bras

ပုံသေစည်းမျဉ်း မရှိပေမယ့်လို့ သင့်အနေနဲ့ အတွင်းခံဘရာကို နှစ်ခါ၊ သုံးခါ ၀တ်ပြီးတိုင်း လျှော်သင့်တယ်လို့ နယူးယောက် Mount Sinai ဆေးရုံမှ အရေပြားအထူးကုဆရာဝန်၊ အလှကုန်နဲ့ဆေးသုတေသနအဖွဲ့ရဲ့ ဒါရိုက်တာ Josh Zeichner အဆိုအရ သိရပါတယ်။

တကယ်လို့ သင်က ချွေးထွက်နည်းပြီး အ၀တ်လျှော်ပျင်းတဲ့သူဆိုရင် အလွန်ဆုံး ငါးကြိမ်လောက်ထိ ၀တ်လိုက်ပါ။ ပြီးရင် လျှော်ပါ။ ဒါပေမဲ့ သာမန်အမျိုးသမီးတစ်ယောက်က ဒီလိုလုပ်လေ့မရှိပါဘူး။

ဘရာဟာ ခန္ဓာကိုယ်နဲ့ ထိနေတဲ့အတွက် ချွေး၊ အဆီ၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကို ပိုထိတွေ့မိပါတယ်။ ဒါ့ကြောင့် မကြာမကြာ လျှော်ဝတ်သင့်ပါတယ်။

တကယ်တော့ ပျမ်းမျှလူတစ်ယောက်ဟာ ချွေးတစ်လီတာ၊ အဆီ (၄၀)ဂရမ်၊ အရေပြားဆဲလ် (၁၀)ဂရမ်နဲ့ ဆား(၁၀) ဂရမ်ကို နေ့စဉ်ထုတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် အဲဒီထက်ပိုထွက်ပါတယ်။ အဲဒီလိုထွက်လာတဲ့ အညစ်အကြေးအား လုံးဟာ အ၀တ်အစားမှာ ကပ်ငြိသွားပါတယ်။ ဒါကြောင့် နှစ်ခါ၊ သုံးခါဝတ်ပြီးတိုင်း လျှော်ဖို့လိုအပ်ပါတယ်။ လျှော်တဲ့အခါမှာလည်း ဘရာထဲက ကွေးနိုင်ဆန့်နိုင်တဲ့ချည်မျှင်တွေ အပူမထိအောင်၊ ဘရာခွက်အောက်က သားရေကြိုးတွေ မပျက်စီးအောင် ရေအေးနဲ့လျှော်၊ ပြီးရင် အခြောက်ခံတဲ့နည်းကိုသုံးပါ။

အကြောင်းရင်း အနည်းငယ်ပေါ် မူတည်ပြီး ဘရာလျှော်တဲ့အကြိမ် အရေအတွက်ကို တိုးရင် တိုးရပါမယ်။ လူတွေရဲ့ အရေပြားမှာ မှိုနဲ့ဘက်တီးရီးယားတွေ ရှိပါတယ်။ ပုံမှန်ရှိနေကျ အရာတွေပါ။ ဒါပေမဲ့ ပူတာ၊ စိုစွတ်တာနဲ့ ချွေးထွက် လွန်တာလို အခြေအနေတွေကြောင့် သက်ရှိအရာတွေ ဟန်ချက်ညီညီမရှိတော့ဘဲ အဆမတန်များလာစေပါတယ်။ အံ့သြဖို့ကောင်းတဲ့အချက်က ဘရာခွက်အရွယ်အစားဟာလည်း အရေးပါတယ် ဆိုတဲ့ အချက်ပါ။ ရင်သားကြီးလေလေ၊ ချွေး၊ အဆီနဲ့ အညစ်အကြေးတွေ ပိုစုလေလေဖြစ်ပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ချွေးထွက်မများလည်း ၀တ်ထားတဲ့ ဘရာကိုလျှော်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လျှော်စက်ထဲကထုတ်ပြီး နောက်တစ်ကြိမ်ထပ်ဝတ်မယ်ဆိုရင် နောက်ဆက်တွဲက သင်ထင်ထားတာထက် ပိုဆိုးသွားပါပြီ။ သင်ရဲ့ချွေးစိုနေတဲ့ ဘရာထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားများဖို့အချိန်ရသွားပါပြီ။

မသန့်ရှင်းဘူးဆိုတာထက် ဘရာအတွင်းခံကို လျှော်သင့်သလောက် မလျှော်ဘူးဆိုရင် မလိုလားအပ်တဲ့ အရေပြားဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။ ညစ်ပတ်တဲ့ဘရာက အသားအရေနဲ့ ထိနေမယ်ဆိုရင် ယားယံတာ၊ မှိုစွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြား သို့မဟုတ် မွေးညင်းပေါက်လေးတွေမှာ ဘက်တီးရီးယားပိုးဝင်စေနိုင်ပါတယ်။

 

Credit: Good Health Journal