ဘဝကို စိတ်ကြိုက်အနေနိုင်ဆုံး သူ တစ်ယောက်ကိုပြပါဆိုရင် နာမည်ကျော် မျက်လှည့်ဆရာကြီး ဒေးဗစ်ကော်ပါဖီးဟာ ဆန်ခါတင်  စာရင်းထဲမှာ ပါဝင်ပါလိမ့်မယ်။
နယူးဂျာဆီပြည်နယ်၊ မက်တူချန်းမြို့က ငယ်ဘဝကစပြီး သူဟာ မျက်လှည့် လောက မှာ သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံ ထားသူ ဖြစ် ပါတယ်။

နှစ်ပေါင်း ၄၀ ကြာ မျက်လှည့်ပြကွက်တွေအတွင်း သူက တရုတ်မဟာတံတိုင်း ကြီးကို ဖောက်ပြီးလည်း ဝင်သွားဖူးတယ်။ လစ်ဘာတီရုပ်တုကြီးကိုလည်း ဖျောက်ပြဖူးတယ်။ လေပေါ်မှာလည်း ပျံဝဲ ပြဖူး တယ်။ အဲသည်လို ကမ္ဘာကျော် မျက်လှည့် ပြကွက်တွေကြောင့် ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ တစ်နှစ်စာဝင်ငွေက ဒေါ်လာ ၆၄ သန်းရရှိပြီး မျက်လှည့်ပညာရှင်တွေထဲမှာ ဝင်ငွေ အမြင့်ဆုံးသူဖြစ်ခဲ့ပါတယ်။ သည်လို အောင်မြင်ခဲ့တာက “လှည့်ကွက်သက် သက်ကြောင့် မဟုတ်ပါဘူး၊ လျှို့ဝှက်ချက်တွေနဲ့ အလုပ်ကြိုးစားမှုကြောင့်ပါ”လို့ သူ က ဖော့ဘ်စ် မဂ္ဂဇင်းနဲ့ ၂၀၁၃ အင်တာဗျူးမှာ ပြောပါတယ်။
သူဟာ ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး မျက်လှည့်ပြတိုက်ကြီးကို ပိုင်ဆိုင်တဲ့အပြင် ဘဟားမားစ်နိုင်ငံမှာ ကျွန်း ၁၁ ကျွန်းကို ဝယ်ယူထားသူလည်း  ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝနဲ့ စီးပွားရေးဆိုင်ရာ ခံယူချက်တွေကို အခုအင်တာဗျူးမှာ တစေ့တစောင်း တွေ့ရမှာပါ။

မေး။ ။ ငယ်ငယ်တုန်းက ရိုးရိုးအလုပ်တွေ လုပ်ပြီး ပိုက်ဆံရှာဖူးသလား။

ဖြေ။ ။ ကျွန်တော့်ဘဝမှာ မျက်လှည့်ကလွဲပြီး တခြားအလုပ်နဲ့ တစ်ခါမှ ပိုက်ဆံ မရှာဖူးဘူး။ ဆယ်ကျော်သက်ဘဝတုန်းက လည်း မျက် လှည့်နဲ့ဆိုင်တဲ့ စွယ်စုံကျမ်း တစ်အုပ် ထုတ်ဝေဖူးတယ်။ အသက် ၁၆ နှစ်မှာတော့ နယူးယောက်တက္ကသိုလ်မှာ မျက်လှည့်သင်တန်းတစ်ခု ပေးနေပြီ။ သည်တော့ ကျွန်တော်က မျက်လှည့်မှာ တော်ပေမဲ့ ကျန်တဲ့အရာတွေမှာ ချာတယ်လို့ ဆိုရမှာပေါ့။

အသက် ၁၀ နှစ်မှာ ကျွန်တော် မန်ဟက်တမ်က ဆိပ်ကမ်းအာဏာပိုင်ရုံးကို ဘတ်စ်ကားစီးပြီး တစ်ယောက်တည်းသွားတယ်။ ပြီးတော့ ဘရော့ဝေးပွဲတွေထဲ ခိုးဝင်ပြီး မျက်လှည့်ဆရာကြီးတွေနဲ့ လျှောက်သွားတယ်။ အဲသည်အချိန်က အင်ဒီဝါး ဟိုးတို့၊စတီဗီဝန်းဒါးတို့နဲ့တောင် ကျွန် တော် ပါတီတက်ဖူးတယ်။

