ရန်ကင်း ILBC ကျောင်း ရှေ့ ယာဉ်ကြော ပိတ်ဆို့မှု မြင်ကွင်း ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ရန်ကင်း မြို့နယ် ဘောက်ထော် အမှတ်(၁၆)ရပ် ကွက် သာယာရွှေပြည်လမ်းရှိ ILBC နိုင်ငံတကာကျောင်း၏ ကျောင်းတက်၊ ကျောင်းဆင်းချိန် များတွင် ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် အဆိုပါ ကျောင်း ကို ပိတ်သိမ်းပေးရန် ရပ်ကွက်နေ ပြည်သူ များက စက်တင်ဘာ ၄ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြု လုပ်တောင်းဆိုသည်။

အဆိုပါ ကျောင်း ၌ ကျောင်းသား ၊ ကျောင်းသူ ၇၀၀ ခန့် တက်ရောက်နေပြီး အပတ်စဉ် တနင်္လာမှ သောကြာ နေ့အထိ ကျောင်းဖွင့်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်း အကြိုအပို့ ဆောင်ရွက်သော အိမ်စီးကား များ၊ ကျောင်းကားများဖြင့် ရပ်ကွက်အတွင်း ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ် နေကြောင်း၊ အခြားကျောင်းများတွင် တက်ရောက်နေသော ရပ်ကွက်ရှိ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ရပ်ကွက်အတွင်းသို့ ကျောင်းကား ဝင်ရောက်ရန် မလွယ်ကူခြင်းကြောင့် နေ့စဉ် လေးထောင့်ကန် လမ်းမပေါ်ထိ ထွက်ကာ ကျောင်းကား စောင့် ဆိုင်းစီးရခြင်းများ ကြုံတွေ့နေရကြောင်း ရပ်ကွက်သာယာရေးကော်မတီဝင်များက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

 

ယာဉ်ကြော ပိတ်ဆို့ မှုနှင့်ပတ်သက်၍ ရက်ကွက် နေ ပြည်သူ များက သတင်းစာရှင်းလင်း ပွဲ ပြုလုပ်တောင်းဆိုနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

‘‘နေ့တိုင်း ဒီ ကျောင်း ကိုလာ တဲ့ ကား တွေက ပေ ၃၀ လမ်းထဲ မှာ ပြည့်ကျပ်နေတာ။ ရပ်ကွက် ထဲက ကလေး တွေက ကျောင်းကား လမ်းထဲ ဝင်မရလို့ လမ်းမ ပေါ်ထိ ထွက်စီးရတယ်။ မိဘ တွေ က ဒီ ကလေး တွကို ကျောင်းကား ဆီရောက်ဖို့ သက်သက်လိုက်ပို့ရတယ်။ သက်ကြီးရွယ်အိုတွေ ကျန်းမာရေး တစ်ခုခုဖြစ်ရင် အ ရေးပေါ်ကားတောင် ဝင်ဖို့မလွယ် ဘူး။ ဒီထဲတင် တစ်နာရီလောက် ပိတ်နေတာ။ နေ့စဉ် ဒုက္ခကြုံနေ ရတယ်’’ဟု ရပ်ကွက်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလွင်မြင့်က ပြောသည်။

ရန်ကင်းမြို့နယ် အမှတ် (၁၆)ရပ်ကွက်အတွင်း ဖွင့်လှစ် ထားသော ILBC ကျောင်းကြောင့် ရပ်ကွက်နေ ပြည်သူ များ ယာဉ်ကြော ကျပ်တည်းမှုဒဏ် ခံစားနေ ရကြောင်း၊ ရပ်ကွက်ရှိ အိမ်ထောင်စု ၇၀၀ ကျော်အနက် ၄၀၀ ကျော်က လက်မှတ်ရေး ထိုးကာ နိုင်ငံတော် သမ္မတရုံး သို့ ၂၀၁၅ နှစ်ကုန်ပိုင်းက စာတင်တောင်းဆိုခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ စက်တင်ဘာ တွင် အဆိုပါကိစ္စကို စိစစ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ အား ညွှန် ကြားခဲ့ကြောင်းဆိုသည်။

အဆိုပါ ကျောင်း ကို ပိတ် သိမ်းပေးရန် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံ ၂၀၁၆ ဇွန်လ တွင် ထပ်မံစာပေးပို့တောင်းဆိုခဲ့ ရာ တိုင်း အစိုးရ အဖွဲ့က ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီကို အဆိုပါကိစ္စ စိစစ် တင်ပြစေပြီး စဉ်ဆက်မပြတ် စစ် ဆေးဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည် ပင်သာယာရေးကော်မတီ၏ ဥပ ဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ရန် ညွှန် ကြားခဲ့သည်။

မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ၂၀၁၇ ဇူလိုင်က တင်ပြသည့် အစီရင်ခံစာ တွင် လည်း ILBC ကျောင်း ကြောင့် ယာဉ်ကြော ကျပ်တည်းမှု အမှန် တကယ်ဖြစ်ပေါ်ပြီး ဖယ်ရီစီးနင်းနိုင်သည့် အရွယ်ရောက်ပြီး အတန်းကြီးကျောင်းသားများကိုသာ ရန်ကင်း ILBC တွင် လက်ခံသင် ကြားရန်၊ ကျောင်းသား အရေအ တွက် လျှော့ချခေါ်ယူရန်၊ ဖယ်ရီ ဖြင့်သာ ကျောင်း ကြိုပို့ဆောင်ရွက်ရန် အချက်သုံးချက်ကို အကြံ ပြုခဲ့သည်။

