aa-Ye-thura-thet

ဦးရဲသူရသက် (ဓာတ်ပုံ − မြင့်ကျော်လှိုင်)
ရခိုင်အရေးနှင့်ဆက်နွှယ်၍ မြန်မာနိုင်ငံနှင့် တူရကီနိုင်ငံမှ ဟက်ကာအချို့ကြား ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုပေါ်ပေါက်နေသည်။ ဆိုက်ဘာတိုက်ခိုက်မှုဆိုသည်မှာ မည်သို့ဖြစ်သည်၊ မည်သို့အန္တရာယ်ရှိသည်၊ ဘာကိုသတိထားရမည် စသည်တို့နှင့်ပတ်သက်၍ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ ဦးရဲသူရသက်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို 7Day Daily သတင်းစာက ပြန်လည်ဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံနဲ့ တူရကီနိုင်ငံကြားမှာ Cyber War ဖြစ်နေတယ်လို့ ပြော နေကြပါတယ်။ Cyber War ဆို တဲ့အသုံးအနှုန်းကို ပညာရှင်တစ် ယောက်အနေနဲ့ လက်ခံနိုင်ပါသလား။

အခုအဖြစ်အပျက်ကို ကျွန် တော့်အနေနဲ့ Cyber War ဆိုတဲ့ အသုံးအနှုန်းနဲ့ သဘောမတူပါ ဘူး။ ဒီစကားလုံးက ချဲ့ကားပြော တဲ့စကားလုံးပါ။ အခုက မြန်မာ က ဟက်ကာအဖွဲ့တွေနဲ့ တူရကီ က ဟက်ကာအဖွဲ့တွေကြားမှာ ဟိုဘက်ဒီဘက် ၀က်ဘ်ဆိုက်တွေ ကို ဖျက်ဆီးတဲ့အနေအထားပါ။ ဖြစ်နိုင်တာက အဖွဲ့တစ်ခုခုထဲက အဖွဲ့ဝင်တစ်ဦးဦးက တိုက်ခိုက် မယ်ဆိုပြီး စပြောလိုက်တယ်။ အဲဒီကနေ အကျယ်အကျယ်တွေ ဖြစ်ကုန်တာပေါ့။

Cyber War ဆိုတာ ဘယ်လိုအခြေအနေမျိုးကို ပြောတာလဲဗျ။

အတိအကျအဓိပ္ပာယ်ဖွင့်ဆို ချက်ရယ်လို့တော့ မရှိပါဘူး။ ကျွန်တော် အမေရိကန်က ဘဏ် တစ်ခုမှာ အလုပ်လုပ်တုန်းကဆို ရင် ၂၀၁၂ အရှေ့အလယ်ပိုင်း နိုင်ငံတွေကနေပြီးတော့ အမေရိ ကန်နိုင်ငံထဲက ဘဏ်အကြီးကြီး ငါးခုကို တိုက်ခိုက်တယ်။ လနဲ့ချီ ပြီးကြာတယ်။ ဘဏ်ဝန်ဆောင်မှု သုံးတဲ့အရာတွေကို နေ့စဉ် DDos လုပ်တဲ့အခါကျတော့ လူတွေက ဘဏ်ဝန်ဆောင်မှု သုံးလို့မရ တော့ဘူး။ စီးပွားရေးမှာ ဒုက္ခ ရောက်ကုန်တယ်။ အဲဒါကို အ တိုင်းအတာတစ်ခုအရ Cyber War လို့ ခေါ်တာပေါ့။ အဓိကအ နေနဲ့ Cyber War လို့ပြောရင် ဘာ တွေတိုက်ကြလဲဆိုတော့ တိုင်း ပြည်လည်ပတ်ဖို့အတွက် မရှိမ ဖြစ်လိုအပ်တဲ့အရာတွေကိုတိုက် တယ်။ ဥပမာ- ဘဏ်၊ တယ်လီ ကွန်မြူနီကေးရှင်း၊ ISP၊ လျှပ်စစ်၊ ရေ ဒါမျိုးတွေကိုပေါ့။ ကျွန်တော် တို့ နိုင်ငံမှကျတော့ ဒီယန္တရားအ များစုက နည်းပညာကို အပြည့်အ ၀သုံးထားတာမဟုတ်သေးဘူး။ ISP နဲ့၊ ဘဏ်တွေနဲ့၊ တယ်လီကွန်း ကုမ္ပဏီတွေလောက်ပဲ အန္တရာယ် ရှိတာပါ။

