မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရန် အစိုးရ က ဘဏ္ဍာငွေ မရရအောင် ရှာမည်ဖြစ်ပြီး လူထုဆီက အလှူ ငွေမလိုအပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ် ခြံစည်းရိုး ပျက်စီးနေသော နေ ရာများ အမြန်ဆုံး ပြုပြင်ဆောင် ရွက်ရန်နှင့် ကျန်ရှိသော နေရာ များကို အဆင့်မီ လုံခြုံစွာ အမြန် ဆုံးကာရန် လိုအပ်သည့် ဘဏ္ဍာ ငွေကို အစိုးရ က ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း ဌာနများက စက်တင်ဘာ ၇ ရက် တွင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ် အရေးကိစ္စ များနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနား ကို နိုင်ငံတော် သမ္မတ အိမ်တော် တွင် စက်တင်ဘာ ၆ ရက်က ကျင်းပပြီး သတင်း ထုတ်ပြန်ခြင်းဖြစ်သည်။

အသေးစိတ်အခြေအနေကို နိုင်ငံတော် သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေး သို့ ဆက် သွယ်မေးမြန်းရာ ‘‘ဘဏ္ဍာငွေ မလိုဘူး။ ကျွန်တော်တို့ အစိုးရ ရ အောင်ရှာမယ်။ ဘယ်က ရရပေါ့’’ ဟု ပြောသည်။

ယခုတစ်ကြိမ် မောင်တော ဒေသ အကြမ်းဖက် တိုက်ခိုက်ခံရ ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အစိတ်အပိုင်းများကိုကာရန် အစိုးရတွင် ဘဏ္ဍာငွေ မရှိပါက ပြည်သူလူထု က လှူဒါန်း မည်ဟု လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသားပြောဆိုခဲ့ကြသည်။

ဦးဇော်ဌေး က အစိုးရ အနေဖြင့် နိုင်နင်းအောင် လုပ်ဆောင်မည်ဖြစ်ပြီး လူထုထံက အလှူငွေမလိုအပ်ကြောင်း ပြောသည်။ နယ်စပ်ခြံစည်းရိုး ကာရံခြင်းကို စက်တင်ဘာ ၆ ရက်တွင် စတင်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုင် ၁၇၀ ခန့် ရှည်သော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက် ခြံစည်းရိုး ကာရန် ၄၂ မိုင်ခန့် ကျန်နေသေးကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦး ဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ အချို့နေရာများတွင်လည်း ပျက်စီးနေ ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။

ခြံစည်းရိုး ဆက်လက်ကာရံရန် တာဝန်ယူထားသော ပြည်ထဲရေး ၀န်ကြီးဌာန က ဘတ်ဂျက်မရှိတော့၍ ယခုနှစ် ဘဏ္ဍာနှစ်တွင် ဆက်လက်ကာရံ ရန်မဖြစ်နိုင်ကြောင်း The Voice သတင်းဌာနက စက်တင်ဘာ ၃ ရက်၌ ဖော်ပြခဲ့သည်။ သို့သော် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် နယ်စပ် ခြံစည်းရိုး ၏ အားနည်းချက် ကို လူထုက ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပြီးနောက် နယ်စပ်ခြံစည်းရိုး အ လျင်အမြန်ကာရံနိုင်ရေး အစိုးရ က ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်ဒေသ လုံခြုံရေးအတွက် ခြံ စည်းရိုးအလျင်အမြန်ကာနိုင်ရေး သည် အရေးပါလာပြီး ဒေသတွင်း ပြဿနာများကို အထိုက်အ လျောက် လျော့ကျစေမည်ဖြစ် ကြောင်း နယ်ခြား စောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်း လွင်က ပြောသည်။

နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနား၌ နယ်စပ် ခြံစည်းရိုး ကာရံမည့်ကိစ္စအပြင် နယ်စပ်ခြံစည်းရိုးတစ် လျှောက် လုံခြုံမှု အားနည်းသည့် နေရာများတွင် ရဲတပ်ဖွဲ့ လုံခြုံရေး တိုးမြှင့်ရေး၊ အကြမ်းဖက်မှုတွင် ပါဝင်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူပေးရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

Credit : 7day daily