ဘ၀ မှာ နာနာကျင်ကျင်နဲ့ရက်ပေါင်းများစွာ ထိခိုက်ခံစားနေရတဲ့ခံစားချက် တွေ လူတိုင်း မှာ ရှိကြပါတယ်။
အထူးသဖြင့် ချစ်တဲ့သူတွေ တန်ဖိုး ထားတဲ့သူတွေ ဖြစ်တဲ့ ချစ်သူ ခင်ပွန်း အပါအဝင် မိသားစု တွေနဲ့မောင်နှမ သားချင်းတွေ နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနဲ့ကိုယ်အရမ်းမျှော်လင့်ချက်ထားထားတဲ့ကိစ္စတွေမှာ ပိုပြီး ထိရှခံစားကြရတယ်။

ဥပမာ ပြောရရင်တော့ မိဘ က ကိုယ့်ကို အခြား မောင်နှမ တွေလောက် အရေးမထားပါလား၊ မချစ်ပါလားလို့ တွေးမိတဲ့အခါ။ အမေ့ရဲ့အချစ် နဲ့ဦးစားပေးမှုကို ကိုယ်က လိုချင်လေ၊မရလေ၊ အမေ့အတွက် ကိုယ်က အရေးမပါတဲ့သူဆိုတာကို ထပ်ခါထပ်ခါ သိလာရတဲ့အခါ တကယ့်ကို ကြေကွဲစရာပါပဲ။

နောက်ကိုယ်က ကိုယ့်ညီအစ်ကို မောင်နှမ တွေ အပေါ်မှာလည်း ကောင်းပါလျက်နဲ့ကိုယ့် မေတ္တာ နဲ့စေတနာ ကို စော်ကား ခံရတဲ့အခါမှာလည်း ၀မ်းနည်းကြေကွဲရပြန်ရော။
ပြီးတော့ ကိုယ်က ကြိုးစား ပါလျက်နဲ့ကံတရား က မျက်နှာသာမပေးလို့မအောင်မြင်တဲ့အခါ စိတ်ထဲ လောကကြီးအပေါ် နာကြည်းမိတတ်ပြန်တယ်။

ဒါ့အပြင် ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် နားလည် ပေးလို့ရပါလျက်နဲ့ နားမလည်နိုင်တဲ့အခါမှာလည်း စိတ်ထဲ နာကျင်စွာ ခံစားရပြန်ပါတယ်။
တစ်ခါတစ်ခါ ကိုယ့်အားထားရတဲ့ သူတွေ၊ နားလည် တဲ့သူလို့ ထင်မှတ်ထားတဲ့ဝန်ထမ်းတွေထဲက ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးသွားတဲ့အခါမှာလည်း ဒေါသနဲ့ နာကျင်မှု ကို ခံစားရပါတယ်။အချို့ကလည်း ဒေါသနဲ့နာကြည်းမှုကြောင့်လက်တုန့်ပြန်ကြပါတယ်။ တစ်ချို့ကြတော့လည်း ရန်ငြိုးထားပြီး အကွက်တွေ့တာနဲ့လက်စားချေပါတယ်။
အချို့ကြတော့ လက်တုန့်ပြန်ဖို့သူတို့ကို လက်စားချေဖို့၊ နာကြည်းချက်နဲ့တုန့်ပြန်တာမျိုးကိုတော့ မလုပ်ဖြစ်ပါဘူး။ဒါပေမဲ့အမှတ်ရတိုင်းမှာတော့ နာကျင် နေပါသေးတယ်။ပြောရရင် နာကျင် ကြေကွဲရတဲ့ ခံစားချက်တွေကတော့ လွယ်လွယ်နဲ့တော့ မေ့ပျောက်ဖို့ ခက်တယ်။ တိုက်ဆိုင်တိုင်းလည်း လူကို ၀မ်းနည်း ကြေကွဲ စေပါတယ်။
ဘာလိုပဲ ဖြစ်ဖြစ် ဒီလို ခံစားနာကြည်းနေရတာလူကို ပင်ပန်းဆင်းရဲစေပါတယ်။ ဒါကြောင့်ဒီလို ခံစားချက်မျိုး ရှိလာခဲ့ရင်ဖြေဖျောက်နိုင်တဲ့အသိလေး ရရင် နာကျင်မှုဝန်ထုတ်ဝန်ပိုးကို မသယ်ပိုးမိတော့ပါဘူး။