အစ်ကိုက ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်ရှိတယ်ပဲ ပြောနေတယ်။ ဘယ်လိုမျိုး အန္တရာယ် ရှိတာလဲဗျ။

ကျွန်တော့်အမြင် ဒါတွေက အန္တရာယ်ရှိတယ်။ အခန့်မသင့်ရင် အကျယ်အကျယ်ပြန်ဖြစ်လာပြီး တော့ ပြဿနာတွေ တက်လာနိုင် တယ်။ ဆိုက်ဘာလုံခြုံရေးလော ကမှာ Underground အဖွဲ့တွေ ဆိုတာရှိတယ်။ ဒါတွေကို လျှော့ တွက်လို့မရဘူး။ တကယ်တမ်း အစွမ်းထက်တဲ့လူတွေပေါ့။ သူ တို့ဝင်လာပြီဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမပြောနဲ့ အမေရိကန် က ဘဏ်တွေတောင် ထိုင်ကျသွား တယ်။ အထိနာတယ်ဆိုတာ မလို အပ်ဘဲ အကုန်အကျတွေများသွားတယ်။ ဘာမှလုပ်လို့မရဘူး။ ဒီအတိုင်း ထိုင်ကြည့်နေရတာမျိုး။

အခုဆိုရင် အင်ဒိုနီးရှားနိုင်ငံ၊မလေးနိုင်ငံတွေ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံကို တိုက်တော့မယ်လို့လည်း ပြောနေကြတယ်ပေါ့နော်။ ဒီလိုမျိုး တခြားနိုင်ငံတွေ ပူးပေါင်းပြီး ဆိုက်ဘာတိုက်ခိုက်မှုဖြစ်လာရင် မြန်မာနိုင်ငံအနေနဲ့ ဒီလိုမျိုး တောင့်ခံနိုင်ပါဦးမလားဗျ။

ကျွန်တော်ပြောချင်တာက ကိုယ့်ဘက်က မှန်အောင်နေပြီး သူများကို သွားမလုပ်မိဖို့ပေါ့နော်။ ကိုယ့်ဘက်က လုံခြုံအောင်ပဲနေ ဖို့ပေါ့နော်။ လူငယ်စကားကတော့ ဘေးက ၀ိုင်းလှော်ကြတာပေါ့ ဗျာ။ ဒါကို သွေးဆူပြီး ထလုပ်ကြ တာပေါ့။ တုံ့ပြန်စရာမလိုဘူးလို့ တော့ ကျွန်တော်မြင်တယ်။ အရင် ကတော့ ကိုယ့်ပညာကိုယ်စမ်းကြ တာ။ အခုခေတ်က အားလုံးအ မြတ်ထုတ်မယ့်လူတွေချည်းပဲ။ သဘောတစ်ခု အခုကိစ္စမှာဆိုရင် အမြတ်ထုတ်မယ့်လူတွေက တန်း စီနေတာပဲ။ နိုင်ငံရေးအမြတ် ထုတ်တဲ့လူရှိမယ်။ စီးပွားရေးအ မြတ်ထုတ်တဲ့လူရှိမယ်။ အားလုံး က တန်းစီနေတာပဲ။ ဥပမာ ကျွန် တော်ဆိုရင် ဆိုက်ဘာလုံခြုံရေး ၀န်ဆောင်မှုလုပ်တဲ့လူဆိုတော့ဒီလိုဖြစ်တာ ကျွန်တော့်အတွက်ကောင်းတယ်။ လူတွေအကုန်လုံး ဟေးဆိုပြီး စိတ်ဝင်စားလာကြ တာပေါ့။ ကိုယ်က ခုတုံးလုပ်ပြီး အသုံးချမခံရဖို့ အရေးကြီးပါ တယ်။