‘‘ထွေအုပ်ကပြောတော့ သူတို့က ကား ပါကင် လုပ်လိုက် တယ်။ ကား က ၁၀၀ လောက်ပဲ ထည့်လို့ရတယ်။ သူတို့ဆီ နေ့စဉ် လာနေတာ အစီး ၅၀၀ လောက်ရှိတယ်’’ဟု ရပ်ကွက်နေပြည်သူ ဦးကိုကိုအောင်ကပြောသည်။

ရန်ကင်း ILBC ကျောင်း ကို ပိတ်သိမ်းပေးရန် ရပ်ကွက် နေ ပြည်သူ များက ၂၀၁၇ ဇူလိုင် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဒုတိယအကြိမ် တင်ပြထားပြီး တစ်လအတွင်း မဖြေရှင်းပေးပါက ဆန္ဒဖော်ထုတ် တောင်းဆိုမည်ဟု ဦးကိုကိုအောင် က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ပြီး ILBC ကျောင်း မှ ကျောင်းသား ရေးရာနှင့် ဝန်ထမ်းရေးရာ ဌာနမှူး ဒေါက်တာသိန်းလွင်အား မေးမြန်း ရာ ယာဉ်ကြော ကျပ်တည်းချိန် သည် ၁၅ မိနစ်ခန့်သာဖြစ်ပြီး လေးထောင့်ကန် လမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့နေ၍ သာယာ ရွှေပြည်လမ်းကြားမှ ကားများ ထွက်ရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်း၊ ကျောင်း တွင်း ကျောင်း ပြင် ကားပါကင်များ ပံ့ပိုးပေးထား ကြောင်းနှင့် ILBC မှ ဝန်ထမ်းအင် အား ၃၀ ကျော်က ယာဉ်ကြော ရှင်း လင်းပေးနေကြောင်း ပြောသည်။

အဆိုပါ ကျောင်း ကို ဖွင့်လှစ် စဉ်က Teacher Training Centreအမည်ဖြင့် ဖွင့်လှစ်ခဲ့သော်လည်း အမှန်တကယ် ဖွင့်လှစ်သည့် ၂၀၁၅-၁၆ ပညာသင်နှစ်က စကာ ဆရာ လေ့ကျင့်ရေး သက်သက် မဟုတ်ဘဲ မူကြိုမှ အတန်းကြီး များအထိ လက်ခံသင်ကြားပေးနေသည်ဟု ရပ်ကွက် နေ ပြည်သူ များကဆိုသည်။

‘‘တီတီစီ ကျောင်းတွေမှာ လည်း ဆရာ လေ့ကျင့်ရေး နဲ့ ကျောင်း နဲ့ တွဲဖွင့်ထားသလို Teacher Training Centre ဆိုတဲ့ သဘောအရ ကျောင်းပါ တွဲဖွင့် တာ’’ဟု ဒေါက်တာသိန်းလွင်က ပြောသည်။

အဆိုပါ ကျောင်း ဖွင့်လှစ်မှု ကို ရပ်ကွက် က ကန့်ကွက်မှု ကြောင့် ၂၀၁၇-၁၈ ပညာသင်နှစ် တွင် ကျောင်း ဖွင့်ခွင့်လုပ်ငန်းလိုင် စဉ်ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ချထား ပေးခြင်းမရှိသေးဘဲ ခွင့်ပြုချက် တောင်းထားဆဲဖြစ်သည်။

‘‘၂၀၁၅-၁၆ နဲ့ ၂၀၁၆-၁၇ ပညာသင်နှစ် က လုပ်ငန်း လိုင်စင် ရှိပါတယ်။ ဒီနှစ်လိုင်စင် က မတ် လက တင်ထားတယ်။ ကန့်ကွက် မှုရှိတယ်ဆိုပြီး ပြန်ချထားမပေး သေးဘူး။ စိစစ်ဆဲကာလအနေနဲ့ ဖွင့်ထားတာပါ’’ဟု ဒေါက်တာ သိန်းလွင်က အတည်ပြုပြောကြား သည်။

အဆိုပါ ကျောင်း ၏ ကျောင်း တက်ချိန်သည် နံနက် ၈ နာရီခွဲနှင့် ၉ နာရီခွဲဖြစ်ပြီး ကျောင်းဆင်းချိန် မှာ နေ့လယ် ၂ နာရီခွဲနှင့် ၃ နာရီခွဲ ဖြစ်သည်။ ရန်ကင်းမြို့နယ် အ မှတ်(၁၆)ရပ်ကွက်ရှိ ကျောင်းနှင့် တာမွေမြို့နယ် လေးထောင့်ကန် လမ်းထောင့်ရှိ ကျောင်းနှစ် ကျောင်း ၏ ကျောင်းဆင်းချိန်တွင် ယာဉ်ကြောကျပ်တည်းမှု ပိုမိုဆိုး ရွားသည်ဟု အမှတ်(၁၆) ရပ်ကွက် နေ ပြည်သူ များက ဆိုသည်။

ILBC ပြည်တော်သာ ကျောင်း ကို ၂၀၁၅-၁၆ ပညာသင်နှစ် ဇွန်လက စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၇၀၀ ခန့် တက်ရောက်နေသည်။

‘‘ကျွန်တော်တို့ဘက်က တော့ ဥပဒေနဲ့အညီပဲ၊ ဥပဒေ ကြောင်းအရပဲ လုပ်ရမှာပေါ့။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အ စည်းရဲ့ လမ်းညွှန်ချက်အတိုင်းပဲ သွားရမှာ။ ကန့်ကွက်တဲ့သူက ကန့်ကွက်နေတာ။ ကျွန်တော်တို့ က ဘာလုပ်လို့ရမလဲ’’ဟု ဒေါက် တာ သိန်းလွင်ကပြောသည်။

Credit : 7day daily