YBS ယာဉ်လိုင်းအချို့ ငွေစက္ကူအကြွေ ပြန်ရောင်းသည့် ဈေးကွက်ဖြစ်ပေါ်နေဟုဆိုYUPT ကုမ္ပဏီ၏ ဘတ်စ်ကားများထံမှရရှိသော ယာဉ်စီးခငွေအကြွေများကို ရေတွက်နေစဉ် (ဓာတ်ပုံ − မိုးမင်း)
ရန်ကုန်မြို့ပြ အများ ပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ (YUPT)ကလည်း ငွေစက္ကူ အကြွေ အခက်အခဲမရှိစေရန် ဘေလီလမ်းဆုံအနီး ၎င်းတို့ရုံးချုပ်တွင် တန်ဖိုးတူအတိုင်း ငွေစက္ကူ အကြွေ များ လာရောက်လဲလှယ်နိုင်ကြောင်း သြဂုတ်လ ပထမအပတ်တွင် ကြေညာထား သည်။

‘‘ကျွန်တော် တို့ ကားလိုင်း တွေကနေ တစ်ရက်ကို သိန်း ခြောက်ရာလောက် အကြွေဝင် တယ်။ အဲဒီအကြွေတွေကို လိုတဲ့ သူတွေကို အကုန်ပြန်လဲပေးနေတာ ဖြစ်ပါတယ်။ ဘာ အပိုကြေး မှမယူပါဘူး။ အကြွေလဲချင်တဲ့သူကတော့ အရင်လျှောက်လွှာတင် ရပါမယ်။ တင်တဲ့လျှောက်လွှာတွေကိုကြည့်ပြီး ရှိတဲ့ငွေနဲ့ အချိုးကျ ပြန်တွက်ပြီး လဲပေးတာပါ’’ ဟု YUPT ကုမ္ပဏီ CEO ဦးမောင်မောင်လွင်က ပြောသည်။

 

ယင်း ကုမ္ပဏီ သို့ နီးစပ်ရာ ဈေးများ၊ စီးတီးမတ် ဈေးဝယ် စင်တာ များနှင့် ဘဏ် အချို့ကပါ လာရောက်အကြွေလဲလှယ်မှုများ ရှိနေပြီး တစ်ဦးလျှင် ကျပ်တစ် သိန်းခန့်မှ ကျပ်သိန်းတစ်ရာခန့် အထိ လာရောက်လဲလှယ်ခြင်း များရှိကြောင်း ၎င်းကပြောသည်။

ထို့အပြင် ၎င်းတို့ထံမှ ကုမ္ပဏီ ၀န်ထမ်း အချို့ကလည်း လွန်ခဲ့သည့် တစ်လကျော်ကစ၍ ညနေခင်း များတွင် ဘတ်စ်ကား မှတ်တိုင်များ၌ ခရီးသည်များကိုတစ်ရက်လျှင် ကျပ်သိန်း ၇၀ ဖိုးအထိ အကြွေလိုက်လံလဲပေးနေကြောင်း သတင်း ရရှိသည်။

READ  ငွေစက္ကူ အတု လှည့်လည်သုံးစွဲသူ ဘဏ်ဝန်ထမ်းအား ဖမ်းဆီးရမိ

လက်ရှိ YBS ယာဉ်လိုင်း များတွင် ယာဉ်နောက်လိုက်မပါရှိတော့ခြင်း၊ ယာဉ်အကူအဖြစ် ဆက်လက် ပါရှိနေသော်လည်း ယာဉ်စီးခကို ကောက်ယူကိုင် ဆောင်ခွင့်မပြုဘဲ ခရီးသည် ကိုယ် တိုင် ငွေထည့်ပုံး(Cash Box)အ တွင်း ကိုယ်တိုင်ထည့်၍ စီးနင်းရခြင်းကြောင့် အကြွေရှားပါးလာကြောင်း ခရီးသည်များက ပြော သည်။

‘‘အကြွေကို မဖြစ်မနေ ဆောင်ထားရတယ်။ တစ်ခါတ လေ အကြွေ မရှိရင် မှတ်တိုင်နား က ဆိုင်တစ်ခုခုမှာ တစ်ရှူးဖြစ်ဖြစ် ၀ယ်ပြီး အကြွေရှာရတယ်။ စပယ် ယာပါတုန်းကတော့ သူ့အမ်းခိုင်း လို့ ရတယ်လေ။ အခုကျတော့ ကိုယ့်ဘာသာ ဖြစ်အောင်ရှာထား ရတဲ့အခြေအနေ ဖြစ်သွားတာ ပေါ့’’ဟု မြောက်ဥက္ကလာပမြို့ နယ်မှ ခရီးသည် မခိုင်ဇင်သက်က ပြောသည်။