မြန်မာဟက်ကာတွေရဲ့ ထုတ်ပြန်ချက်အရ ပြည်တွင်းဝက်ဘ်ဆိုက် ၂၀ ကျော်လောက် တိုက်ခိုက်ခံရ ပြီးတော့ တူရကီဘက်က ၀က်ဘ် ဆိုက် ၇၀၀ ကျော်လောက် ပြန် လည်တိုက်ခိုက်နိုင်တယ်လို့ သိရ ပါတယ်။ ကိန်းဂဏန်းတွေကို အ ခြေခံလိုက်ရင် မြန်မာဟက်ကာတွေရဲ့ အရည်အချင်းက
အရမ်း တော်နေတာလား၊ ဒါမှမဟုတ် တူရကီဝက်ဘ်ဆိုက်တွေရဲ့ လုံခြုံ ရေးတွေက ညံ့နေတာလားဗျ။

ကျွန်တော်တို့ Skill ကောင်း လို့ ဟက်နိုင်လို့ ပြောရင်လည်း မ ကောင်းပြန်ဘူး။ ဒါပေမဲ့ ၀က်ဘ် ဆိုက်တိုင်းမှာက အားနည်းချက် ရှိတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့ တိုက် မယ်ဆိုရင် အဲဒီဝက်ဘ်ဆိုက်ရဲ့ လုံခြုံရေးအားနည်းချက်ကို တွေ့ မှာပဲ။ အဲဒါကို အခွင့်ကောင်းယူ ပြီး ၀က်ဘ်ဆိုက်တွေကို ဖျက်ဆီး နိုင်တယ်။ Skill အပြင် ကံကလည်း လိုသေးတယ်။ နောက်တစ်ခုက ဘယ်လောက်ထိ အားအင်စိုက်ပြီး အလုပ်လုပ်လဲပေါ့။ ကျွန်တော်က တော့ တိုက်ခိုက်တာကို အားမ ပေးချင်ဘူး။ ကျွန်တော်တို့နိုင်ငံက တူရကီက ၀က်ဘ်ဆိုက်တွေကို သွားတိုက်တယ်ဆိုရင် ဘယ်သူ တွေအရင်ထိသွားလဲ။ ကျွန်တော် တို့လို နည်းပညာသမားတွေ နေ့ မအိပ်ညမအိပ် အလုပ်များလာ တာပဲ အဖတ်တင်တယ်။

မြန်မာဟက်ကာတွေက ပြောတယ်။ သူတို့က ကြိုးစားပမ်းစား ပြန်ပြီး တိုက်ခိုက်တယ်။ ဒါပေမဲ့ ပြည်တွင်းဝက်ဘ်ဆိုက်တွေပြန် ကြည့်တော့ လုံခြုံရေးက ဟောင်းလောင်းကြီးဖြစ်နေတယ်။ ဥပမာ- ဆိုက်ဘာတိုက်ခိုက်မှုဖြစ်တိုင်း ဗဟိုဘဏ်ဝက်ဘ်ဆိုက်အရင်ပါ တာချည်းပဲ။ ဒီတော့ ပြည်တွင်း က ၀က်ဘ်ဆိုက်တွေရဲ့ လုံခြုံရေး အပေါ် ဘယ်လိုမြင်လဲဗျ။

