အခုချိန်ထိ မရိုက်ရင် ဘယ်လိုဆုံးမရမလဲတို့ ဖင်ချွတ်အပြစ်ပေးတာ စေတနာကြောင့်ပါတို့ ထင်ယောင်ထင်မှားပြောနေကြသေးတဲ့ ဆရာဆရာမတွေ ကျန်နေသေးတဲ့ ပညာရေး စနစ်ထဲ ကိုယ့်ကလေးကို ဘယ်လိုသင်ယူစေရမှာပါလိမ့်။

ဆရာဆရာမတွေအနေနဲ့ မ,တစ်ရာသားတွေကို ထိန်းဖို့မလွယ်ဘူးဆိုတာလည်း မှန်တယ်။ လူဦးရေက ရှိသင့်တာထက် မတရားပိုများနေတာလည်း မှန်တယ်။ လခက မလောက်တာလည်း မှန်တယ်။

ပေါက်ကရ order တွေ အမျိုးမျိုးထွက်တိုင်း လိုက်ဖြည့်ဆည်းနေရတာလည်း မှန်တယ်။ ဒါပေမယ့် ဒီ pressure တွေအတွက် ထွက်ပေါက်က ကလေးတွေမဖြစ်သင့်ပါဘူး။

နှမ်းခိုးစားသောမင်းသားကို ညွှန်းပြီး ဒိသာပါမောက္ခကြီးတောင် ရိုက်သေးတာလို့ မတွက်ကပ်ပါနဲ့။ အဲဒီပုံပြင်ထဲကလူတွေ တကယ်ရှိခဲ့ မရှိခဲ့ ဘယ်သူမှ သက်သေမပြနိုင်သလို ဒိသာပါမောက္ခကြီးခေတ်မှာလည်း နည်းပညာတွေ မရှိခဲ့သေး child psychology ကို မသိခဲ့သေး research တွေ မလုပ်ခဲ့သေးပါဘူး။

ရိုက်ခြင်းဟာ အပြုအမူကောင်းကို နှစ်ခြိုက်စွာလက်ခံစေတာမျိုး မဖြစ်လာဘဲ အကြောက်တရားကြောင့်သာ အပြုအမူကောင်းကို ‘လုပ်ပြ’ရ၊ အပြုအမူဆိုးကို ‘ရှောင်ပြ’ ရတာပါ။ ကိုယ်တိုင် အရိုက်ခံခဲ့ရတဲ့ဘဝတွေကို မေ့များနေပါသလား။

အရိုက်ခံနေတုန်းအချိန်မှာ ဝမ်းနည်းတယ် ရှက်တယ် စိတ်ဆိုးမယ် လုပ်ရက်လေခြင်းလို့ စိတ်နာမယ် အဲဒီခံစားချက်တွေပဲ ဝင်နေပါတယ်။ ငါဒီဟာလုပ်တာ မကောင်းလို့ရိုက်တာဆိုပြီး ဘယ်သူမှ အသိမဝင်ပါဘူး။ ကောင်းမွန်စွာ ရှင်းပြခြင်းကသာ အဆိုးနဲ့အကောင်းကို ခွဲခြားလက်ခံတတ်လာစေပါတယ်။

တစ်ယောက်ချင်းစီ ပြောပြဖို့ ရှင်းပြဖို့ အချိန်မရှိရင် အတန်းလိုက်ပြောပါ။ တစ်တန်းလုံးကို အတူတူရှင်းပြရက်နဲ့မှ တချို့တလေက နားမဝင်ဘူး မလုပ်ဘူးဆိုရင် မိဘတွေနဲ့ ခေါ်ဆွေးနွေးပါ။ ဆရာမတစ်ယောက်ဟာ ကလေးတစ်ယောက်ကို ပျမ်းမျှခြင်း လေးဆယ့်ငါးမိနစ်ကနေ တစ်နာရီခွဲပဲ တွေ့ရတာပါ။

မွေးကတည်းက အသားကျလာပြီး အသက်ငါးနှစ်မှ ကျောင်းရောက်လာတဲ့ ကလေးတစ်ယောက်မှာ မိဘရဲ့လွှမ်းမိုးမှုဟာ ရာခိုင်နှုန်းပိုများကြောင်း ရှင်းပြပါ။ ဆရာမဟာ စာသင်ဖို့ မှားနေတာတွေ မှားကြောင်းပြောပြီး အမှန်ကိုပြဖို့ပဲ တာဝန်ရှိပါတယ်။

ထောင်ဝါဒါလို ဆပ်ကပ်စရာလို ပုံသွင်းဖိနှိပ်ဖို့ တာဝန်မရှိပါ။ ဒီအကြောင်းကို မိဘဖက်က ကြေလည်အောင် ဆွေးနွေးပါ။ ဘာမှမဆုံးမတာထက် ဆုံးမပုံမှားလို့ စိတ်ဒဏ်ရာရတာက ပိုဆိုးပါတယ်။ လူငယ်သဘာဝ တချို့ဆိုးတာလေးတွေ အိမ်စာမလုပ်လာတာလေးတွေ စာမကျက်လာတာလေးတွေက ဘာမှရေရှည်မှာ အရေးမပါပါဘူး။

အဲဒီအရေးမပါတာလေးတွေကို အရာလုပ်ပြီး အဆုံးမမတတ်တဲ့အခါ ကလေးမှာ စိတ်ဒဏ်ရာရပြီး တစ်သက်လုံး လူတောမတိုးတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာ ဖြစ်တတ်ပါတယ်။

မရိုက်နဲ့လို့ အမိန့်ထုတ်တဲ့အခါ ရိုက်တော့မရိုက်ဘဲ အိမ်သာထဲ တံခါးပိတ်ထားတာတို့ နောင်ကြဉ်အောင်ဆိုပြီး လူပုံအလယ်မှာ တမင်အရှက်ခွဲတာတို့ စိတ်ဓာတ်ကျယုံကြည်မှုမဲ့အောင် ပြောတာတို့ အားလုံးဟာ လူမဆန်မှုတွေချည်းပါပဲ။

ကောင်းစေချင်လို့ ဆုံးမတာလို့ ကိုယ့်ကိုယ်ကိုညာပြီး ဒေါသအလျောက် စိတ်အလိုလိုက်ပြီး အပြစ်ပေးမှုအားလုံးဟာ လူသားမဆန်ပါ။ ရက်စက်မှုပါ။

ကိုယ့်ဖာကိုယ် ရှိနေတဲ့ pressure တွေ၊ အထက်ကအမိန့်တွေ၊ deadline တွေ အဲဒီဖိစီးမှုတွေ မခံနိုင်ရင် အထက်ကို လူညီညီနဲ့ ပြန်တင်ပြပါ၊ အာဏာပိုင်ကို မေးခွန်းထုတ်ပါ။ ကလေးတွေအပေါ် ပုံချစရာ ဒေါသဖြေစရာ ဘာအကြောင်းမှ မရှိပါဘူး။

Credit: Su Wai Hlaing