ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ မြို့မ ကျောင်းတိုက် က ကိုရင်ကြီး တပါး ပျားအကောင်ရေ ရာချီအတုပ်ခံရလို့ စက်တင်ဘာ ၂၄ ရက်မနက်ပိုင်းက ပျံလွန်တော်မူသွားပါတယ်။

သက်တော် ၆၆ ၀ါတော် ၂၃ ၀ါရှိ ကိုရင်ကြီး ရှင်ဥတ္တမ ဆိုသူမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က နမ့်လတ်ချောင်းမှာ ရေဆင်းချိုးစဉ် အဲဒီအနီးနား ပျားအုံ က ပျား တွေ ၀ိုင်းတုတ်တာ ခံခဲ့ရတယ်လို့ နမ့်စန် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးနေဇော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကိုရင်ကြီး က တော ထဲမှာရှိတဲ့ ရှေးဟောင်း ဘုရားပျက် တွေ လိုက်ပြီး လေ့လာထိန်းသိမ်းတဲ့ ၀ါသနာ ရှိတယ်။ အဲလို သွားရင်းနဲ့ပဲ အဲဒီနေ့က နမ့်လတ်ချောင်းဘေးနား ၀မ်ပန်မြောက်ကွင်းလို့ ခေါ်တဲ့နေရာနားမှာ ဆည်လေးတစ်ခုရှိတယ်ဗျ၊ အဲဒီဆည်လေးနားမှာ ရေဆင်းချိုးတာ။ ဆင်းချိုးတော့ အဲဒီနားမှာ ပျားအုံကြီးတအုံရှိနေတယ်၊ ကျီးကန်းတွေက ပျံရင်းနဲ့ အဲဒီပျားအုံကို သွားတိုက်မိတယ်၊ သွားတိုက်မိတော့ ပျားတွေပျံဝဲလာပြီး ရေချိုး နေတဲ့ ကိုရင်ကြီး ကို ၀ိုင်းတုပ်တာ။ ကိုရင်ကြီးလည်း ပျားတုပ်တဲ့ ဒဏ်ရာနဲ့ အဲဒီနားမှာ လဲနေတော့ မလှမ်းမကမ်းက ယာခင်းထဲမှာရှိတဲ့ ရွာသား တွေ၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးက ခေါ်လာပြီး ဆေးရုံ တင်တယ်၊ ဒါပေမယ့် မနေ့ မနက် ၅ နာရီကျော်မှာ ပျံလွန်သွားပါတယ်။”

ကိုရင်ကြီး ကိုကိုက်တဲ့ ပျားအကောင်ရေ အလွန်များတဲ့အတွက် အဆိပ် တွေ တကိုယ်လုံးပျံ့နှံ့ပြီး ပျံလွန်သွားတာဖြစ်ကြောင်း၊ ကိုရင်ကြီး ကို ဆေးရုံ ပို့စဉ် သူ့သင်္ကန်းထဲမှာ ပျားအကောင် ၁၅၀ ကျော် ၂၀၀ နီးပါးတွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ပျံလွန်သွားတဲ့ ကိုရင်ကြီး ရဲ့ ရုပ်ကလပ် ကို မြို့မကျောင်းတိုက်မှာဘဲ ထားရှိပြီး စက်တင်ဘာ ၂၆ ရက်နေ့ မီးသင်္ဂြိုဟ်မယ်လို့ ဦးနေဇော်နိုင်က ပြောသွားပါတယ်။

Credit : DVB