ပြည်တွင်း၊ ပြည်ပရယ်မ ဟုတ်ပါဘူး။ လုံခြုံရေးဆိုတာက အားလုံးမှာ လစ်ဟင်းမှုရှိတာ ချည်းပါပဲ။ ပုံမှန်စစ်ဆေးမှုမရှိဘူး၊ စောင့်ကြည့်မှုမရှိဘူးဆိုရင် လုံခြုံ ရေးက လစ်ဟင်းတာပဲ။ ကျွန် တော်တို့ လုပ်နေတဲ့ ပရောဂျက် တွေမှာလည်း လစ်ဟင်းမှုတွေရှိ နေတာပဲ။ အဖွဲ့တိုင်းမှာရှိတာပဲ။ ဘယ်လိုဖာထေးလဲဆိုတော့ ကျွန် တော်တို့အသိုင်းအ၀ိုင်းထဲမှာ အစ်ကိုတို့ ပရောဂျက်မှာ ဒီလိုလစ် ဟင်းမှုရှိနေတယ်လို့ ပြောလာ ကြတယ်။ အဲဒီအခါ ပြင်လိုက်တာ ပေါ့။ အချင်းချင်းပြန်လည် ထိန်း ကျောင်းတာမျိုးပေါ့။ အခုကတော့ မသိလို့ သိရဲ့သားနဲ့မပြင်ကြတာလည်းဖြစ်နိုင်တာပဲ။ဝက်ဘ်ဆိုက်တိုက်ခိုက်ခံရပြီဆိုရင် Email တွေလည်း ပေါက်ကြားနိုင်တာပဲ။ သာမန်ဝက်ဘ်ဆိုက်တွေအတွက် အရေးကြီးပေမယ့် နိုင်ငံတော်အဆင့် ၀က်ဘ်ဆိုက်တွေကြတော့ Email တွေက အရေးကြီးလာပြီ။ ကျွန်တော်တို့ဆီမှာ Gmail ကို သုံးကြတာများတယ်။ @gmail.com ကို သုံးတာမဟုတ် ရင်တောင် Gmail ပါပဲ။ Adress က နာမည်တစ်မျိုးဖြစ်နေပေမယ့် Gmail ပါပဲ။ Cloud နည်းပညာ ပေါ့။ အဖွဲ့အစည်းအများစုက ဒီလိုပဲ သုံးနေကြပါတယ်။ အဲဒါတွေက အတိုင်းအတာတစ်ခုအထိ လုံခြုံတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ် တိုင် Email ဆာဗာတွေထားမယ် ဆိုရင်တော့ အခုလိုဖြစ်တဲ့အခါ Mail တွေ အကုန်လုံးပေါက်သွား နိုင်တာပေါ့နော်။ အခုဖြစ်တဲ့အထဲ မှာတော့ အရေးကြီးတဲ့ Email တွေ ပေါက်မသွားပါဘူး။ ရိုးရိုး ၀က်ဘ်ဆိုက်တွေလောက်ပါပဲ။ အရေးကြီးတာက လူတစ်ယောက် က ဒီဆိုက်ဘာကို တိုက်ခိုက်ပြီး သွားပြီဆိုရင် သူက ဒီဆိုက်ဘာအ ကြောင်းကို နားလည်သွားပြီ။ အား နည်းချက်ကို သိတော့ နောက်တစ်ခါ ပြန်ဝင်လာဖို့အတွက် အ ချက်အလက်ပိုရသွားတာပေါ့။

မြန်မာနိုင်ငံမှာရှိတဲ့ ၀က်ဘ်ဆိုက် အားလုံးရဲ့ ငါးပုံသုံးပုံလောက်နဲ့ ဘဏ်တွေရဲ့ ၀က်ဘ်ဆိုက်တွေကို ၂၄ နာရီအတွင်းလောက်မှာ အပြီး တိုက်လို့ရတဲ့အခြေအနေဖြစ်နေ တယ်လို့ ပြောနေကြတာရှိတယ်။ ဒါက အတော်ကိုဆိုးရွားတဲ့ အခြေအနေတစ်ခုပဲလား။

ဖြစ်နိုင်ပါတယ်။ နိုင်ငံရဲ့ အင်တာနက်ကွန်ရက်ကို လည် ပတ်ဖို့အတွက် ဆာဗာတွေရှိပါ တယ်။ ဒါက နိုင်ငံတိုင်းမှာရှိတယ်။ အဲဒါက ဘယ်မှာရှိတယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒါကို ဦး တည်ပြီး တိုက်မယ်ဆိုရင်ဖြစ်နိုင် ပါတယ်။ ဒါကို ဦးတည်ပြီးသာ တိုက်မယ်ဆိုရင် ကျွန်တော်တို့ အင်တာနက်အသုံးပြုမှုကလည်း နှောင့်နှေးသွားမှာပဲ။ ဒါကတော့ သူတစ်ပြန်ကိုယ်တစ်ပြန်ပဲလေ။ ဘာမှမဟုတ်ပေမယ့် အကျယ်အ ကျယ်တွေဖြစ်လာမှာပေါ့။