ကလေးလေးတစ်ယောက်အတွက် မေ့မရနိုင်တဲ့အချိန်တွေပေါ့ဗျာ။ မိဘတွေကလည်း ကျွန်တော့်ကို စိတ်ချလက်ချ ရှိ ကြတယ်။ ဒါပေမဲ့ အဲသည်အချိန်က နယူး ယောက်မြို့ကြီးရဲ့ ၄၂ လမ်းက တော်တော်ဆိုးဆိုးပဲ။ အဲဒါကြောင့်လည်း ကျွန်တော် အသက်ရှင်ရေးအတွက် အများကြီးသိလာ ခဲ့တာပဲ။

မေး။ ။ အဲသည်လိုဝါသနာထုံမှုကို ငွေရပေါက်ရလမ်းများတဲ့ အသက်မွေးဝမ်းကျောင်း အဖြစ် ခင်ဗျားဘယ်လို ပြောင်းလဲနိုင်ခဲ့သလဲ။

ဖြေ။ ။ ခက်ပါတယ်။အမေကတောင်ကျွန်တော်မဖြစ်ဘူးလို့ ပြောတယ်။ အသေအကျေကန့်ကွက်ခဲ့တယ်။ အဖေကသာ မဖြစ် နိုင်တာကိုဖြစ်နိုင်အောင်လုပ်ဖို့အားပေးခဲ့ တာပါ။ သူက သူ့အိပ်မက်ကို လက်လွှတ် ခဲ့ရတော့ ကျွန်တော့်အိပ်မက်ကိုတော့ အ ကောင်အထည်ပေါ်စေချင်တယ်။ သူက သရုပ်ဆောင်လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ အဆုံးမှာ အထည်ဆိုင်ရှင်ပဲ ဖြစ်သွားတယ်လေ။

မေး။ ။ အောင်မြင်မှုနည်းနည်းပါးပါး ရ လာချိန်မှာ ဝင်လာတဲ့ငွေတွေကို ခင်ဗျား ဘယ်လိုစီမံခန့်ခွဲခဲ့လဲ။

ဖြေ။ ။ စစချင်းမှာ ကျွန်တော်ရတာထက် ပိုသုံးမိခဲ့တယ်။ အမှားကြီးမှားတာပဲ။ အ သက် ၁၉ နှစ်မှာ ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်သံအထူးကဏ္ဍစလွှင့်တော့ ကယ်လီဖိုးနီးယားကို ပြောင်း၊ (သီချင်းရေးဆရာ) ကာရိုးဘေယာဆာဂါးရဲ့ အိမ်ကြီးကို ငှား၊ ကားအကောင်းစားကြီးတွေနဲ့ နေတာပေါ့ ဗျာ။ သည်လိုလည်းလုပ်ရော ကျွန်တော့် နဖူးကချွေး ခြေမ,ကျအောင် ရှာထားတဲ့ ငွေကလေး ကုန်ပါရောလား။ ပိုက်ဆံတစ် ပြားတစ်ချပ်မှ မရှိသလို ဖြစ်သွားတာ။
ဒါပေမဲ့ သည်အမှားကပဲ အမှား ကောင်း ဖြစ်သွားပါတယ်။ ဘာကြောင့်ဆို လူမွဲဖြစ်မှာကြောက်တဲ့စိတ်က ကျွန်တော့် စိတ်ထဲမှာ စွဲသွားတယ်။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်လို့ရတယ်။ ဒါပေမဲ့ ချင့်ချင့်ချိန်ချိန်လုပ်ရမယ်ဆိုတာ အဲသည် ကတည်းက ကျွန်တော်သိသွားတယ်။

မေး။ ။ ဘဏ္ဍာရေးမန်နေဂျာတစ်ယောက်က အခြေအနေဆိုးတွေကို ထိန်းပေးနိုင်ခဲ့သလား။

ဖြေ။ ။ ကျွန်တော်ကတော့ ကိုယ်တိုင်ပဲတွက်ချက်တယ်။ ဘဏ္ဍာရေးမန်နေဂျာခန့် ထားတဲ့သူတွေလည်း ဘာမှမထူးပါဘူး။ ကျွန်တော်လုပ်ခဲ့မိတဲ့အမှားက နာမည်ကြီး တဲ့ ၊ အောင်မြင်တဲ့သူအများစု အကြိမ်ကြိမ် ကျူးလွန်ကြတဲ့အမှားနဲ့ အတူတူပဲ။ ရရစားစားနေတာလေ။

