင့် ပြိုင်မောင်းလုမောင်းစရာမလိုသည့်စနစ်တွင် ယာဉ်မောင်းတစ်ဦးတည်းဖြင့် ခရီးသည်များကို ကောင်းမွန်စွာ ၀န်ဆောင်မှု ပေးနိုင်မည်ပင်ဖြစ်သည်။ ထိုသို့ ဖန်တီးဖော်ဆောင်ပေးနိုင်ပါက အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်လာမည်ဖြစ်သလို စပယ်ယာ (ခေါ်) ယာဉ်နောက်လိုက်များကို လုံးဝ လိုအပ်တော့မည်မဟုတ်ပေ။

ချောစု

 

Credit: www.tomorrow news journal.com