ဆိုက်ဘာတိုက်ခိုက်မှု အကြိမ် ကြိမ်ဖြစ်ပေမယ့် အစိုးရအနေနဲ့ ဒါကိုမသိချင်ယောင်ဆောင်နေ သလိုဖြစ်နေတယ်။ အစ်ကို့အနေနဲ့ကော ဘယ်လိုမြင်မိလဲ။

ကျွန်တော်တို့ဆီမှာ ဥပဒေ တွေရှိတယ်။ ဒါပေမဲ့ နည်းပညာ ဆိုတာ ပြောင်းလဲတာ အရမ်းမြန် တယ်။ ပြောင်းလဲတဲ့ နည်းပညာ ကို ဥပဒေနဲ့လိုက်ပြီး ကာဖို့က လစ်ဟင်းမှုတွေရှိတာပေါ့။ အခြေ ခံအားဖြင့်တော့ရှိတယ်။ ကျွန် တော်က ကိုယ်နဲ့မဆိုင်တဲ့ ကွန် ရက်တစ်ခုကို ဖောက်ဝင်လို့မရ ဘူး။ ၀င်ရင်ကျွန်တော့်ကို ရဲက အမှုဖွင့်လို့ရတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကို တကယ်တော့ အားမပေးသင့်ဘူး။ အန္တရာယ်များတယ်။ လောလောဆယ် အပျက်အစီးမရှိသေးဘူး။ တကယ် Cyber War ဖြစ်လာရင် အားလုံးထိခိုက်ကြမှာ။ ကျွန်တော်တို့ဆီမှာ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းက နည်းပါတယ်။ လူငယ်တွေက လေ့လာပြီးရင် အသုံးချဖို့နေရာက ဘယ်မှာရှိလဲ။ ဒီလိုလက်တည့်စမ်းဖို့ပဲရှိတယ်။ ရည်ရွယ်ချက် ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အားလုံးအတွက် အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ဆိုက်ဘာလုံခြုံရေးလို့ပြောရင် လူတွေက ဟက်ကာတွေကိုပဲ ပြေးမြင်တာများပါတယ်။ ဒါပေမဲ့ ဒါကပညာရပ်တစ်ခုလောက်ပါ။ တကယ်လို့ Cyber War တွေဖြစ်လာရင် ကျွန်တော်တို့ဆီမှာ ကာကွယ်နိုင်ဖို့ လူအင်အားလိုတယ်။ကျွန်တော်တို့နိုင်ငံမှာ Myanmar Computer Emergency Response Team ဆိုတာရှိတယ်။ နောက် အမျိုးသား ဆိုက်ဘာလုံ ခြုံရေးဌာနဆိုတာလည်းရှိတယ်။ မြန်မာနိုင်ငံမှာ ဆိုက်ဘာတိုက် ခိုက်မှုတွေဖြစ်လာတိုင်း ဒီလိုမျိုး သက်ဆိုင်တဲ့ နေရာဌာနတွေက သတင်းထုတ်ပြန်တာတွေ၊ ကူညီ ဆောင်ရွက်ပေးတာတွေ၊ ဆိုက် ဘာကာကွယ်ရေးပြုလုပ်ခဲ့တာ တွေကို အတိအလင်းပြောဆိုတာ မရှိဘူး။ ပြင်ပက ဟက်ကာအဖွဲ့ တွေကပဲ ဒါနဲ့ပတ်သက်ပြီး တက် တက်ကြွကြွ ပြောဆိုလုပ်ကိုင်နေ တာတွေ့ရတယ်။
တာဝန်ရှိသူတွေ ပေါ့လျော့ တယ်လို့ ပြောလို့မရဘူး။ သူတို့ မှာလည်း အတိုင်းအတာတစ်ခုအ ထိရှိမှာပါ။ သူတို့တွေကို အပြစ် တင်လို့မရဘူး။ ကျွန်တော်တို့မှာ လူအင်အားသိပ်မရှိဘူး။ နိုင်ငံခြား လိုမျိုး ကျွန်တော်တို့တွေ ဆိုက် ဘာလုံခြုံရေးစင်တာကို လူအင် အားရာဂဏန်းနဲ့ချီပြီး လုပ်မယ်ဆို ရင် လူရှိလားဆိုတာပေါ့။ ကျွန် တော်တို့မှာ လုပ်နိုင်တဲ့လူက ရှား သေးတာကိုး။ ဒီတစ်ယောက်က ဆိုက်ဘာလုံခြုံရေးကျွမ်းကျင် တယ်ဆိုရင် ဘယ်လောက်ထိ ကျွမ်းကျင်တာမျိုးလဲ၊ ဘယ်လို ဆန်းစစ်မလဲ။ ဒါလည်း လိုတာပေါ့။ အဓိက အရေးကြီးတာ အဖွဲ့အစည်းတစ်ခုအနေနဲ့၊ ကောင်စီတစ်ခုအနေနဲ့ လိုအပ်တဲ့လူတွေကို ဘယ်လိုမွေးထုတ်မလဲ၊ ရှိပြီးသား လူကို ဘယ်လိုမွမ်းမံမလဲပေါ့ နော်။