စီးပွားရေးလုပ်တဲ့သူတွေကို အသေအချာဂရုစိုက်ကြဖို့ ကျွန်တော်လမ်းညွှန်လေ့ ရှိတယ်။ ငေ∑ဆိုတာက ရှာရခက်တယ်။ မြဲအောင်ထိန်းထားဖို့က ပိုခက်တယ်လေ။ မီတာခဆောင်ဖို့ ပိုက်ဆံမရှိတော့မှာ ကျွန် တော် မပူပင်ချင်တော့ဘူး။

မေး။ ။ သည်တော့ ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံ မှုပုံစံက ရှေးရိုးစွဲ တော်တော်ဆန်တယ်ပေါ့။

ဖြေ။ ။ အရမ်းရှေးရိုးဆန်တယ်။ ကျွန် တော်ကိုယ်တိုင်နဲ့ ကျွန်တော် ထိန်းချုပ်လို့ ရတဲ့ အရာတွေမှာပဲ ကျွန်တော်ရင်းနှီးမြှုပ်နှံ ချင်တယ်။ သည်နည်းလမ်းက လူတိုင်းအတွက် အဆင်ပြေချင်မှပြေမယ်။ ကျွန်တော်အတွက်တော့ ပြေတယ်။ အဲဒါကြောင့်ပဲ အိမ်ခြံမြေလုပ်ငန်းက ပိုက်ဆံမြှုပ်နှံထားဖို့ ကောင်းတဲ့နေရာလို့ ကျွန်တော်ယူဆတာပေါ့။

မေး။ ။ အိမ်ခြံမြေလုပ်ငန်းကို ကြိုက်လို့ ဘဟားမားစ်မှာ ကျွန်းတွေ ဝယ်ဖြစ်တာပေါ့၊ ဟုတ်လား။

ဖြေ။ ။ ဒါကတော့ ကျွန်တော်နဲ့ လူတော် တော်များများမှာ ရှိကြမယ့် အိပ်မက်ပါပဲ။ ဒါပေမဲ့ သည်လိုဝယ်ထားတာက စိန်ခေါ်မှုတော့များတယ်ဗျ။ ဟာရီကိန်းတစ်လုံး လောက် ဝင်တိုက်လိုက်ရင် ကိုယ်ကြိုးစားပမ်းစား ရှာထားသမျှ အကုန်ကုန်မှာ။

မေး။ ။ ပရဟိတကို ငွေကြေးအရနဲ့ အချိန် အရ ဘယ်လိုလုပ်သလဲ။

ဖြေ။ ။ အစီအစဉ်တစ်ခုကတော့ Project Magic လို့ ခေါ်တယ်။ ဆေးရုံတွေမှာ ကု ထုံးတစ်ရပ်အနေနဲ့ မျက်လှည့်သင်ပေး တာ။ သည်အစီအစဉ်ကြောင့် လူနာတွေမှာ လက်လှည့်ကျွမ်းကျင်မှု ရသွားတယ်။ကျွမ်း ကျင်မှုအသစ်တွေ ရ သွားတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်တိုးပွားလာတယ်။

ငွေကြးအနေနဲ့ကတော့ ကျွန်တော် လျှို့ဝှက်ထားချင်ပါတယ်။ ထုတ်မပြောချင်ဘူး။ ထုတ်မပြောရတာကို ကျွန်တော် ပို စိတ်ချမ်းသာပါတယ်။

*

၂၀၁၇ ရဲ့ နာမည်အကျော်ဆုံး ဆယ်လီ ၁၀ဝ စာရင်းမှာ သူက နံပါတ် ၂၄ ချိတ် သူ ဖြစ်ပါတယ်။ ဒါတင်မက သူ့ရဲ့ စုစုပေါင်း ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ သန်း ၈၀ဝ ရှိမယ်လို့ ၂၀၁၃ ခုနှစ်တုန်းက ဖော့ဘ်စ် က ခန့်မှန်းခဲ့တာကြောင့် ကော်ပါ ဖီးဟာ သမိုင်းမှာ စီးပွားရေးအရ အအောင် မြင်ဆုံး မျက်လှည့်ပညာရှင်အဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။

မနောစင်
(ref: Reuters, Forbes)
Credit: Kumudra