ကျွန်မအနေနဲ့ ခုအသက် ၄၀ကျော်လာပြီးချိန်မှာတော့ အဲဒီ နာနာကျင်ကျင်နဲ့ ကြေကွဲ ရတဲ့ခံစားချက်တွေ သိပ်မရှိတော့ဘူး။ စိတ်မကောင်းဖြစ်တာဝ၊ ၀မ်းနည်းတာလောက်နဲ့ပဲ ပြီးသွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့လွန်ခဲ့တဲ့နှစ်တွေတုန်းက စာလေး တစ်ပုဒ်ကို လူမှုကွန်ယက်ကနေ ဖတ်လိုက်ရတယ်။ သားသမီး တွေထဲမှာ အချို့သားသမီး တွေက မိဘ အပေါ်ကို ဒုက္ခမပေးဘူး၊ အကုသိုလ် လည်း မပေးဘူး၊ ဘယ်လို ဒုက္ခ မျိုးမှ မပေးဘူး၊ ပြဿာနာဖြစ်ရင်လည်း သူ့ဟာသူပဲ ရှင်းတယ်။ မိဘ  ပူပင်သောက မရစေဘူး။ သားကောင်း၊ သမီးကောင်းတွေပေါ့အဲဒီလို သားသမီး တွေက မိဘ ကို ကြွေး လာဆပ်တာတဲ့။

အချို့သားသမီး တွေကြတော့ မိဘ ကို ဒုက ပေးတယ်၊ စိတ်သောက အမျိုးမျိုးရောက်အောင် လုပ်မိသလို ဖြစ်နေတယ်၊ မိဘက သူ့အတွက် စိတ်မအေးချမ်းရဘူး၊ အမြဲတမ်း ပူပင်သောက ရောက်နေရတယ်တဲ့။ သားဆိုး၊ သမီးဆိုးတွေပေါ့အဲဒီလို သားသမီး ကျတော့မိဘ ဆီကနေ ကြွေး ပြန်လာယူတာတဲ့။
အဲဒီစာလေးကို ဖတ်လိုက်ရတော့ ကျွန်မ မှာ အသိတရား ရသွားတယ်။ မိဘ နဲ့ပတ်သက်လို့ လည်း နားလည်နိုင်သွားတယ်။ နောက် လောကကြီးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် နားလည်မှု ရသွားတယ်။
ကိုယ်ကြိုးစားပေမဲ့ မဖြစ်တဲ့အခါ တရား သဘောနဲ့ကြည့်ဖြစ်သွားတယ် ။ကိုယ်က ကောင်းပါလျက်နဲ့ ကိုယ့်အပေါ် ပြန်မကောင်းတဲ့သူနဲ့ ဆုံတဲ့အခါ သူ့အပေါ် ဒေါသ တွေထွက်ပြီး နာကြည်းတာတွေ မရှိတော့ဘူး။ ကြွေး ဆပ်ပြီးပြီလို့ သဘောထားလိုက်နိုင်တယ်။

အဲဒီလိုပဲ ကိုယ့်အပေါ် ကောင်းတဲ့ သူတွေကို ကိုယ့်အနေနဲ့ အဆိုးမလုပ်မိအောင်လည်း သတိထားဂရုစိုက်မိတယ်။ သူက ကြွေးလာဆပ်တာ၊ ကိုယ်က မနေတတ်ရင် ကိုယ်က နောက်ဘ၀ သူ့ကို ကြွေးဆပ်ရတော့မှာလေ။
ဒါကြောင့် နောင်သံသရာမှာ ကြွေးမပါအောင် နေတတ်မှလို့တွေးမိလာတယ်။
အရင်တုန်းကလို ကိုယ်က ထိထိခိုက်ခိုက်ကြီး နာကျင်ဝမ်းနည်းသွားတာတွေလည်း လျော့နည်းသွားတယ်။ ကိုယ့်ကို ကောင်းကောင်းကြီး နှိပ်စက်သွားတဲ့သူကိုတောင် ကျေပြီ သူ့ကြွေးကို ဆပ်ပြီးပြီလို့ သဘောထားပြီး မေ့ပစ်လိုက်တော့အဲဒီတော့ကိုယ်က အေးချမ်းသွားတယ်။
ကိုယ့်ရဲ့ ဘ၀ မှာ အေးချမ်းမှုနဲ့ သာသာယာယာလေး နေသွားချင်တယ်ဆိုရင်တော့ ကိုယ်က ကြွေးလာဆပ်တဲ့သူလို့သာ သဘောထားလိုက်ပါနော်။ ဒါဆို ဘယ်သူ့အပေါ်ကိုမှ စိတ်မဆိုး၊ဒေါသမထွက်၊ မနာကြည်းမိတော့ဘူး။ အရမ်းအေးချမ်းပါတယ်။
မတူတဲ့ အမြင်နဲ့မတူတဲ့နည်းလမ်းများရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
Credit : Original Uploder