ထို့ကြောင့် YBS ယာဉ်လိုင်း အချို့က ငွေစက္ကူ အကြွေ များကို ကျသင့် တန်ဖိုး ထက် ပိုသောနှုန်းဖြင့် ပြန်လည်ရောင်းချသည့် ဈေး ကွက်အသစ် ဖြစ်ပေါ်နေကြောင်း လည်း ယာဉ်လိုင်း အချို့မှ တာဝန်ရှိသူများနှင့် ယာဉ်လုပ်သား အချို့က ပြောသည်။

‘‘တချို့တွေက ၂၀၀ တန်အရွက်ရေတစ်ရာဆိုရင် ဘယ် လောက်၊ ၁၀၀ တန် အရွက်ရေ တစ်ရာဆိုပြီး လိုက်ဝယ်တာတွေ ရှိတယ်။ ဒါကိုပြန်ရောင်းတဲ့ယာဉ် လိုင်းတွေ၊ ယာဉ်ပိုင်ရှင် တွေလည်း ရှိတယ်။ ဈေးနှုန်း ကတော့ အမျိုး မျိုးကြားနေတယ်’’ ဟု YBS (၃၅) ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦး က ပြောသည်။

ယင်းငွေစက္ကူ အကြွေပြန် လည်ရောင်းချသည့် ဈေးကွက် တွင် ၂၀၀ ကျပ်တန် ငွေစက္ကူ တစ်ရာလျှင် ၂၁,၀၀၀ ကျပ်ခန့်၊ ၁၀၀ ကျပ်တန် ငွေစက္ကူတစ်ရာလျှင် ၁၀,၇၀၀ ကျပ်ခန့်ဖြင့် အရောင်း အ၀ယ်ဖြစ်နေကြောင်းသိရသည်။

READ  အကြွေး ပိနေသူများအတွက်…….

အဆိုပါ ငွေစက္ကူ အကြွေ များ ကို ဈေးသည် အချို့နှင့်ငွေအကြွေ အရောင်းအ၀ယ် သီးသန့်လုပ်ကိုင်သူအချို့က ၀ယ်ယူခြင်းဖြစ် ကြောင်း ယာဉ်လုပ်သားများက ဆိုသည်။

‘‘အဲဒီလိုမျိုးအရောင်းအ၀ယ် ဖြစ်နေတာမျိုးတွေ ကြားပါတယ်။ ကျွန်တော် တို့ကတော့ လိုအပ်လို့ အကြွေပြန်လဲချင်ရင် ကျသင့်တန် ဖိုးအတိုင်းပြန်လဲပေးပါတယ်’’ ဟု YBS (၃၉) ယာဉ်လိုင်း မှ တာဝန်ခံ ကိုဖြိုးဟေမာန်က ပြောသည်။

သို့သော် ၎င်းတို့ယာဉ်လိုင်းအနေဖြင့် ခရီးသွားပြည်သူများ ငွေစက္ကူ အကြွေ အခက်အခဲမရှိ စေရန် ရက်ပိုင်းအတွင်း လူစည် ကားရာ နေရာအချို့တွင် ကျသင့်တန်ဖိုးအတိုင်း ပြန်လည်လဲလှယ် ပေးရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ငွေစက္ကူ အကြွေ ရှားပါးမှု များ မကြုံတွေ့စေရန် ကြိုတင်ငွေပေးကတ်စနစ် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောကြား သည်။

‘‘ကတ်စနစ် ပေါ်လာရင် တော့ ဒီပြဿနာတွေရှင်းပြီးသား ဖြစ်သွားမှာပါ။ ကတ်စနစ် မရောက်ခင် Cash Box စနစ်ကို ယာယီကျင့်သုံးတဲ့သဘောပါ’’ ဟု ၎င်းကပြောသည်။ ကတ်စနစ် လုပ်ဆောင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တိုင်းအစိုးရက တင်ဒါခေါ် ယူထားသည်။

Credit : 7day daily

LEAVE A REPLY