အခု ဆိုက်ဘာတိုက်ခိုက်မှုက နည်းပညာအရ ဘယ်လိုမျိုနည်း ပညာတွေသုံးပြီး တိုက်ခိုက်နေ တာမျိုးလဲ။

ကျွန်တော် မြန်မာဘက်က တိုက်တဲ့နည်းပညာကိုတော့ မသိ ဘူးဗျ။ ကျွန်တော့်မိတ်ဆွေ ၀က်ဘ် ဆိုက်တစ်ခုထိတဲ့အခါကျတော့ ကျွန်တော် ကြည့်ကြည့်တယ်။ တူရကီဘက်ကသုံးတဲ့ Tool က Scanner တွေ သုံးတယ်။ Scanner ဆိုတာက အပြင်စကားနဲ့ပြောရင် ၀က်ဘ်ဆိုက်မှာ တံခါးပေါက်ရှိလား လိုက်ခေါက်ကြည့်တာပေါ့။ ကံကောင်းလို့တွေ့တဲ့အခါ သူတို့လုပ်ချင်လုပ်ပြီး ပြန်ထွက်သွားတာမျိုးပေါ့။ ဘာလို့ တံခါးပေါက်ရှိတာလဲဆိုတော့ ဆာဗာထိန်းသိမ်းသူ ပေါ့လျော့မှုကြောင့်ပေါ့။ ကျွန်တော်တွေ့ဖူးတဲ့ အတွေ့အကြုံတစ်ခုမှာဆိုရင် နှစ်ရက်လောက် တံခါးပေါက် လာခေါက်နေတာမျိုး၊ အခါတစ်သိန်း လောက်ခေါက်ရင်း ကံကောင်း တော့ တစ်ပေါက်တော့ တွေ့သွား တာပေါ့နော်။

ဘာများဖြည့်စွက်ပြီး ပြောချင်ပါလဲခင်ဗျ။

ဒါတွေက ဘယ်သူ့အတွက် မှ ကောင်းတာမဟုတ်ဘူးဗျ။ မလို အပ်ဘဲ ပြဿနာမဖြစ်အောင်ပေါ့။ War ဆိုတာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ စဉ်းစား ကြည့်ပေါ့။ War ဖြစ်ရင် ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်သုံးလို့မရတော့ဘူး။ ယူကျုဘ်တွေလည်း သုံးလို့မရ တော့ဘူး။

ကျေးဇူးတင်ပါတယ်။

 

Credit: 7Day Daily